Top News

ခေါင်းတွဲ ‘ချာ’ ၍ နောက်လူ ‘ပြာ’ မည့် ဇာတ်လမ်းသုံးပုဒ်
24htopnews | November 27, 2024 3:12 AM CST

နိုဗက်ဂျိုကိုဗစ်၊ ဘောရစ်ဂျွန်ဆင်နှင့် မင်းသားအင်ဒရူးတို့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘာ့သတင်းခေါင်းစဉ်များ၌ ဟိုးဟိုးကျော်ဇာတ်လိုက်ကြီးများ ဖြစ်ခဲ့သည်။ သူတို့ဇာတ်လမ်းများသည် တစ်ခုနှင့် တစ်ခု အဆက်အစပ်မရှိ၊ သီးခြားစီဖြစ်နေသော်လည်း ဘုံတူညီချက်အဖြစ် အချိတ်အဆက် တစ်ရပ်ရှိနေသည်။ ယင်းကား ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာက လင်းလက်တောက်ပသော ကြယ်တာရာများအဖြစ် သူတို့ကို မော့ကြည့်နေကြခြင်းပင်ဖြစ်သည်။

လူသုံးယောက် သုံးဇာတ်ထုပ်

ပထမပုဂ္ဂိုလ်မှာ နိုဗက်ဂျိုကိုဗစ်ဖြစ်သည်။ ကမ္ဘာ့ထိပ်သီး တင်းနစ်အားကစားသမား၊ ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်သူဖြစ်သည်။ အထင်ကရ သြစတြေးလျ အိုပင်းတင်းနစ်ပြိုင်ပွဲဝင်ရန် သြစတြေးလျသို့ သွားရောက်ခဲ့သည်။ သူသည် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ မဟုတ်သည့်အတွက် သြစတြေးလျအစိုးရက သတ်မှတ်ထားသော ပြည်ဝင်ခွင့်လိုအပ်ချက် မပြည့်စုံသူဖြစ်ကာ ကမ္ဘာ့သတင်းများတွင် အုတ်အော်သောင်းတင်းသတင်း ဖြစ်လာခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ ခရီးသွားကြေညာချက်ပုံစံ (Travel Declaration Form) ကို ဖြည့်သွင်းရန်တာဝန်ရှိသော်လည်း ထိုသို့မလုပ်ဘဲ သီးခြားမေတ္တာရပ်ခံချက်နှင့် သြစတြေးလျသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ ထိုအတောအတွင်း လေဆိပ်၌ တားဆီးခံထားရပြီး နောက်ဆုံးဖက်ဒရယ်တရားရုံး၏ ဆုံးဖြတ်ချက်အရ ပြည်နှင်ဒဏ်ပေးရန် ထွက်ပေါ်လာသည်။ အကျော်ဒေယျ တင်းနစ်ပြိုင်ပွဲဖြစ်သည့်အတွက်သာ ဂျိုကိုဗစ်၏ ဗီဇာကိစ္စမှာ မတင်မကျ ‘ရွာလည်သယောင်ယောင်’ ကမ္ဘာက မြင်သိရခြင်းဖြစ်ပြီး သြစတြေးလျ၏ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းကတော့ တစ်ပြေးညီတည်းသာဖြစ်ပါသည်။

တစ်ချိန်တည်းလိုလို ဒုတိယဇာတ်လိုက်ပေါ်လာပြန်သည်။ ဂရိတ်ဗြိတိန်ပြည့်ရှင်ဘုရင်မကြီး ဒုတိယမြောက် အယ်လိဇဘက်၏ ဒုတိယသားမင်းသား အင်ဒရူးထံမှ သူ့ကိုအပ်နှင်းထားသော စစ်ရေးရာထူးနှင့် ခံစားခွင့်ရှိသည့် တော်ဝင်အဆောင်အယောင်များအားလုံး ရုပ်သိမ်းလိုက်၏။ အမေရိကန်ပြည်ထောင်စု၌ အင်ဒရူးရင်ဆိုင်နေရသော တရားမမှုတစ်ခု မရှင်းလင်းသမျှ ယခုဆုံးဖြတ်ချက်အတိုင်းအတည်ဟု ဆိုသည်။ အမှုမှာ အမေရိကန်-သြစတြေးလီယန် အမျိုးသမီး၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုများ ဆန့်ကျင်လှုပ်ရှားသူ ဗာဂျီးနီးယားဂစ်ဖယ်ကို ၂၀၀၁ ခုနှစ်အတွင်း သာမန်အရပ်သူဘဝတွင် မင်းသား အင်ဒရူးက လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရခြင်းဖြစ်သည်။

အကျော်အမော် ရဲသုံးဖော်တွင် နောက်ဆုံးပုဂ္ဂိုလ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဖြစ်၏။ ၂၀၂၁ ခု မေလအတွင်း ဗြိတိန်တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအတွက် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဟန့်တားထားချိန်တွင် လူစုလူဝေးနှင့် ကျင်းပသော BYOD (Bring Your Own Booze) ပါတီပွဲသို့ တက်ရောက်ခဲ့သည့် သတင်းဓာတ်ပုံများ ပေါ်ထွက်လာသည်။ ပါတီပွဲတက်နေသော ဓာတ်ပုံများအပြင် ‘မပြေးသော် ကန်ရာရှိ’ ဆိုသကဲ့သို့ ကျင်းပရာနေရာမှာ ဝန်ကြီးချုပ်၏ရုံးနှင့် အိမ်ဂေဟာ တည်ရာအရပ် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်း ဖြစ်နေ၏။

ဂုဏ်မြင့်သူ တင်းနစ်အကျော်အမော်မှအစ၊ ဗြိတိသျှ မင်းမျိုးမင်းနွယ်အလယ်၊ ဝန်ကြီးချုပ်အဆုံး ကမ္ဘာကျော်ဆယ်လီများနှင့် ခေါင်းဆောင်များ၏ ပြုမူကျင့်ကြံပုံသည် အလွန်မတန် စိတ်ပျက်ဖွယ်ဖြစ်သည်ဆိုရုံမျှနှင့် ဇာတ်လမ်းက တစ်ခန်းမရပ်သင့်ပါ။

သို့ဆိုလျှင် မည်သို့ဆက်ရန်ရှိသေးသနည်း။ မျိုးဆက်အသီးသီးတို့အကြား တရားခြင်းနှင့် မျှတခြင်းဆိုင်ရာ အပိုင်းအတွက် အထူးပြုဆွေးနွေးကြရန် လိုအပ်ပါသည်။ သေချာသည့်အချက်မှာ ယခုအမျိုးသားသုံးဦးစလုံး သာမန်ထက်ပိုလွန်သော အများအာရုံစိုက်မှုကို ခံယူကြရသူများ ဖြစ်သည်။ ဤဇာတ်ထုပ်သုံးခုလုံးအကြား ယှက်နွှယ်ပတ်သက်နေသော ပြဿနာရင်းမြစ်ကို ရှာဖွေကြည့်ရန် လိုပါသည်။ သူတို့၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် မျိုးဆက်အလိုက် ဆက်သွယ်ချက်များကို ပြန်လည်စစ်ဆေးကြည့်သင့်သည်။

  ကမ္ဘာ့မူလား၊ ကိုယ်ပိုင်လွတ်လပ်ခွင့်လား

ပထမဆုံးအနေနှင့် ဤပုဂ္ဂိုလ်သုံးဦးတို့သည် အခြားသောကျော်ကြားသူများကဲ့သို့ပင် စာလုံးမည်းကြီးနှင့် သတင်းခေါင်းတပ်ခံရမည့် အမှုမျိုးကို ဆင်ခြေအမှားနှင့် ကျူးလွန်ခဲ့ကြ၏။ သူတို့အနေနှင့် အမှုမဲ့အမှတ်မဲ့ဟု အကြောင်းပြသည့်တိုင် ကမ္ဘာကြီး၏ ပေါင်းစည်းညီညွတ်လိုက်နာအပ်သော ကျင့်ဝတ်ကို ထိခိုက်စေသည်။

ဂျွန်ဆင်အနေနှင့် ‘အူလှိုက်သည်းလှိုက်ဝန်ချတောင်းပန်မှု’ ပြုခဲ့သည်ဟု ဆိုစေဦး၊ သူ့ဂုဏ်သူ့သိန်သူ့အရှိန်မှာ မှေးမှိန်ညှိုးနွမ်းသွားရသကဲ့သို့ ဗြိတိန်သည်လည်း ကမ္ဘာ့အလယ် သိက္ခာကျဖွယ် ဖြစ်ပါသည်။ မင်းသား အင်ဒရူး၏ အမှားအယွင်းများသည် တိုင်းပြည်ကို အရှက်ရစေသည်သာမက ဗြိတိသျှတော်ဝင် စည်းမျဉ်းခံဘုရင်စနစ်ကို ကမ္ဘာတစ်လွှားမှ ‘ကြိတ်ခိုက်’ နေသူများအဖို့ မချင့်မရဲ ဖြစ်သွားကြရရှာသည်။

ဂျိုကိုဗစ်၏ ပြဿနာကတော့ အနည်းငယ် အဆင်ကွဲသည်။ သြစတြေးလျအစိုးရ၏ အားနည်းချက်ကိုပါ တစ်စွန်းတစ်စ ထုတ်ပြလိုက်သည့်နှယ် ဖြစ်သည်။ ကာကွယ်ဆေးအပြည့်ထိုးမထားသော ပြည်ပဧည့်သည် တစ်ဦးကို အဘယ့်ကြောင့်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့သနည်းဟု မေးခွန်းထုတ်ရန် အကြောင်းရှိသည်။ သြစတြေးလျ အိုပင်းတင်းနစ်ပြိုင်ပွဲ၌ အကျော်ကြားဆုံးကြယ်ပွင့်များကို ပွဲသွင်းလိုဇောတစ်ခုတည်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိန်းချုပ်မှုများကို ‘လူခင်၍ မူပြင်’ လေသလားဟု ကမ္ဘာကြီးက တွေးမိသွားသည်။ အကြောင်းမှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်၍ သြစတြေးလျ၏ တင်းကျပ်ပြတ်သားသော ထိန်းချုပ်ရေးစီမံချက်များကို ကမ္ဘာက တောက်လျှောက်ကြားသိနေရ၍ ဖြစ်သည်။

ကမ္ဘာ့ပရိသတ်ကြီးက ပရမ်းပတာနိုင်လှသော ဤဖြစ်ရပ်များကို ကြည့်ကာထင်သလို ‘ပေါက်ပေါက်ဖောက်’ နေကြသည်ကို နားလည်နိုင်ပါသည်။ အကြောင်းမှာ ကျော်ကြားသူတို့မည်သည် သူတို့၏အမှားများအတွက် ပြင်းထန်စွာ ပြစ်တင်ခံရရိုးရှိသည့်အပြင် ကမ္ဘာတစ်ခုလုံး၏ မျက်လုံးဒေါက်ထောက်ကြည့်ခြင်း အထက်၌ မည်သည့်တိုင်းပြည်မှ မရှိပါ။ လက်ရှိကာလကဲ့သို့ နိုင်ငံရေးအရ တိတိပပဆုံးဖြတ်ရခက်သောအချိန်၌ ကမ္ဘာလုံးဆိုင်ရာ မိတ်ဝတ်မပျက် ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အချိုးညီညီပေါင်းစပ်နိုင်မှသာ ကမ္ဘာအရေးပေါ် ပြဿနာကြီးများကို ရင်ဆိုင်နိုင်ပါမည်။ နိုင်ငံရေးသမားတို့သည် ပြည်တွင်း၌ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာရေးရာများသည်လည်း အထားအသိုအစီအစဉ် ‘ပြင်ဖွဲ့’ ရန် လိုအပ်နေချိန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဟူသည် အာနိသင်ကြီးမားသည့်တိုင် မကြာခဏဆိုသလို အချိန်မီ မဆောင်ရွက်နိုင်ခဲ့ကြပါ။

မျိုးဆက်သစ်၏ စိတ်အမာရွတ်

ဒုတိယအချက်အနေနှင့် ‘အမြင်မတော် ဆင်တော်နှင့်ခလောက်’ ဟုဆိုရမည့် ယခုဖြစ်ရပ်များသည် ငယ်ရွယ်သူမျိုးဆက်များအပေါ်  နှစ်ရှည်လများ ပုံဖော်သွားဖွယ်ရာ အကျိုးသက်ရောက်မှုရှိနေသည်။ တစ်ကမ္ဘာလုံး မော့ကြည့်ခံရသော ဤအမျိုးသားသုံးဦး၏ ကာယကံမြောက် အပြုအမူများသည် ကောင်းကောင်း ‘မကြီးသေးသည့်’ လူငယ်လူရွယ်များ၏ စိတ်အခံကို ထိရှကာ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံကိုပါ ပြောင်းလဲသွားစေနိုင်သည်။

မည်သို့ဆိုစေ ဂျိုကိုဗစ်သည် သန်းနှင့်ချီသော တင်းနစ်ဝါသနာရှင် လူငယ်များ၏ စိတ်ကူးပုံရိပ်ကို ပျက်ယွင်းစေခဲ့သည်။ ထို့ပြင်ကပ်ရောဂါကြောင့် ဖရိုဖရဲဖြစ်နေသော ကမ္ဘာကြီးအနေနှင့် သက်သာရာသက်သာကြောင်း အသက်ရှူပေါက်ရမည်ဟု မျှော်လင့်နေဆဲတွင် ယခုသြစတြေးလျ အိုပင်းတင်းနစ်က အသည်းအသန်ငြင်းခုံမှုများကို မီးမွှေးပေးပြန်သည်။ ကာကွယ်ဆေးအားပေးသူနှင့် ကာကွယ်ဆေးဆန့်ကျင်သူများအကြား တင်းနစ်ပြိုင်ပွဲကဲ့သို့ပင် အလယ်တည့်တည့်၌ ပိုက်တန်းကာ တစ်ဖက်နှင့်တစ်ဖက် အကြီးအကျယ် ‘အရောက်ပို့’ နေကြပါပြီ။

နိုင်ငံရေးများမပါဘဲ အားကစားကိုသာ တရှိုက်မက်မက် စွဲလမ်းနေသော လူငယ်ဝါသနာရှင်များအဖို့ ဂျိုကိုဗစ်၏ ကာကွယ်ဆေးမထိုးခြင်းနှင့် ပြည်နှင်ဒဏ်ခံရခြင်းတို့မှာ စိတ်ဒဏ်ရာတစ်ခုအဖြစ် နှစ်ရှည်လများ စွဲသွားကြတော့မည်။

အလားတူ မင်းသား အင်ဒရူး၏ ဇာတ်လမ်းပမာကို ကြားမြင်ကြရှာသော ကမ္ဘာပေါ်ရှိ မိန်းကလေးများစွာမှာ ကမ္ဘာကြီးဟူသည် ‘အမိုက်တိုက်’ ကြားမှ ကြောက်ရွံ့ထိတ်လန့်ဖွယ်အရပ်အဖြစ် စွဲမှတ်သွားနိုင်သည်။ အင်ဒရူးသည် သူ့အပေါ် တင်ထားသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း တစ်ချက်မှငြင်းဆိုခြင်းမပြုဘဲ ‘နှစ်ကျပ်ကွက်နင်း’  နေပါသည်။ မိန်းကလေးများအဖို့ မိမိကိုယ်ကိုယ်သာ ကာကွယ်သွားကြရန်ရှိပြီး သူတို့ တွေ့မြင် ကြားသိလိုက်ရသော ကမ္ဘာလောကကြီးမှာမူ ရေပေါ်ဆီလူတန်းစားတို့၏ သားကောင်ဘဝသို့ သက်ဆင်းရသူ အမျိုးသမီးများထုနှင့် ထည်နှင့် ရှိနေပါသည်။

ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေး

နောက်ဆုံးအနေနှင့် ဂျွန်ဆင်သည် ဒေါင်းနင်းလမ်းပါတီပွဲကို တက်သည့်အတွက် ဖြစ်လာလတ္တံ့သော ဥပဒေကြောင်းဆိုင်ရာ အကျိုးဆက်များကို မျှော်တွေးလျက် နိုင်ငံရေးသမားပီပီ ရှောင်ရှားနိုင်ရန် စီမံခဲ့ရပါမည်။ ယခုတော့ ဗြိတိန်အပါအဝင် ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီသော လူငယ်များက တရားမျှတမှုအတွက် တိုက်ပွဲဆင်နေကြရပါပြီ။

တိုင်းပြည်တစ်ခုလုံးကို ကိုင်တွယ်ထိန်းကျောင်းနေသူ ဝန်ကြီးချုပ်တစ်ဦးအတွက် မိမိချမှတ်ထားသော ထိန်းချုပ်မှုများကို ဘောင်ကျော်ကာ ဤသို့ ပါတီတက်ခဲ့ခြင်းသည် ငြင်းချက်ထုတ်၍မရသော အမှားလုံးလုံး ဖြစ်၏။ ထို့ထက်ပို၍ဆိုးသည်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်နှင့် သူ့လူများသည် မခိုင်မာသော ဆင်ခြေများဖြင့် တရားစီရင်ရေးကို လမ်းလွှဲနေကြခြင်းဖြစ်သည်။ သာဓကပြရသော် ဂျွန်ဆင်က သူသည် ‘ပါတီပွဲမှန်း မသိခဲ့၍’ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောနေခြင်းဖြစ်သည်။ ယခုတော့ ဗြိတိန် နိုင်ငံတစ်ဝန်း Lockdown ကာလ ပြဋ္ဌာန်းချက်များကို ချိုးဖောက်မိသဖြင့် ဒဏ်ငွေဆောင်ခဲ့ရသော တိုင်းသူပြည်သားများစွာမှာ ‘ဝန်ကြီးချုပ်ကြီး’ ပါတီတက်သည်ကို လက်ညှိုးထိုးရင်း သူတို့ဒဏ်ကြေးငွေများ ပြန်လည်ရရှိရန် အကွက်ချောင်းနေကြသည်။ တစ်ချိန်တည်း၌ ဗြိတိသျှတရားစီရင်ရေးစနစ်မှာလည်း ‘ဂယ်ပေါက်ပိတ်’ နေရှာ၏။

ပေါ်ပေါက်လာသော အကျိုးဆက်များနှင့်ပတ်သက်၍ အခြေအနေမှန်ကို ရင်မဆိုင်ရဲသော လက်ရှိခေါင်းဆောင်များက ယခုအတိုင်း ပြုမူဆောင်ရွက်နေကြလျှင် အများအတွက် အလုပ်အကျွေးပြု ဝန်ဆောင်မှုပေးမည့် မျိုးဆက်သစ်တစ်ရပ်ကို  ကျွန်ုပ်တို့မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ ထို့ထက်ပို၍ အရေးကြီးသည်မှာ လူငယ်တို့သည် ‘ပြည်သူ့ရေးရာ ဝန်ဆောင်မှု’ နယ်ပယ်သို့ ဝင်မှ ဝင်ရဲပါလေစ။ သူတို့ ရှင်သန်ကြီးပြင်းရာ ပိုမိုသာယာသော ကမ္ဘာလောကကြီးကို အမှန်တကယ်တည်ဆောက်လိုစိတ်ရှိကြသည့်တိုင် သူတို့မျက်ဝါးထင်ထင် မြင်နေရသည့် အင်စတီကျူးရှင်းတို့မှာ ‘မာယာတစ်သိန်း အပလိန်းအနန္တ’ ဖြစ်နေပါက သူ့တို့ခေတ်အခါတွင်လည်း ရှေ့လူများကဲ့သို့ပင် ‘ညာညှိ’ ကြပါလိမ့်မည်။

ဂျိုကိုဗစ်၊ အင်ဒရူးနှင့် ဂျွန်ဆင်တို့သည် ကျွန်ုပ်တို့ခေတ်၌ သံသယရှိစရာမလိုအောင် သြဇာကြီးသူများ ဖြစ်ကြသည်။ သို့သော် ယခုပြဿနာများက ကမ္ဘာကြီးကို တုံ့ခနဲ ဆွဲရပ်ကာ ပြန်လည်တွေးတောဖွယ်များကို ‘ပုံစံပေး’ ခဲ့ပါပြီ။ ဤဇာတ်လမ်းသုံးပုဒ်မှ သင်ခန်းစာထုတ်ယူ၍ နောက်လူများအတွက် ‘ပုံစံချ’ ပေးခြင်းကသာ အဖိုးအနဂ္ဃထိုက်တန်ပါလိမ့်မည်။


READ NEXT
Cancel OK