အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကို၊ ကနေဒါ၊ တရုတ်တို့မှ ကုန်စည်များကို အခွန်များများစည်းကြပ်ရန် ရည်ရွယ်ထားကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဒေါ်နယ်ထရန့်က အထက်ပါအတိုင်း ပြောကြားလိုက်ပြီးနောက် မကြာမီတရုတ်က သတိပေးပြောဆိုခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ထရန့်က ၎င်း၏ Truth Social အကောင့်တွင် ပို့စ်များဆက်တိုက်တင်ခဲ့ရာ၌ အမေရိကန်နိုင်ငံထဲကို ဝင်လာသော ကုန်စည်အားလုံးကို အခွန်စည်းကြပ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၏အကြီးမားဆုံးသော ကုန်သွယ်ဘက်နိုင်ငံအချို့ကို အခွန်ကောက်သွားမည်ဟု ဖော်ပြခဲ့သည်။
“ကျွန်တော့်ရဲ့သမ္မတအမိန့်များစွာထဲကတစ်ခုကတော့ ဇန်နဝါရီ ၂၀ ရက်မှာ ကျွန်တော်ဟာ မက္ကဆီကိုနဲ့ကနေဒါတို့ကနေ ကျွန်တော်တို့ရဲ့နိုင်ငံထဲကို တင်ပို့နေတဲ့ ကုန်စည်အားလုံးကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးကို လက်မှတ်ရေးဖို့ဖြစ်ပါတယ်”ဟု ၎င်းက ရေးသားခဲ့သည်။
ထို့အပြင် ဖန်တနိုင်း မှောင်ခိုကူးမှုကို ကိုင်တွယ်ရန် တရုတ်၏ပျက်ကွက်မှုကို တုံ့ပြန်သည့်အနေဖြင့် ထပ်တိုးစည်းကြပ်အခွန်များအပေါ်အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည်ဟု အခြားပို့စ်တစ်ခုတွင် ထရန့်က ဖော်ပြခဲ့သည်။
ထရန့်သည် မဲဆွယ်စည်းရုံးရေးဆင်းစဉ်ကတည်းက မဟာမိတ်နိုင်ငံများကိုရော ပြိုင်ဘက်နိုင်ငံများကို ရော သွင်းကုန်စည်းကြပ်ခွန် ကျယ်ကျယ်ပြန့်ပြန့်ကောက်ခံသွားမည်ဟု ပြောကြားထားခဲ့ရာအဆိုပါအခွန်တို့သည် ထရန့်၏စီးပွားရေးဆိုင်ရာ အာဂျန်ဒါများထဲတွင် အရေးပါသောအပိုင်းက ပါဝင်နေသည်။
တရုတ်နှင့်ကနေဒါတို့က မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့၏ကုန်သွယ်ရေး ဆက်ဆံမှုများသည် အပြန်အလှန်အကျိုးပြုသည်ဟု ပြောကြားခဲ့ကြသည်။
“ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်သူမှ အနိုင်ရမှာမဟုတ်ပါဘူး”ဟု အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပင်ယူက အေအက်ဖ်ပီကို အီးမေလ်ပို့၍ဖြေကြားခဲ့ကာ ဖန်တနိုင်းမှောင်ခိုကူးခြင်းကို တရုတ်၏ထိန်းချုပ်မှုနှင့်ပတ်သက်၍လည်း ၎င်းက ကာကွယ်ပြောဆိုခဲ့သည်။
“တရုတ်-အမေရိကန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ဟာ သဘောသဘာဝအားဖြင့် အပြန်အလှန်အကျိုးပြုပါတယ်”ဟု လျူက ဖြည့်စွက်ဖော်ပြခဲ့သည်။
ကနေဒါထုတ်ကုန်တို့က အမေရိကန်စွမ်းအင်ပစ္စည်များအတွက် အရေးပါသည်ဟု ကနေဒါက ပြောကြားခဲ့ပြီး ဆက်ဆံရေးသည် အမေရိကန်လုပ်သားများကို အကျိုးအမြတ်ဖြစ်စေသည်ဟု ဆိုသည်။
“ကျွန်မတို့ကတော့ အဲဒီပြဿနာတွေကိုတက်လာမယ့် အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”ဟု ကနေဒါ ဒုတိယဝန်ကြီးချုပ် ခရစ္စတီးယားဖရီးလန်းက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထရန့်၏ပထမသက်တမ်းတွင် တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့သာမက ဥရောပကိုပစ်မှတ်ထားသော သွင်းကုန်ခွန်စည်းကြပ်မှုများရှိခဲ့သည်။
■Ref: AFP