၂၀၂၂ ခုနှစ် အတွက်စီးပွားရေးဆိုင်ရာနိုဘယ်ဆုကို နိုင်ငံတွေရဲ့စီးပွားရေး အထူးအားဖြင့် ငွေရေးကြေးရေးအကျပ်အတည်းကာလအတွင်း ဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သုတေသနပြု အခြေခံရေးသားချက်တွေအပေါ်မှာ ဂုဏ်ပြုချီးမြှင့်ခဲ့တာကို စာရေးသူက ပြီးခဲ့တဲ့အပတ်မှာတင်ပြခဲ့ ပါတယ်။ အခုဆက်လက်ပြီးတော့ အဲဒီလိုဆုချီးမြှင့်ခဲ့ရတဲ့အကြောင်းရင်းကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ သမားရိုးကျဘဏ်တွေနဲ့အခြားဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ကငွေကြေးလိုအပ်တဲ့သူနဲ့ ငွေကြေးပိုလျှံတဲ့သူတို့အကြား ငွေရေးကြေးရေးကြားခံဝန်ဆောင်မှုပေးလိုက်တဲ့အတွက် ငွေအရင်းအနှီးခွဲဝေအသုံးပြုရာမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာကြပါတယ်။
အဲဒီဘဏ်တွေနဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေကြောင့် အိမ်ထောင်စုတွေအတွက် နေအိမ်တွေဝယ်ယူဖို့ချေးငွေ၊ လယ်ယာစိုက်ပျိုးသူတွေအတွက် ရိတ်သိမ်းဖို့ စက်ကိရိယာတွေဝယ်ဖို့ချေးငွေအပြင် လုပ်ငန်းတွေအတွက် စက်ရုံသစ်တွေတည်ဆောက်နိုင်ဖို့ချေးငွေတွေရရှိနိုင်ပါတယ်။
သို့သော်လည်းအဲဒီငွေရေးကြေးရေးကြားခံဝန်ဆောင်မှုလုပ်ငန်းတွေဟာ ထူးခြားတဲ့စီးပွားရေးအခက်အခဲတွေနဲ့ကြုံတွေ့ချိန်မှာလည်း အဓိကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဥပမာအနေနဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း ဘဏ်အများအပြားပြိုလဲခဲ့ပြီး ချေးငွေပံ့ပိုးနိုင်မှုသိသိသာသာလျော့နည်းသွားတဲ့အတွက်အကျပ်အတည်းပိုမိုနက်ရှိုင်းပြီး ရှည်လျားတဲ့စီးပွားရေးကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ နောက်ဥပမာတစ်ခုက ၂၀၀၇-၂၀၀၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းဖြစ်ပါတယ်။ အဲဒီအကျပ်အတည်းဟာလည်းငွေရေး ကြေးရေးကဏ္ဍကနေစတင်ခဲ့ပြီး ငွေရေးကြေးရေးကြားခံဝန်ဆောင်မှုလုပ်ငန်းတွေက အကျပ်အတည်း ပေါ်ပေါက်ခဲ့တဲ့ဗဟိုချက်ဖြစ်ခဲ့ပါတယ်။ အဲဒီအကျပ်အတည်းဟာ ရှည်ကြာတဲ့ကျဆင်းမှုဖြစ်ခဲ့ပြီး ကြီးမားတဲ့စီးပွားရေးကျဆင်းမှုအဖြစ်ခေါ်ဆိုခြင်းခံခဲ့ရပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းကာလမှာစတင်ခဲ့တဲ့ ပြိုင်တူသုတေသနပြုဖော်ထုတ်ချက်တွေက ကမ္ဘာ့စီးပွားပျက်ကပ်အတွင်းဘဏ်လုပ်ငန်းအတွေ့အကြုံကို ထုတ်ဖော်နိုင်ခဲ့တဲ့အရင်းခံအကြောင်းရင်းဖြစ်ခဲ့ပြီး စီးပွားရေးစနစ်အတွင်း ဘဏ်တွေရဲ့အခန်းကဏ္ဍကိုလည်း အလေးအနက် နားလည် သဘောပေါက်လာကြပါတယ်။ ဒေါက်ဂလပ်စ်ဒိုင်းမွန်းနဲ့ ဖိလစ်ဒီဗစ်ဂ်တို့ဖော်ထုတ်ခဲ့တဲ့ သီအိုရီပိုင်း ဆိုင်ရာမော်ဒယ်တွေကနေစီးပွားရေးမှာ ဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ဘာ့ကြောင့်ဘဏ်တွေမှာ ငွေအလုအယက်ထုတ်ယူတဲ့အားနည်းချက်တွေရှိနေတာလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒိုင်းမွန်းနဲ့ ဒီဗစ်ဂ်တို့ရဲ့ ၁၉၈၃ ခုနှစ်မှာတင်ပြခဲ့တဲ့ စေ့ရောက်ချိန်ကူးပြောင်းဆောင်ရွက်ခြင်းသီအိုရီအရ အဖွဲ့အစည်းတစ်ခုက တောင်းခံလာရ င်ချက်ချင်းထုတ်ပေးရမယ့်အပ်ငွေတွေကို ကာလရှည်စီမံကိန်းတွေကိုငွေကြေးပံ့ပိုးနိုင်ဖို့အထိရောက်ဆုံးအစီအမံတွေကိုသက်သေပြနိုင်ခဲ့ပါတယ်။
သို့ ပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီအစီအမံတွေဟာ မွေးရာပါ အားနည်းချက်ဖြစ်တဲ့ ဘဏ်မှာငွေတွေ အလုအယက်ထုတ်ယူမှုတွေပေါ်ပေါက်နိုင်တယ်ဆိုတာကိုလည်းတွေ့မြင်ခဲ့ပါတယ်။
ဒိုင်းမွန်း ၁၉၈၄ ခုနှစ်မှာ ဖော်ထုတ်ခဲ့တဲ့ ဘဏ်ရဲ့ဝန်ဆောင်မှုအဖြစ်စောင့်ကြည့်စစ်ဆေးရေးတာဝန်ကို သတ်မှတ်နိုင်ခဲ့ပြီး ငွေချေးသူရဲ့စီမံကိန်းလုပ်ငန်းတွေဟာ အကျိုးအမြတ်များပေမဲ့ ဆုံးရှုံးနိုင်ခြေ များ-မများဆိုတာ သေချာစေဖို့ ငွေအပ်နှံသူကိုယ်စားစောင့်ကြည့်စစ်ဆေးပေးခဲ့ပါတယ်။ အဲဒီနည်းလမ်းဟာ ဘဏ်တွေကိုပိုမိုနားလည်စေဖို့နည်းလမ်းသစ်တစ်ခုဖြစ်ခဲ့ပြီး အစောပိုင်းသုတေသီတွေ ဖော်ထုတ်ခဲ့တဲ့ဘဏ်ဝန်ဆောင်မှုတွေဟာ အဲဒီအချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဘန်ဘာနန်ကီရဲ့သုတေသနတွေ့ရှိချက်ကအမေရိကန်ပြည်ထောင်စုကနေစတင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေဆီ ပျံ့နှံ့ခဲ့တဲ့အနက်ရှိုင်းဆုံးနဲ့အရှည်ကြာဆုံးစီးပွားရေးကျဆင်းမှုဖြစ်တဲ့ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ပတ်သက်လို့ဖြစ်ပါတယ်။ သူ့ရဲ့သမိုင်းကြောင်းအထောက်အထားတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေ အရ စီးပွားရေးကျဆင်းမှုပြန့်ပွားတာရှည်မှုနဲ့ ချေးငွေရရှိနိုင်မှုရဲ့အရေးပါတဲ့ဆက်စပ်မှုကိုဖော်ထုတ် နိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ဘာနန်ကီဟာ ပိုမိုနက်ရှိုင်းပြီး ရှည်ကြာတဲ့စီးပွားရေးကျဆင်းမှုဖြစ်လာရတဲ့ အဓိက ပြဿနာက ဘဏ်တွေလဲပြိုခဲ့လို့တန်ဖိုးရှိလှတဲ့ ဘဏ်လုပ်ငန်းဆက်သွယ်ဆောင်ရွက်မှုကို ပျက်စီးစေခဲ့တဲ့အတွက် ချေးငွေရရှိနိုင်မှု ကျုံ့ခဲ့တာကြောင့် စီးပွားရေးစနစ်အတွင်း နက်နက်ရှိုင်းရှိုင်း ထိခိုက်ခဲ့တာကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒါဟာ တွေ့ရှိချက်အသစ်ဖြစ်ပြီး အစောပိုင်းသုတေသီတွေဖော်ထုတ်ခဲ့တာက စီးပွားရေးကျဆင်းမှုရဲ့အကျိုးဆက်ကြောင့်ဘဏ်တွေပြိုလဲရတာဖြစ်ပြီး လှည့်လည်သုံးစွဲနေတဲ့ ငွေကြေးကျုံ့သွားတာကိုသာမြင်တွေ့ခဲ့ပါတယ်။
ဘဏ်များလဲပြိုမှုဟာ အချိန်မစေ့သေးတဲ့ဘဏ်ရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့ချေးငွေတွေကို ပြန်ထုတ်ပေးရတဲ့အတွက်ရသင့်ရထိုက်တဲ့အကျိုးအမြတ်တွေကိုလည်းမရရှိတာအပြင် ဒေဝါလီခံရတဲ့အတွက် ကုန်ကျစရိတ်တွေကိုလည်း ကျခံရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၁၉ ရာစု ဒုတိယနှစ်ဝက်အတွင်း ဘဏ်မှာငွေတွေအစုလိုက်အပြုံလိုက်ငွေထုတ်ယူမှုဟာ မကြာခဏဖြစ်လေ့ရှိခဲ့တာကိုတွေ့ရပါတယ်။ (ပုံ-၂) မှာ ဆိုရင် ၁၈၇၃ ခုနှစ်ကနေ ၁၈၉၃ ခုနှစ်တွေမှာ အထွေထွေဘဏ်လုပ်ငန်းထိန်းမနိုင် သိမ်းမရဖြစ်မှုတွေပိုမိုများပြားခဲ့ပြီး အစောပိုင်းနှစ်တွေမှာဘဏ်ပြိုလဲမှု ၁၀၀ ကျော်ရှိခဲ့ပြီးနောက်ပိုင်း နှစ်တွေမှာ ပြိုလဲမှု ၅၀၀ ကျော်အထိရှိလာတာတွေ့ရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဘဏ်တစ်ဘဏ်မှာလူတွေအလုအယက်ငွေထုတ်ယူမှုကနေ အခြားဘဏ်တွေဆီကူးစက်ပျံ့နှံ့သွားနိုင်တယ် လို့ယူဆနိုင်ပါတယ်။
မူဝါဒချမှတ်သူတွေအနေနဲ့ဘဏ်မှာငွေအပ်နှံသူတွေက ဘဏ်တွေမှာငွေပြန်ထုတ်ဖို့တောင်းဆိုမှုတွေကိုပြန်ပြီးထုတ်ပေးပို့ဘဏ်လုပ်ငန်းတွေယာယီဆိုင်းငံ့တဲ့နည်းလမ်းနဲ့ အခြေအနေကို ကုစားနိုင်ပေမဲ့ အဲဒီလိုယာယီဘဏ်လုပ်ငန်းဆိုင်းငံ့တဲ့နည်းလမ်းကို ၂၀ ရာစုရောက်တဲ့အထိ စနစ်တကျ နဲ့ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဘဏ်မှာ အလုအယက်ငွေထုတ်ယူမှုကိုကိုင်တွယ်နိုင်မယ့်ထိရောက်တဲ့မူဝါဒတွေဖော်ထုတ်ဖို့လိုအပ်နေခဲ့ပြီးကမ္ဘာ့စီးပွားပျက်ကပ်အတွင်းဘဏ်စနစ်တစ်ခုလုံးကိုခြိမ်းခြောက်နိုင်တဲ့တွန်းအားပေးမှုတွေဟာ ဘယ်အခါမှာမှမရှိခဲ့ပါဘူး။
(ပုံ-၂) ၁၈၆၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘဏ်များပြိုလဲမှု
ကမ္ဘာ့စီးပွားပျက်ကပ်ဟာ ရရှိနိုင်တဲ့ ဂျီဒီပီလို စီးပွားရေးညွှန်ကိန်းတွေနဲ့စနစ်ကျတဲ့လေ့လာမှုတွေထဲမှာ အနက်ရှိုင်းဆုံးနဲ့ အရှည်ကြာဆုံးစီးပွားပျက်ကပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုက စတော့ဈေးကွက်မှာ ဈေးနှုန်းတွေ ရုတ်တရက်ထိုးကျရာမှစတင်ခဲ့ပြီး နှစ်အနည်းငယ်အတွင်းဈေးကွက်တန်ဖိုး ၉၀ ရာခိုင်နှုန်း နီးပါးဆုံးရှုံးခဲ့ပြီး ၁၀ နှစ်လောက်ရှည်ကြာခဲ့ပါတယ်။ စတော့ဈေးကွက်လဲပြိုရာက စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ဟာ ကမ္ဘာနဲ့အဝန်အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး နိုင်ငံတကာကုန်သွယ်ရေး အလွန်အမင်းကျဆင်းရာကနေ စီးပွားရေးလုပ်ငန်းတွေ သိသိသာသာကြီး ကျုံ့သွားခဲ့ပါတယ်။ (ပုံ-၃) ကိုကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းအထောက်အထားအဖြစ် ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့အရေးပါမှုကိုမြင်တွေ့နိုင်ပါတယ်။ ပုံမှာဖော်ပြထားတာက အမေရိကန်ပြည်ထောင်စုရဲ့ တစ်ဦးကျဝင်ငွေအဖြစ် ထုတ်ကုန်အတိုင်းအတာကိုဖော်ပြတာဖြစ်ပါတယ်။ ထုတ်ကုန်ဟာ ၁၉ ရာစုနှစ်လယ်မှာ တစ်နှစ်ကို နှစ်- ရာခိုင်နှုန်းပုံသေတိုးလာတာအံ့ဖွယ်တွေ့ရမှာပါ။ ကြီးကြီးမားမားပြောင်းလဲမှုအဖြစ်မြင်သာတာက ကမ္ဘာ့စီးပွားပျက်ကပ်ကာလမှာဖြစ်ပြီးပြန်လည် ဦးမော့လာတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။
(ပုံ - ၃ ) ၁၈၆၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၏ တစ်ဦးကျဝင်ငွေတိုးတက်မှုနှုန်း
ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်ထိခိုက်တာ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာမဟုတ်ပါဘူး။ (ပုံ-၄) မှာ ဆိုရင် ၁၉၃၀ ပြည့်နှစ်ကနေ ၁၉၃၅ ခုနှစ်အထိ ပါဝင်ပြီး ရွေးချယ်ထားတဲ့နိုင်ငံတွေရဲ့တစ်ဦးကျဝင်ငွေအမြင့်ဆုံးကျဆင်းခဲ့တဲ့အချိန်ကာလနဲ့ အတိုင်းအတာကိုဖော်ပြထားပါတယ်။ ယူနိုက်တက် ကင်းဒမ်းနဲ့ဂျပန်နိုင်ငံတို့ဟာ သူတို့ရဲ့အနိမ့်ဆုံးအမှတ်ကို ၁၉၃၁ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး မက္ကဆီကို နဲ့ စင်ကာပူတို့ဟာ ၁၉၃၂ ခုနှစ်မှာ ၃၁ ဒသမ ၄ ရာခိုင်နငန်းနဲ့ ၄၁ ဒသမ ၂ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုဟာ အနိမ့်ဆုံးဖြစ်တဲ့ ၃၂ ဒသမ ၇ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး ကနေဒါနဲ့ကျူးဘားနိုင်ငံ တွေမှာ ၃၄ ဒသမ ၈ ရာခိုင်နှုန်း နဲ့ ၃၉ ဒသမ ၄၁ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။(ပုံ-၄) ၁၉၃၀ ပြည့်နှစ်မှ ၁၉၃၅ ခုနှစ်အထိ ရွေးချယ်ထားသောနိုင်ငံများ၏တစ်ဦးကျဝင်ငွေ ပြောင်းလဲမှုနှုန်း
အမေရိကန်ပြည်ထောင်စုအပြင် ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ဗီးယား၊ ပိုလန်နဲ့ရူမေးနီးယားနိုင်ငံတွေလည်း ၁၉၃၀-၁၉၃၃ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းအကျပ်အတည်းများခံစားခဲ့ရပါတယ်။ လက်တင်အမေရိကန်နိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ ချီလီနဲ့မက္ကဆီကိုနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတွေမှာလည်း ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း စီးပွားရေးသိသိသာသာကျဆင်းမှုတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။
၁၉၂၉ ခုနှစ် အမေရိကန်ပြည်ထောင်စုက စတင်ခဲ့တဲ့ စီးပွားရေးကျဆင်းမှုဟာ အခြားအချိန်ကာလတွေက စီးပွားရေးကျဆင်းမှုဖြစ်တဲ့ ၁၉၂၀-၁၉၂၂ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ စီးပွားရေးကျဆင်းမှုတွေနဲ့ နှိုင်းယှဉ်ရ င်အချိန်ကာလကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ Friedman နဲ့ Schwartz တို့ရဲ့ ၁၉၆၃ ခုနှစ် ကရေးသားခဲ့တဲ့ “စီးပွားရေးကျုံ့ဝင်မှုလက္ခဏာရပ်ပြောင်းလဲခြင်း” ဆိုတဲ့စာတမ်းမှာ ၁၉၃၀ ပြည့်နှစ်မှာစတင်ခဲ့တဲ့ ဘဏ်လုပ်ငန်းအကျပ်အတည်းအဖြစ်ဖော်ပြခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် နှစ်ကုန်ဆုံးချိန်မှာ ပြိုလဲမှုကြောင့်ဘဏ်တွေပေါင်းစည်းမှုများဆောင်ရွက်ခဲ့ပြီး ၁၉၂၉ ခုနှစ်မှာရှိခဲ့တဲ့ အရေအတွက်ထက် တစ်ဝက်နီးပါးသာ လုပ်ငန်းများပြန်လည်အသက်ဝင်လာတာတွေ့ရပါတယ်။
(ပုံ-၅) ရွေးချယ်ထားသော မက်ခရိုစီးပွားရေးကိန်းဂဏန်းများ (၁၉၂၈ ခုနှစ် ဇူလိုင်မှ ၁၉၃၃ ခုနှစ် မတ်လအထိ)
(ပုံ-၅) မှာကြည့်မယ်ဆိုရင်ဘဏ်တွေလဲပြိုမှုကြောင့် ချေးငွေကျုံ့ဝင်မှုများပြားတဲ့အတွက် စက်မှုထုတ်ကုန်တွေအလွန်အမင်းလျော့နည်းခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီနဲ့ ၁၉၃၃ ခုနှစ် မတ်လအကြား စက်မှုကုန်ထွက် ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ငွေရေးကြေးရေးအကျပ်အတည်းက ၁၉၃၃ ခုနှစ် မတ်လမှာ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီအချိန်က ရွေးကောက်ခံရတဲ့ သမ္မတသစ် ဖရင်ကလင်ရူ့စဗဲ့ ဦးဆောင်တဲ့ အစိုးရတက်လာပြီး ဘဏ်တွေအားလုံးရက်သတ္တပတ် တစ်ပတ်လုပ်ငန်းတွေပိတ်ထားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကို National Banking Holiday အဖြစ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီ နှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စု ကွန်ဂရက်က National Banking Act of 1933 ကို ပြဋ္ဌာန်း ခဲ့ပြီး အရေးယူဆောင်ရွက်မှုတစ်ခုက အမေရိကန်ပြည်ထောင်စုကဘဏ်တွေအတွက် FDIC လို့ ခေါ်တဲ့ ပြည်ထောင်စုအပ်ငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation) ကို မိတ်ဆက်ခဲ့တာဖြစ်ကြောင်း၊ ၁၉၃၃ ခုနှစ်က စတင်ထူထောင်ခဲ့တ FDIC ဟာ (ပုံ-၆) အမေရိကန် ပြည်ထောင်စုရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ လုံခြုံစေရေးအကာအကွယ်ပေးဖို့နဲ့ အာမခံချက် ပေးဖို့အမှတ်သင်္ကေတအမှတ်ရပ်တည်ခဲ့ပြီးအာမခံပေးတဲ့စာရင်းအမျိုးအစားတွေနဲ့ ဘဏ်တွေပြိုလဲ တဲ့အခါမှာလည်းအာမခံထားတဲ့ ဘဏ်တွေရဲ့အပ်ငွေတွေကိုသတ်မှတ်ပမာဏအထိ ထုတ်ပေးနိုင်တဲ့ အပြင်ပြိုလဲတဲ့ဘဏ်တွေရဲ့ဘဏ္ဍာထိန်းအဖြစ်ချေးငွေတွေပြန်လည်ကောက်ခံပေးပြီး အာမခံထားတဲ့ အပ်ငွေထက်ကျော်လွန်တဲ့အပ်ငွေတွေပြန်လည်ထုတ်ပေးတဲ့တာဝန်တွေကိုပါ ဝန်ဆောင်မှုပေးလျက် ရှိကြောင်းတင်ပြလိုက်ပါတယ်။
■
Source: https://www.nobelprize.org/uploads/2022/10/advanced-economicsciencespriz... accessed on 10.10.2022.
https://www.fdic.gov/resources/deposit-insurance/brochures/deposits-at-a... accessed on 22.10.2022