Top News

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် ခရီးစဉ်ပျံသန်းခြင်း ရပ်ဆိုင်းထားသည့် ပြည်တွင်းလေကြောင်းလိုင်း ငါးခုအနက် Air KBZ လေကြောင်းလိုင်းမှအပ ကျန်လေကြောင်းလိုင်းများ ဧပြီလကုန်အထိ ပျံသန်းမှုရပ်နားမည်
24htopnews | November 29, 2024 12:12 AM CST

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်အရ သင်္ကြန်ရုံးပိတ်ရက်ကာ လများအတွင်း ခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားသည့် ပြည်တွင်းလေကြောင်းလိုင်း ငါးခုအနက် Air KBZ လေကြောင်းလိုင်းမှအပ ကျန်လေကြောင်းလိုင်းများ ဧပြီလကုန်အထိ ပျံသန်းမှုရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံဒေသ အသီးသီးသို့ ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air KBZ လေကြောင်းလိုင်း၊ Air Thanlwin လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းတို့သည် အဆိုပါသင်္ကြန်ရုံးပိတ်ရက်ကာလများအတွင်း ခရီးစဉ်ပျံသန်းခြင်းအား ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ဖြစ်ပွားနေသည့် ကာလတွင် ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားသော ကာလအတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ပခရီးစဉ် ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၃ ရက်မှ ၃၀ ရက်အထိ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Air Thanlwin လေကြောင်လိုင်းကလည်း ၎င်းတို့ပုံမှန်ပျံသန်းနေသည့် ခရီးစဉ်များကို ဧပြီ ၁၀ ရက်မှ ဧပြီ ၃၀ ရက်အထိ ပျံသန်းဝန်ဆောင်မှုပေးနေခြင်းအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပြီး မေ ၁ ရက်မှစတင်ကာ ခရီးစဉ်များကို ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် Golden Myanmar လေကြောင်းလိုင်းကလည်း  ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ လက်ရှိပျံသန်းနေသော ခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားခြင်းအစား ဧပြီ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး မေ ၁ ရက်မှစတင်ကာ ပုံမှန်ခရီးစဉ်များကို ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မန်းရတနာပုံလေကြောင်းလိုင်းကလည်း ၂၀၂ဝပြည့်နှစ် ဧပြီ ၁၀ ရက်မှ ၃၀ ရက်အထိ ခရီးစဉ်ပျံသန်းခြင်းများကို ခေတ္တ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခရီးစဉ်ပျံသန်းမှုရပ်နားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ရပ်ဆိုင်းထားသော ခရီးစဉ်များအတွက် ဝယ်ယူထားသော လက်မှတ်များအား တန်ဖိုးငွေအတိုင်း ငွေအပြည့် Full Refund ပြန်အမ်းခြင်း (သို့မဟုတ်) လေယာဉ်လက်မှတ်ကို တစ်နှစ်အတွင်း အခမဲ့တစ်ကြိမ်ရက် အပြောင်းအလဲပြုလုပ်ခြင်းနှင့် အမည်ပြောင်းခြင်းတို့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် Air KBZ လေကြောင်းလိုင်းသည် ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ယာယီရပ်နားထားသော်လည်း ခရီးသွားပြည်သူများ နေရပ်ဒေသအသီးသီးသို့ ပြန်ရန်နှင့် မဖြစ်မနေ ခရီးသွားလာရန်စသည့် အရေးပေါ်လိုအပ်ချက်များအတွက် ဧပြီ ၁၉ ရက်မှ ၃၀ ရက်အတွင်း ပြည်တွင်းခရီးစဉ်အချို့ကို ပျံသန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Air KBZ လေကြောင်းလိုင်းမှ ပျံသန်းသွားမည့် လေကြောင်းခရီးစဉ်များမှ ရန်ကုန်မြို့မှ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေနှင့် တာချီလိတ်မြို့များသို့လည်းကောင်း၊ မန္တလေးမြို့မှ ဟဲဟိုး၊ ခန္တီး၊ တာချီလိတ်နှင့် မြစ်ကြီးနားမြို့များသို့လည်းကောင်း ပျံသန်းသွားမည်ဟု သိရသည်။

 


READ NEXT
Cancel OK