Top News

ဂလိုဘယ်ဂန္ထဝင်ပွန်းဇီ သို့မဟုတ် ငါးစာကြီးကြီးတပ်ထားသော ငါးမျှားချိတ်
24htopnews | November 29, 2024 2:12 AM CST

(၁)

စီးပွားရေးလောကသည် ယခင်ကာလများကထက် လိမ်ညာမှုများ ပိုမိုရှိနေသည်ဟုဆိုခဲ့ပါလျှင် စာဖတ်သူ မည်သို့ထင်မြင်သနည်း။ပြည်တွင်းပြည်ပစီးပွားရေးသတင်းများကို နေ့စဉ်ဖတ်ရှုနေသူတစ်ယောက်ဖြစ်ခဲ့ပါက အဆိုပါပြောဆိုချက်ကို သဘောတူလက်ခံလိမ့်မည်ထင်သည်။ လူတိုင်းသည် မိမိတို့နှင့်နီးစပ်သည့်ဝန်းကျင်တွင် ငွေကြေးလိမ်လည်မှုဖြစ်ရပ်အကြီးအသေးများနှင့်ပတ်သက်၍ သတင်းများ မကြာခဏကြားနေကြရသည်မဟုတ်ပါလော။ 

လိမ်လည်မှုဆိုသည်မှာ ယနေ့အချိန်ကာလရောက်မှ ဖြစ်ထွန်းလာသည်မဟုတ်။ အကျိုးစီးပွားတစ်စုံတရာအတွက် အကြောင်းတစ်စုံတစ်ရာနှင့်ပတ်သက်၍ မှန်ကန်စွာမပြောဆိုခြင်းဖြစ်သည်။ ကျင့်ကြံအပ်သောအရာမဟုတ်ပေ။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ အခြေခံအကျဆုံး၊ အရေးအကြီးဆုံးဖြစ်သည့် ဝါရိတ္တသီလဟုဆိုအပ်သော ငါးပါးသီလ၌  မုသာဝါဒဟုပင် ထည့်သွင်း၍ ရှောင်ကြဉ်စေခြင်းဖြစ်သည်။ 

(၂)

ယနေ့ကာလနည်းပညာခေတ်တွင် အမျိုးမျိုးသောဆန်းသစ်တီထွင်မှုများစွာဖြင့် ခေတ်မီအဆင့်မြင့်လိမ်လည်မှုများပိုမိုများပြားလာနေသည်ဟု ကြားသိရသည်ပင်လျှင်  အထူးအဆန်း မဖြစ်နိုင်တော့။ လူသားတို့ မွေးကတည်းကပါလာသော လောဘဟူသောအရာသည် နည်းပညာတိုးတက်မှု အားကောင်းလာသောယနေ့ခေတ်၌ ယခင်ကထက်ပိုမိုတိုးပွားလာနေသည်။  ရှိသင့်ရှိထိုက်သည်ထက် ပိုမိုသော လောဘရှိလာသောအခါ မရိုးဖြောင့်၊ သဘာဝမကျသော နည်းလမ်း များဖြင့် စီးပွားရှာလာတတ်ကြသည်။ ထိန်းသိမ်းနိုင်စွမ်းမရှိသော လောဘကြောင့် လိမ်လည်မှုများပြုလုပ်ကြ၏။ အရှိန်တက်လာသော လောဘကြောင့်ပင် လိမ်လည်ခြင်းခံရကြသည်။ ထို့ကြောင့် ဆင်ခြင်မှုအားနည်းလျက် ထိန်းမနိုင်သိမ်းမရဖြစ်သော လောဘသည် လိမ်လည်ခြင်းနှင့်လိမ်လည်ခံရခြင်း အကြောင်းတရားဖြစ်လာတော့သည်။ 

(၃)

 နိုင်ငံတကာတွင် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်နေသည့် ယနေ့အချိန်ကာလ၌ ငွေကြေးစုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုများကို အကြောင်းပြု၍ လိမ်လည်မှုများပြုလုပ်လာကြသည်။ အမျိုးမျိုးသော ငွေကြေးလိမ်လည်မှုနည်းလမ်းများတွင် သဘောတရားဆင်တူကြသည့်  ပိရမစ်အစီအစဉ် (Pyramid Scheme)၊ ပွန်းဇီအစီအစဉ် (Ponzi Scheme) တို့သည် အခြားနည်းများထက် လူသိပိုများသည်။  လွန်ခဲ့သော ၁၇ ရာစုလောက်ကတည်းကရှိခဲ့သည့် လိမ်လည်မှုသည် ၁၉ ရာစုတွင် ပို၍တွင်ကျယ်လာခဲ့ပြီး ပို၍ပင်အတင့်ရဲလုပ်ဆောင်လာခဲ့ကြသည်။ ယခု ၂၁ ရာစုတွင်လည်း ကျူးလွန်သူများရှိနေဆဲ။ ခံရသူများလည်းရှိနေဆဲ။    

ပြီးခဲ့သည်အောက်တိုဘာလအတွင်းကလည်း အွန်လိုင်းကုမ္ပဏီတစ်ခု၏အမည်ကိုသုံးလျက် ငွေပမာဏများစွာလိမ်လည်မှုဖြစ်ပွားကြောင်း သတင်းများဖတ်ရသည်။ ထိုကုမ္ပဏီတွင် လူပေါင်းများစွာ ငွေကြေးထည်ဝင်ပြီးနောက် သတ်မှတ်စည်းမျဉ်းများအတွင်းငွေထုတ်ချိန်တွင် မရတော့ခြင်းဖြစ််သည်။ ကုမ္ပဏီသည်  ငွေကြေးမည်သို့မည်ပုံ အလွယ်တကူရရှိမည်ဟု ဆွဲဆောင်စည်းရုံးသိမ်းသွင်း၍ ရှယ်ယာခေါ်ခြင်း၊ အဖွဲ့ဝင်ခေါ်ခြင်းတို့ပြုလုပ်သည်။ ရှယ်ယာဝင်၊ အဖွဲ့ဝင်ဖြစ် လာသော သူတို့ကိုနောက်ထပ် ငွေကြေးပေးသွင်းမည့် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် အဖွဲ့ဝင်သစ်များကို  ဆွဲဆောင်စည်းရုံးရန်လုပ်ဆောင်သည်။ ထို့သို့ ရင်းနှီးမြှုပ်နှံသူလူသစ်များကို အဆင့်ဆင့်ရှာဖွေစေလျက် လူအင်အားများလာစေရန် မဟာဗျူဟာချလုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့ ရည်ရွယ်ထားသောဦးရေသို့မဟုတ် ငွေပမာဏမရရှိသေးပါက  ရှိနေပြီးသားအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူများကို စည်းမျဉ်းတစ်ခုကို အခြေခံ၍ ငွေကြေးပမာဏအနည်း ငယ်ပြန်လည် ပေးဆောင်၍ ထိန်းထားတတ်သည်။  ရည်ရွယ်ထားသော အဖွဲ့ဝင်ဦးရေရောက်ရှိခဲ့ပါ က သို့မဟုတ် လိမ်လည်ရန် အကောင်းဆုံးငွေကြေးပမာဏ အခြေအနေရှိလာ ပါက အဖွဲ့ဝင်များနှင့် အဆက်ဖြတ်လျက် ကိုယ်ယောင်ဖျောက်လိုက်ကြသည်။   

ယခုကြားနေကြရသော ငွေကြေးလိမ်လည်မှုများသည် အချိန်ကာလတို၊ ငွေကြေးပမာဏနည်းနည်း မဟုတ်။ ငွေကြေးအမြောက်အမြားစုစည်းမိသည်အထိ အချိန်ယူလျက် ဆွဲဆောင်မှုနည်းအမျိုးမျိုးသုံးကာ ရေရှည်ဗျူဟာသုံးလိမ်လည်လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့က ပိရမစ်အစီအစဉ်အမည်တပ်ကြသည်။ အချို့ကလည်း ပွန်းဇီလိမ်လည်မှုမျိုးဟုဆိုသည်။ ထိုကဲ့သို့ ငွေကြေးလိမ်လည်မှုများသည် နိုင်ငံတကာတွင် အမည်အမျိုးမျိုးဖြင့်ရှိနေသကဲ့သို့ မြန်မာစီးပွားရေး အဆောက်အအုံထဲး၌လည်းရှိနေသည်။ ယခင်ကတွေ့ကြုံခဲ့ဖူးကြ၏ ။ ယခုလည်း ရှိနေဆဲ။ ကျူးလွန်သူများက ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ။ အလိုက ရမ္မက်ကြီးမားသူတို့သည်လည်း  ယခင်က ခံခဲ့ရ၊ ယခုလည်း ခံနေရဆဲဖြစ်သည်။ 

(၄) 

ပွန်းဇီဟူသော ဝေါဟာရသည်  ပွန်းဇီအစီအစဉ် (Ponzi Scheme)  ဟူသော အခေါ်အဝေါ်တွင်ပါရှိသော  စကားလုံးဖြစ်သည်။ ပွန်းဇီ အစီအစဉ်ကိုမူ ချားလ် ပွန်းဇီ (Charles Ponzi ) အမည်ရှိသော ပုဂ္ဂိုလ်၏အမည်ကိုအစွဲပြု၍  ခေါ်ကြခြင်းဖြစ်သည်။ 

ချားလ် ပွန်းဇီဆိုသည်မှာမည်သူနည်း။   ချားလ်ပွန်းဇီကို  ၁၈၈၂ ခုနှစ်တွင် အီတလီနိုင်ငံတွင်မွေးဖွားခဲ့သည်။ တက္ကသိုလ်ကျောင်းပညာရေးတွင်  အောင်မြင်စွာတက်ရောက်နိုင်ခြင်းမရှိသည့်နောက် ဥစ္စာဓနချမ်းသာကြွယ်ဝလိုသော စိတ်ပြင်းပြလျက် ၁၉၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဘော့စတွန်သို့ စတင်၍ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံတွင်လည်းကောင်း၊ ကနေဒါနိုင်ငံသို့ပြောင်းရွှေ့၍လည်းကောင်း မရိုးဖြောင့်သောနည်းလမ်းမျိုးစုံဖြင့်လုပ်ငန်းများလုပ်ကိုင်ခဲ့သူဖြစ်သည်။  ဖမ်းဆီးစစ်ဆေးမှု၊ အရေးယူထောင်ချမှု အကြိမ်ကြိမ်ခံခဲ့ရဖူးသည်။  ၁၉၁၉ ခုနှစ်တွင်အမေရိကန်နိုင်ငံ၊ ဘော့စတွန်တွင် အလုပ်လုပ် ကိုင်နေရင်း နိုင်ငံတကာစာပို့တိုက်လုပ်ငန်း၏ ပြန်စာကူပွန် (international Reply Coupon- IRC) များအပေါ်တွင် ငွေကြေးရှာဖွေနိုင်မည့်  နည်းလမ်းများကို စဉ်းစားလုပ်ကိုင်ခဲ့သည်။  

၁၉၂၀ ခုနှစ်တွင်လိုအပ်သော အရင်းအနှီးငွေကြေးအတွက် ငွေကြေးကုမ္ပဏီထူထောင်ကာ အားထုတ်ခဲ့သည်။ ဘဏ်နှစ်စဉ်တိုးနှုန်း ငါး-ရာခိုင်နှုန်းသာရှိနေသည့်အချိန်တွင် ၄၅ ရက်အတွင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၀ ရာခိုင်နှုန်းရရှိမည်ဟု ဆွဲဆောင်မှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏လုပ်ငန်းသည် လအနည်းငယ်အတွင်းမှာပင်   ကြီးထွားလာခဲ့ပြီး ၁၉၂ဝခုနှစ် ၊ဇူလိုင်လတွင်  ငွေကြေး သန်း ပေါင်းများ စွာရရှိလာခဲ့သည်။    မိန်းပြည် နယ်(Maine ) မှ နယူးဂျာ ဆီပြည် နယ် (New Jersey ) အထိလုပ်ငန်းခွဲများဖွင့်လှစ်နိုင်ခဲ့သည်။ဘော့စတွန်ရဲ တပ်ဖွဲ့၏ ၇၅ရာခိုင်နှုန်းနီးပါးပင်လျှင်   ပွန်းဇီ၏အစီအစဉ်တွင် ပါဝင်ခဲ့သည်။     ထိုသို့ငွေစာတိုက်ပြန်စာကူပွန်များအတွက် ငွေကြေးအရင်းအနှီးရှာဖွေရင်း ၎င်းထံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အကျိုးအမြတ်ခွဲဝေပေးရာ၌အမှန်တကယ် ရရှိလာသည့် အမြတ်ငွေများမဟုတ်ဘဲ နောက်ထပ်လာရောက်မြှုပ်နှံသူလူသစ်များ၏ ငွေကြေးများကို အသုံးပြုနေခြင်းဖြစ်သည်။ ထိုအခြေအနေများအောက်တွင်    တစ်ရှိန်ထိုး တိုးတက်လာနေသော ၎င်း၏ လုပ်ငန်းနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူအချို့က သံသယဖြစ်လာခဲ့သည်။  အချို့သော ရင်းနှီးမြုပ်နှံသူများက အပ်နှံငွေများပြန်လည်ထုတ်ယူကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှုလည်းမရှိတော့ပေ။ ငွေကြေးထပ်မံစီးဝင်မှု မရှိသောအခါ ယခင်ငွေကြေးအပ်နှံသူများကို အမြတ်ငွေထုတ်ပေးနိုင်ခြင်းမရှိတော့ဘဲ ကုမ္ပဏီပြိုလဲသွားခဲ့ရသည်။ ပွန်းဇီအစီအစဉ်ကြောင့် ဆုံးရှုံးမှုငွေမှာ ထိုအချိန်အခါတန်ဖိုးအရ ဒေါ်လာသန်း၂၀ ခန့်ရှိသည်ဟုဆိုသည်။       ချားလ်ပွန်းဇီသည် ငွေကြေးလိမ်လည်မှုအပါဝင် အမှုအမျိုးမျိုးအတွက် ဖမ်းဆီးစစ်ဆေးမှုများ၊တရားစွဲဆိုမှုများခံခဲ့ရပြီးနောက် ထောင်ဒဏ် များချမှတ်ခြင်းခံခဲ့ရသည်။ ၁၉၃၄ခုနှစ်တွင် ထောင်ဒဏ်မှလွတ်မြောက်ပြီးနောက် တွင်လည်း ချက်ခြင်းပင်    အီတလီသို့ ပြည်နှင် ဒဏ် ပေး ခြင်းခံခဲ့ရသည်။      ၁၉၄၉ ခုနှစ်တွင် ချာလီပွန်းဇီသည်   ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အား နည်း ချည့်နဲ့ လျက်      ချိုတဲ့ဆင်းရဲစွာ  ကွယ်လွန်သွားခဲ့သည်။     

( ၅)

    ပွန်းဇီအစီအစဉ်ဆိုသည်မှာ မည်သို့နည်း။

ပွန်းဇီ အစီအစဉ်သည် ငွေကြေးရင်းနှှီးမြှုပ်နှံမှုပုံသဏ္ဍန်ရှိသော်လည်း  အမှန်တကယ်ရင်း နှီးမြှုပ်နှံ လုပ်ကိုင်နေ သည့်လုပ်ငန်းမရှိပေ။   ငွေကြေးရှိသူများကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်လာစေရန်    မြင့်မားသော အကျိုးအမြတ် များပေး၍ ဆွဲဆောင်သည်။     အကျိုး အမြတ် ခွဲဝေပေးရာတွင် နောက်ထပ်ဝင်ရောက်လာသည့်ရင်းနှီးမြှုပ်နှံမှုငွေများကို အသုံးပြု၍  ယခင်ရှိပြီးသား  ရင်းနှီးမြှုပ်နှံ သူများကို      ခွဲပေးသည်။      လက်တွေကျကျ လုပ်ကိုင်နေသည့်လုပ်ငန်းမှရရှိသည့်အကျိုး အမြတ်   များမဟုတ်ပေ။  ရင်းနှီးမြှုပ်နှံလိုသူများ  ယုံကြည်ရရှိစေရန်  အောင်မြင်နေသော ဝန်ဆောင်မှု လုပ်ငန်းများ သို့မဟုတ်   သို့မဟုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  မှရရှိသည့်  တရားဝင်အမြတ် ငွေများ ဟု ဆွဲဆောင်စည်းရုံးပြောဆိုထားသော်လည်း  ငွေကြေး အရင်းမြစ် ကို လုံးဝ မသိရှိ ရပေ။   ရင်းနှီးမြုပ်နှံသူအသစ်များဆက်လက်ဝင်ရောက်၍ ငွေကြေးများ ထည့် ဝင်မြှုပ်နှံမှုများ ရှိနေ သရွေ့  ပွန်းဇီ အစီအစဉ် ဆက်လည်တည့်တံ့နေနိုင်သည်။ ရင်းနှီး မြှုပ်နှံမှုအသစ်များ ဆက်လက် ဝင်ရောက်ခြင်းမရှိတော့သည်နှင့်တပြိုင်နက် ပြိုလဲသွား မည်သာဖြစ်သည်။ 

ပွန်းဇီအစီအစဉ်ကို၁၉၂ဝပြည့်နှစ်ကာလများက   အမေရိကန် နိုင်ငံတစ်ဝှမ်း၌  လူ သိများ ခဲ့သည်။ချားလ်ပွန်းဇီ၏မူလရည်ရွယ်ချက်မှာ  တရားဝင်သတ်မှတ်ထားသည့် နိုင်ငံတကာ ပြန်စာ ကူပွန်များ အပေါ်အခြေခံထား၍အကျိုးအမြတ်ရှာဖွေရေး အားထုတ်ရန် သည်။     ထိုပြန် စာ ကူပွန် များအတွက်လိုအပ်သောအရင်းအနှီးရှာဖွေရန်   ဘဏ်လုပ်ငန်းထူထောင်၍ အကျိုးအမြတ် ကိုခွဲဝေ ပေးရာ၌ အမှန်တကယ် လုပ်ငန်းမှရရှိသည့် အမြတ်ငွေများမဟုတ်ဘဲ  ရင်းနှီးမြှုပ်နှံသူ လူသစ်များ၏ ငွေများကို ယခင်ရင်းနှီးမြှုပ်နှံသူများ အတွက် အမြတ်ခွဲဝေ ပေးခြင်း ဖြစ်သည်။  ရင်းနှီး မြှုပ်နှံအသစ်များအဆက်မပြတ်စီးဝင်နေပါက ငွေအပ်နှံသူများကို အကျိုး အမြတ် ခွဲဝေပေးရန် ခက်ခဲမှု မရှိသော်လည်း နောက်ထပ်ရင်းနှီးမြှုပ်နှံမှု များစီးဝင်လာခြင်းမရှိခြင်း သို့မဟုတ် လက်ရှိ ရင်းနှီးမြှုပ်နှံသူများပြန်လည်ငွေထုတ်ယူသည့်အခါ အစီအစဉ်များပုံမှန် မလည် ပတ်နိုင် တော့ပေ။ နောက်ဆုံးတွင် ပြိုလဲသွားရတော့သည်။   ရင်းနှီးမြှုပ်နှံသူအများစုမှာ မြှုပ်နှံထားသော ငွေအားလုံး သို့မဟုတ် အများအပြား  ဆုံးရှုံးသွားတတ်ကြသည်။  ထိုလုပ်ငန်းလုပ် ကိုင်နေသူများ သည် နည်းလမ်း အမျိုးမျိုးဖြင့် ကိုယ်ယောင်ဖျောက်သွားတတ်ကြသည်။       

(၆)

  ချားလ် ပွန်းဇီသည် ထိုလိမ်လည်မှုပုံစံကို စတင်တီထွင်သူမဟုတ်ပေ။  ငွေကြေးပမာဏ များပြားသည့် လုပ်ငန်းတွင် အသုံးပြုခဲ့ပြီး ကျယ်ကျယ်ပြန်ပြန့်ဖြစ်ခဲ့သောကြောင့်  ပွန်းဇီအမည် နှင့်တွဲလျက်လူသိများခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ငွေကြေးလိမ်လည်မှုမျိုးသည်  ၁၉ရာစု အလယ် လောက် ကတည်းက ရှိနေပြီးဖြစ် သည်။  ၁၈၇၉  ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သယ် လေဒီးစ် ဒပိုးဆစ် ကုမ္ပဏီ(  The Ladies' Deposit  company) အမည်ဖြင့်        အမျိုး သမီးများ အတွက်အထူးဖွင့်လှစ်သည့် ငွေစုဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ     ဗေဒင်ဆရာမ  ဆာရာ ဟောင်း( Sarah Howe ) သည်လည်းကောင်း။ ၁၈၆၉ ခုနှစ်တွင်  ဂျာမနီနိုင်ငံ၊မြူးနစ်မြို့၌    ရင်းနှီးမြှုပ် နှံမှုဘဏ်ထူထောင်ခဲ့သူ ဂျာမန်ရုပ်ရှင်သမီးနှင့်အဆိုတော် အာဒီလာ စပစ်ဇ်ဒါ  ( Adele Spitzeder )သည်လည်း  ကောင်း ပွန်းဇီ ကဲ့သို ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့ကြဖူးသည်။ 

(၇)

ပွန်ဇီအမည်တပ်ထားသည့် ငွေကြေးလိမ်လည်မှုသည် ချားလ်ပွန်းဇီ အရေးယူခံရသည့် ၁၉၂၀ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်မဟုတ်ပေ။ တိုးတက်လာသောနည်းပညာကို အသုံးပြု၍  အတောမသတ်နိုင်ငံသည့်လောဘကြီးလူအချို့၏မရိုးဖြောင့်မှုများကြောင့်    ယနေ့အချိန်အထိ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။    မဝေးသေးသောအတိတ်ကာလ၊ ၂၀၀၈ ခုနှစ်က ထင်ထင ်ရှားရှား ရှိခဲ့သည့် လိမ်လည်မှု တစ်ခုကို မှတ်သားမိသည်။     ပွန်းဇီလိမ်လည်မှုကဲ့သို့ပင်   အမှန် တကယ် မရှိသည့် ရင်နှီးမြှုပ်နှံ ပေါ် တွင် အမြတ်များတိုးပွားနေသည်ဟု   လိမ်လည် ပြော ဆွဲ ဆောင်ခဲ့သူမှာ    အမေရိကန် စတော့ဈေးကွက်နက်စ်ဒက်ခ် ( NASDAQ )ဥက္ကဋ္ဌဟောင်း   ဘားနတ်ဒ် မက်ဒေါ့ (Bernard Madoff ) ဖြစ်သည်။      

၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တရားရုံးက ထောင် ဒဏ်နှစ် ၁၅၀  နှင့် လျော်ကြေး ငွေ  အမေရိ ကန်ဒေါ်လာ ၁၇၀ ဘီလီယံ  ပေးဆောင်ရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။ 

(၈)

ကိုယ်ချင်းစာတရားမဲ့ကာ     လူတစ်ဖက်သားအပေါ်လိမ်လည်လှည့်ဖျား၍ ကိုယ်ကျိုးစီးပွား ရှာလိုသူတို့ ကမ္ဘာပေါ်တွင်ဆက်လက် ရှိနေကြသည်။   လောဘကြီး သူတို့၏အားနည်းချက်ကို အသုံ့းပြု၍ ပွန်းဇီ အစီအစဉ်ကဲ့သို့ လိမ်လည်မှုမျိုးကို ဆက်လက် လုပ်ဆောင်နေကြလိမ့်မည်။ အခြေအနေ၊အချိန်အခါ၊နည်းပညာမည်သို့ပင်ပြောင်းလဲလာစေကာမူ လိမ်လည်မှု သည်  လိမ်လည် မှုသာဖြစ်သောကြောင့် သဘောသဘာဝတူညီနေကြပေလိမ့်မည်။ 

ပွန်းဇီ ငွေကြေး လိမ်လည်မှုသည်-

(၁)အစကနဉီးအချိန်တွင် ဆုံးရှုံးနိုင်ခြေနည်းပါးကြောင်း၊  ပြန်ရချက်( အကျိုးအမြတ်) များ       ပြားကြောင်း ဆွဲဆောင်စည်းရုံးပြောဆိုမှုများကြားရမည်။     

(၂)ဈေးကွက်အခြေအနေမည်သို့ရှိစေကာမူ အကျိုးအမြတ်ပုံမှန် ရရှိမည်ဖြစ်ကြောင်း     အာမခံ  ကြလိမ့်မည်။    

(၃) နောက်ထပ်ရင်းနှီးမြှုပ်နှံသူမည့်သူကို ဆွဲဆောင်ပေးရန် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးသိမ် သွင်းလိမ့်မည်။

(၄)လုပ်ငန်းသည် အရင်းအနှီးဈေးကွက် (စတော့အိတ်ချိန်း)တွင် မှတ်ပုံတင်ထားခြင်းမရှိနိုင်။

(၅) ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာများနှင့်ပတ်သက်သည့်သတင်းများမေးပါက အကြောင်းအမျိုးမျိုးပြ၍      ရှောင်လွဲမည်။ ရှင်းပြပါကလည်း အလွယ်တကူနားမလည်နိုင်။    

(၆)ရင်းနှှီးမြှုပ်နှံမှု အစီအစဉ်များ  ၊ စာရွက်စာတမ်း ၊လုပ်ငန်းအစီရင်ခံစာစသဖြင့် ကုမ္ပဏီ မှတ်တမ်း      များကို ကြည့်ရှုခွင့်ရမည်မဟုတ်။  

(၇)ထည့်ဝင်ပြီးသောရင်းနှီးမြှုပ်နှံမှုများကိုလည်း ရွှေ့ပြောင်းခြင်း၊ပြန်လည်ထုတ်ယူခြင်းတွင်       အခက်အခဲများရှိနိုင် သို့မဟုတ်အကြောင်းအမျိုးမျိုးဖြင့် ငြင်းပယ်နိုင်။    

                                                       (၉)

ချားလ် ပွန်းဇီသည် ငွေကြေးချမ်းသာကြွယ်ဝနိုင်ရေး အလုပ်မျိုးစုံကြိုးစားလုပ်ကိုင်ခဲ့သူဟု ယေဘုယျမြင်ကြည့်နိုင်သည်။ သို့သော် ကြီးထွားလာသောလောဘကို ပျိုးထောင်မွေးမြူရင်း အမျိုးမျိုးသော လိမ်လည်လှည့်ဖျားမှုကိုပြုလုပ်ခဲ့သည့် လူလိမ်တစ်ယောက် ဟု သုတေသီတို့ ကောက်ချက်ချကြသည်။ ၎င်း ပြုလုပ်ခဲ့သော ပွန်းဇီအမည်တပ်အစီအစဉ်သည်လည်း   လိမ် လည် မှု သာ ဖြစ်ပေသည်။ ပွန်းဇီငွေကြေးလိမ်လည်မှုသည်   အသစ်အဆန်းမဟုတ်။  လွန်ခဲ့သော ရာစု နှစ်ချီ၍  ခေတ်အဆက်ဆက်တွင် လည်းကြုံခဲ့ဖူးကြသည်ကို ဖတ်မှတ်သိရှိရသည်။   လောဘကို ထိန်းသိမ်း နိုင်စွမ်းမရှိသောလူသားတို့ရှိနေသရွေ့ကျူးလွန်သူများ၊ ကျူးလွန်ခံရသူ များ ရှိနေပေ ဦး မည်။   

  တစ်ကမ္ဘာ လုံးစီးပွားရေးကျဆင်း နေချိန်၊မသေချာမရေရာမှုများ ရှိနေချိန်တွင် မည် သည့်စီးပွားရေးလုပ်ငန်းမျှ အခြေအနေမကောင်းပေ။ ပြည်တွင်းငွေကြေးတန်ဖိုးများလည်း ကျ ဆင်းနေကြသည်။   မြင့်တက်လာသောကုန်ဈေးနှုန်းများကို  လိုက်မီကာ   တန်ဖိုးထိန်း ထား နိုင်ရေး အတွက် ငွေပိုငွေလျံရှိသူတိုင်းသည် ပမာဏနည်းသည်ဖြစ်စေ၊ များ သည်ဖြစ်စေ လက်ထဲ တွင် ကိုင်မထားချင်ကြပေ။     မိမိတို့လက်ထဲတွင်ရှိနေသည့်ငွေကြေး၏  အကျိုး အမြတ်ဖြစ် ထွန်းလာ စေမည့်လုပ်ငန်းများတွင် ထည့်သွင်းရင်းနှီးမြှုပ်နှံထားလိုကြသည်။  သင့်တင်လျောက်ပတ် သည့် လုပ်ငန်းများရှာဖွေနေကြသည်။  မြန်မာ့စီးပွားရေးအဆောက်အအုံထဲတွင် လည်း  ပွန်းဇီငွေကြေး လိမ်လည်မှုပုံသဏ္ဍန်မျိုးရှိနေနိုင်သည်။ လူအများ  ယုံကြည်လက်ခံလာစေရန် အပြောအဆို ဆွဲဆောင်မှု၊ အခန့်အထည် ပိုင်ဆိုင်မှုများပြလျက်   အချိန်ယူကာ    ပြုလုပ်လာနိုင်သည့်  ပွန်းဇီ လိမ်လည်မှုများ ကို   သတိရှိသင့်ပေသည်။    

(၁၀)

ပွန်းဇီ အစီအစဉ် များရှိနေပြီ ဆိုပါက  အဆိုပါလူအဖွဲ့အစည်းအတွင်း၌ အလိုရမက် ကြီးမှု၊  ဗဟု သုတနည်းပါးမှု၊ ဆင်ခြင်တုံတရားနည်းပါးမှု၊ ကိုယ်ချင်း စာတရားလျော့ပါးမှုတို့ရှိနေပြီဟု ယူဆနိုင်ပြီး ၊ ငွေကြေး  အရင်းအနှီးဆုံးရှုံးမှုများ၊ ရာဇဝတ်မှု ထူပြောမှုများဆီသို့ ဦးတည် နေပြီဟု ကောက်ချက်ချရ  ပေ တော့ မည်။   



ပွန်းဇီ သည် ခေတ် အဆက်ဆက်တွင် အဆိုး မှတ်တမ်းတွင်ခဲ့သော ဂန္ထဝင် မြောက် ငွေကြေး လှည့်ဖြားမှု ၊ ယနေ့ အိုင်တီနည်းပညာထွန်းကားသည့် ဂလိုဘယ်လိုက် ဇေးရှင်း ခေတ်ကြီးအထိ  ကမ္ဘာ့အနှံ့ကြုံတွေ့ နေရဆဲ  ဂလိုဘယ် အဆင့် လိမ်လည်မှုဖြစ်၏။ စေ့စေ့တွေးကြည့်ပါက   ငွေကြေးတိုးပွားမှု အပေါ်အလိုရမ္မက်ပိုမိုရှိနေသူများ ကို ဆွဲဆောင်လှည့်ဖြားလိမ်ညာရန်  ဆက် လက်ပြင်ဆင် ထားသော အစာတုံးကြီး ကြီးတပ်ထားသည့် ငါးမျှားချိတ် ကဲ့သို့ အရာသာ  ဖြစ်ပေ သတည်း။  ။   



  

 

 


READ NEXT
Cancel OK