Top News

အတွင်း၊ အပြင် ထရံအကာမှားနေသော အနောက်အုပ်စု
24htopnews | November 27, 2024 3:12 AM CST

(Asia Times တွင် ဖော်ပြခဲ့သော ယခု “Ukraine is lost.Europe is not”ဆောင်းပါးရှင် Brandon J Weichert သည် Winning Space : How America Remains a Superpower စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။

သူသည် ပထဝီဝင်နိုင်ငံရေး ပိုင်းခြား စိတ်ဖြာသူ၊ The Weicher Report:World News Done Right ကို စီမံခန့်ခွဲနေသူ ဖြစ်သည်။ Washington Times နှင့် Real Clear Politics တွင် ပုံမှန်ရေးသားလေ့ရှိသည်။ Weichert သည် အမေရိကန် ကွန်ဂရက်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမျိုးသားလုံခြုံရေးအထူးပြု M.A. ဘွဲ့ကို ၀ါရှင်တန်ဒီစီ၊ Institute of World Politics မှ ရယူခဲ့သည်။ လက်ရှိကာလ၌ အောက်စ်ဖို့ဒ် တက္ကသိုလ်၊ New College ၏ သဟာယအဖွဲ့ဝင်ဖြစ်သည်။

ဤဆောင်းပါးတွင် ယူကရိန်းအရေး အပေါ် ရုရှား၊ အမေရိကန်၊ ဥရောပနိုင်ငံများ နှင့် NATO အဖွဲ့တို့၏ သဘောတူညီချက်၊ စာချုပ်များအပေါ် အကောက်အယူလွဲမှားပုံ၊ အကောင်အထည်ဖော်သည့်အခါ အမြီးအ မောက်မတည့်ပုံများကို ငြင်းဆိုရန်ခက်ခဲသော ပကတိတရားများနှင့် ထင်ဟပ်ပြထားသည်။)

အနောက်နိုင်ငံများ၏ မဟာဗျူဟာမြောက် တွေးတောမြော်မြင်နိုင်စွမ်း အရည်မမီသည်ကို ကျေးဇူးတင်လိုက်ပါ။ ယူကရိန်းနှင့်ပတ်သက်၍ ရုရှားကတော့ သူဖော်ထားသောလမ်းစအတိုင်း ဆက်လက်လျှောက်လှမ်းနေပါသည်။

အနောက်နိုင်ငံမဟာမိတ်အုပ်စုအကြား အရှေ့ဥရောပရှိ ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများသို့ NATO  ၏ သြဇာချဲ့ထွင်မှု အပေါ်သဘောထားကွဲပြားမှုကို ထင်ထင်လင်းလင်း မြင်လာရသည်။

ဥရောပ၊ အမေရိကန်၊ ကနေဒီယန်နှင့် ဗြိတိန်နိုင်င့ံခေါင်းဆောင်များအနေနှင့် တံခါးပိတ်အစည်းအဝေးများ ကျင်းပပြီးနောက် NATO  ချဲ့ထွင်မှုအတွက် ကန့်ကွက်သူမရှိ သဘောတူညီကြရမည့်အစား  သိသိသာသာ အားဖြင့် နိုင်ငံနှစ်နိုင်ငံက ထိုသို့ “မိုးခါးရေ မသောက်”ခဲ့ပါ။ ဒေသတွင်း သြဇာကြီးမားသော ဂျာမနီနှင့် ပြင်သစ်တို့က NATO  အဆက်မပြတ် ချဲ့ထွင်နေခြင်းအပေါ် လိုလားဟန်မပြကြောင်း ပေါ်လွင်လာပြီဖြစ်သည်။

၂၀၁၄ ခုနှစ်က ရုရှားသည် ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက်ကာ ယူကရိန်းအစိုးရ၏ အုပ်ချုပ်မှုအောက်ရှိ ရုရှားဘာသာစကားပြော နယ်မြေများကို သိမ်းပိုက်ခဲ့၏။ ယခုသီတင်းပတ်များအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို ကျူးကျော်ရန် ကြံစည်နေပြီး NATO  ချဲ့ထွင်မှုနှင့်ပတ်သက်သော ဤသဘောထားကွဲပြားမှုမှာ ရှင်းရှင်းလင်းလင်း ပို၍မြင်လာရသည်။

စစ်အေးခေတ်ကာလကပင် ဆိုဗီယက် နှင့် NATO  အကြား သြဇာလွှမ်းမိုးမှုဖြစ်စေ၊ နယ်မြေဖြစ်စေ အဆုံးအစမဲ့ အပြန်အလှန်ချဲ့ ထွင်လိုကြခြင်းမှာ အစဉ်အလာဖြစ်သည်။ ယခုလို ၀ါရှင်တန်နှင့် ဘရပ်ဆဲလ်တို့က မပြောင်းလဲသော ရည်မှန်းချက်အတိုင်း ဆက်လက်ချဲ့ထွင်ချီတက်ကြရန် အမိအရ တိုက်တွန်းနေခိုက် ဥရောပ၌ အကွဲအပြဲ အက်ကြောင်းထင်လာသည်မှာ ဟုတ်မှဟုတ်ပါလေစဟု မေးရမလို ဖြစ်နေသည်။

 

ရုရှားက ယူကရိန်းကို အနောက်အုပ်စုထက် ပိုမိုလိုလား

အနောက်အုပ်စု၏ စည်းလုံးညီညွတ်မှုသည် ပစ္စက္ခကာလတွင် မော်စကိုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဟု ပူတင်က ရှုမြင်သည်။ စစ်အေးကာလနောက်ပိုင်း ဥရောပသမဂ္ဂရော၊ နေတိုးကပါ “နှစ်ထပ်ကွမ်း ချဲ့ထွင်ခြင်း” ပြုခဲ့ကြသည်ကို ရုရှားခေါင်းဆောင်အစဉ်အဆက်၊ လစ်ဘရယ်ကျသော ဘောရစ်ယဲ့ဆင်မှသည် အော်တိုကရက် ဗလာဒီမာပူတင်အထိ နှစ်ရှည်လများ စိတ်ကသိကအောက် ဖြစ်ခဲ့ကြရသည်။ အနောက် အုပ်စုနှင့် NATO  က တဖြည်းဖြည်းချဲ့ထွင်လာသော ပိုင်နက်နယ်နိမိတ်များသည် ရုရှားနယ်စပ်နှင့် အနောက်နိုင်ငံများအကြား မဟာဗျူဟာမြောက် ကြားခံပြည်နယ်များအဖြစ် တစ်ချိန်က တည်ရှိခဲ့ကြသည်။

ပူတင်၏ရပ်တည်ဖော်ပြချက်အရ ဆိုဗီယက်ခေါင်းဆောင် မစ်ခေးလ်ဂေါ်ဘာချက် နှင့် အမေရိကန်သမ္မတ ဂျော့အိပ်ချ်ဒဗလျူဘုရှ်တို့လက်ထက် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းဘေကာ၏ (စာဖြင့်ရေးသားထားခြင်း မရှိသော) “အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်ခြင်း မပြုရေး” သဘောတူညီချက်ကို အမေရိကန်တို့ ချိုးဖောက်သည်ဟု အခိုင်အမာ ပြောဆိုသည်။

သဘာဝကျစွာပင် NATO  ဘက်ကလည်း ဥရောပတိုက်အတွင်းရှိ ယခင်ဆိုဗီ ယက်ပိုင်နယ်နိမိတ်များကို ချဲ့ထွင်ဝင်ရောက်ခြင်းမပြုရန် ဘယ်သောအခါမှ သဘောတူညီခြင်းမရှိခဲ့ပါဟု ဆိုပြန်သည်။ ပူတင်ရည်ညွှန်း သောကာလ၊ ဒေသအခြေအနေအရ ဆိုဗီယက်-အမေရိကန်တို့၏ ကနဦးသဘောတူညီချက်မှာ ဆိုဗီယက်တပ်များ အရှေ့ဥရောပမှ ဆုတ်ခွာရန်၊ တစ်နည်းဆိုသော် အရှေ့နှင့်အနောက် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရန်အတွက်သာ သက်ဆိုင်ကြောင်း ငြင်းချက်ထုတ်သည်။

နှစ်သုံးဆယ်ကျော် လွန်မြောက်လာသောအခါ ဂေါ်ဘာချက်လက်ထက်၌ ၀ါရှင်တန်က ပေးခဲ့သော “ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံများသို့ NATO  ကို ထပ်မံချဲ့ထွင်ခွင့်မပြု”တည်းဟူသော အာမခံချက်သည် ရုရှားခေါင်း ဆောင်များအကြား အသက်ဝင်နေဆဲဖြစ်ပြီး လက်ရှိပေါ်ပေါက်နေသော ယူကရိန်းအကျပ်အတည်း၌ အကြီးအကျယ် ဂယက်ရိုက်ခတ်လျက် ရှိနေသည်။

စစ်အေးခေတ်၏ အဓိကပြိုင်ဘက်ဖြစ်ကြသော ဆိုဗီယက်နှင့် အမေရိကန်တို့အပြင် ဥရောပနိုင်ငံများအနေနှင့် ယခင်ဆိုဗီယက် အုပ်စုဝင်များကို အချုပ်အခြာအာဏာပိုင် နိုင်ငံများ ဖြစ်တည်လာစေရေးအတွက် ကူညီ ပ့ံပိုးသွားရန် အဆုံးစွန် သဘောတူညီခဲ့ကြသည်။ ယူကရိန်းကိစ္စကို ဇောင်းပေးပြောကြားရလျှင် ၁၉၉၄ ခုနှစ်၌ ဘူခါရက် အကြမ်းဖျင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ ကိယက်ဗ်သည် ဆိုဗီယက်ခေတ်ဟောင်းက တည်ရှိခဲ့သော နျူကလီးယားအပါအဝင် လက်နက်ခဲယမ်းများကို ပြန်လည်လွှဲ အပ်ပေးရန်၊ ဆောင်ရွက်ချက်ပြီးစီးချိန်တွင် ယူကရိန်း၏လွတ်လပ်ရေးကို အသိအမှတ်ပြုရန်ဖြစ်သည်။ ဘူခါရက် သဘောတူညီချက်အရ လိုအပ်သော ဥပဒေပြဋ္ဌာန်းချက်များရေးဆွဲ ပြီးချိန်၌ ယူကရိန်းသည် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် တရားဝင် ရောက်ရှိလာသည်။

အနောက်အုပ်စုသည် ရုရှားကို ဆန့်ကျင်သည့်အနေနှင့် ယူကရိန်းကို ထိန်းချုပ်နိုင်ရေးအတွက် NATO  မဟာမိတ်အဖွဲ့အတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းရန်ကြံစည်နေကြောင်းကို မော်စကိုက တောက် လျှောက်ယုံကြည်ခဲ့သည်။ ပူတင်သည် ထိုပိုင် နက်နယ်မြေကို အနောက်အုပ်စုရန်မှ ကာကွယ်ရန် စစ်ပွဲတစ်ခုကို စွန့်စားမည်လော။ ပူတင်အဖို့  ဤစစ်ပွဲသည် မဟာဗျူဟာအရ အရေးပါသည်သာမက ရုရှား၏မိသားစုမျိုး နွယ် သက်ဆင်းပုံကိစ္စဟုလည်း ဆိုနိုင်သည်။

အားလုံးကို ပေါင်းချုပ်ရသော် ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားစကားပြောဆိုသည့် လူအစုများ အဓိကနေထိုင်ကြပြီး ရုရှားနိုင်ငံ နှင့် ခိုင်မြဲသော ချည်နှောင်မှုရှိနေသည်။ တစ်ဖန် မဟာကက်သရင်းမှသည် ရုရှားခေါင်း ဆောင်အစဉ်အဆက်က ယူကရိန်းသည် ရုရှားပါ၀ါကို ဆန့်ထုတ်ထားရာအဖြစ် ရှုမြင်ခဲ့ကြ၏။ (ထိုကာလမတိုင်မီကဆိုလျှင် ရုရှား ယဉ်ကျေးမှုအမွေအနှစ်များကို ကိက်ဗ်ရပ်စ်-Kievan Rus အဖြစ် ခြေရာခံနိုင်သည်။)

 

လိမ္မော်ရောင် တော်လှန်ရေး

မော်စကိုနှင့် ၀ါရှင်တန်အကြား ဖြောင့်ဖြူးသော ဆက်ဆံရေးလမ်းကြောင်းရှိခဲ့ရာမှ ယခင်ဆိုဗီယက်၏ ဘောလ်တစ်အုပ်စုဝင် ပိုလန်နိုင်ငံ NATO  သို့ ဝင်ရောက်ခြင်း၊ ၂၀၀၄ ခုနှစ်၌ ကိယက်ဗ်တွင်အုပ်စိုးနေသော ရုရှားနှင့် မဟာမိတ်အစိုးရကို “လိမ္မော်ရောင် တော်လှန်ရေး” ဖြင့် ဖြုတ်ချရန် ၀ါရှင်တန်က ကူညီခဲ့ခြင်း၊ ထိုနေရာတွင် ဗစ်တာ ယက်ရှ်ချင်ကိုနှင့်အစားထိုးခဲ့ခြင်းတို့ကြောင့် အဖုအထစ်များ ဖြစ်လာခဲ့သည်။

Asia Times မှ ဒေးဗစ်ပီဂိုးလ်မင်း၏ ရေးသားချက်အရ ၂၀၀၄ ခုနှစ် ယူကရိန်း သမ္မတရွေးကောက်ပွဲ၏ တရားဝင်သတင်း ထုတ်ပြန်မှုကို အမေရိကန်ကျောထောက် နောက်ခံပြုပေးထားသော ဆန္ဒပြသူများက ဆန့်ကျင်နေကြသည်ကို ပူတင်အနေနှင့် ကြက်သေ,သေကာ စောင့်ကြည့်နေခဲ့၏။ ဆန္ဒပြသူတို့၏ အလေးအနက်တောင်းဆိုမှု နှင့်အညီ အမေရိကန် “လူ” ဖြစ်သော ယက်ရှ်ချင်ကို အာဏာရလာခဲ့သည်။

ပူတင်သည် အမေရိကန်များနှင့်ပတ်သက်၍ “ငါ့ကို လိမ်လေခြင်း”ဟု ဒေါသထွက်ကာ “နောင်တွင် မည်သည့်အခါမှ ယုံကြည်ရန် အကြောင်းမရှိ” ဖြစ်သွားခဲ့သည်။ “အနောက်နိုင်ငံများအနေနှင့် ယူကရိန်းအပေါ် ထပ်မံချည်နှောင်လာနိုင်သော မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်းသည် ရုရှားတို့အဖို့ မှန်းဆရခက်ခဲသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်” ဟု ဂိုးလ်မင်းက ထောက်ပြခဲ့သည်။ သို့သော် မော်စကိုနှင့် မဟာမိတ်ဖြစ်ရန် အမေရိကန်တို့က အလေးဂရုမပြုသော ကာလအတွင်း တရုတ်သည် ဤဟာကွက်ကို အ ခွင့်ကောင်းယူကာ ရုရှား၏ မဟာဗျူဟာမြောက် လက်တွဲဖက်အဖြစ် အစားထိုး ရောက်ရှိသွားခဲ့သည်။

ယခုအချိန်၌ လွန်ခဲ့သော နှစ် ၃၀ အတွင်း ချမှတ်ခဲ့သည့် ဆိုးရွားသော ဆုံးဖြတ်ချက်များကြောင့် အနောက်အုပ်စုသည် သုံးစားမရသော ရလဒ်များထွက်ပေါ်ခဲ့ကြောင်း မျက်တွေ့လက်တွေ့ မြင်နေကြရပြီဖြစ်သည်။ ထို့ထက်ပို၍ ဆိုးသည်မှာ အဖျင်းဆုံးအားဖြင့် အနောက်နိုင်ငံအချို့သည် မိမိတို့ ရာဇဣ န္ဒြေနှင့် မလျော်ညီစွာ မှားယွင်းသော စီရင်ဆုံး ဖြတ်မှုပြုလျက် ရုရှားကို ကျူးကျော်လာအောင် “ဆွ” ပေးလျက် ယူကရိန်းနိုင်ငံအတွင်း သွေးချောင်းစီးစေရန် ကြံစည်နေကြခြင်း ဖြစ်သည်။

 

မလုပ်အပ်သော ကိစ္စ

လေးစားထိုက်သော စစ်ရေးမဟာဗျူဟာပညာရှင် အက်ဒွပ်လွတ်ဝါ့ခ်က အနောက်အုပ်စုက ကျောထောက်နောက်ခံပြုပေးသော မည်သည့်သောင်းကျန်းမှုမျိုးမဆို ယူကရိန်းတွင် ပေါ်ပေါက်ခဲ့သော် ရုရှားက ကျူးကျော် သိမ်းပိုက်လိမ့်မည်ဟု အထပ်ထပ်အခါခါ ပြောကြားခဲ့သည်။ လွတ်ဝါ့ခ်က ရုရှားအနေ နှင့် ယူကရိန်းကို ထိန်းချုပ်ရန် “စစ်သားအနည်းငယ် အသက်ပေးရုံမျှသာ” ရင်းသွားမည် ဖြစ်ကြောင်း တွက်ပြခဲ့သည်။ ရုရှားသည် “သူရဲကောင်းဆန်စွာ အသက်စွန့်လွှတ်သူများ”ကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းဖြစ်သဖြင့် တိုင်းပြည်အတွက် အသက်ပေးလိုသော လူငယ်လူရွယ်များစွာရှိသည်။ ဆီးရီး ယားစစ်မြေပြင်၌ ထိုကဲ့သို့ စွန့်လွှတ်စွန့်စား ရုရှားလူငယ်များကို မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။

အချို့သော အနောက်တိုင်းမှ ပိုင်းခြား စိတ်ဖြာ သုံးသပ်သူများက ယူကရိန်းအာဏာ ဖီဆန်သူများသည် ၁၉၃၉ ခုနှစ်အတွင်း ဆိုဗီယက်ကျူးကျော်မှုကို တွန်းလှန်ခဲ့သော ဖင်းနစ်ခုခံသူများကဲ့သို့ အောင်ပွဲခံသွားလိမ့်မည်ဟု ငြင်းချက်ထုတ်ထားပြန်သည်။ ဤပုဂ္ဂိုလ်များ မျက်စေ့လျှံသွားကြသည်မှာ ဖင်းလူမျိုးများသည်  သူတို့တိုင်းပြည်အပေါ် ထိုသို့သော ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် အနှစ် ၂၀ နီးပါး ပြင်ဆင်ခဲ့ကြပြီး စည်းလုံးညီညွတ်မှု၊ သူတို့အစိုးရအပေါ် ယုံကြည်အားထားမှုမျိုး ယနေ့ယူကရိန်း၌ မရှိခြင်းဖြစ်သည်။

ထို့အပြင် တပ်နီတော်ကို ဖင်းလူမျိုးတို့၏ ခုခံမှုမှာ ဆိုဗီယက်တို့ ဖင်လန်နိုင်ငံအား တိုက်ရိုက်သိမ်းပိုက်ခြင်းကို ကာကွယ်ပေးခဲ့သည်။ ထိုခုခံတော်လှန်မှုမှ “Finlandization” ဆိုသော ဝေါဟာရအသစ် သမိုင်းတွင်ရစ် သည်အထိ၊ ဖင်လန်နိုင်ငံသည် “သူ့အချုပ် အခြာအာဏာကို ထိန်းသိမ်းခဲ့ရုံမျှမက ဆိုဗီယက်ယူနီယံနှင့် တန်းတူရည်တူ ဆက်ဆံနိုင်သည်အထိ” အားအင်ရှိခဲ့ပါသည်။

ရလဒ်အနေနှင့် စစ်အေးကာလတစ် လျှောက်လုံး ဖင်လန်နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များမှာ ဖင်းတို့၏ လက်ဝယ်တွင်သာရှိပြီး နိုင်ငံခြားရေးမူဝါဒကသာ မော်စကို နှင့် တစ်သံတည်း ထွက်ခဲ့သည်။ တစ်ချိန်တည်း၌ အခြားသော နော့ဒစ်နိုင်ငံများမှာမူ တပ်နီတော်၏ ကျူးကျော်မှုနှင့်အတူ သွေးထွက်သံယိုဖြစ်ရပ်များ ခံစားခဲ့ကြရသည်။

Finlandization နှင့် အလားသဏ္ဌာန်တူ ပုံစံမှာ ရုရှားတို့ ခရိုင်းမီးယားကို သိမ်းပိုက်ပြီးနောက်၊ အနောက်နိုင်ငံများနှင့် ရုရှားတို့ သဘောတူညီချက်ရရှိခဲ့ချိန်တွင် ပြန်မြင်ရသည်။ ခရိုင်းမီးယားမှအပ ကျန်ယူကရိန်းတစ် နိုင်ငံလုံးကို ရုရှားတို့ သိမ်းပိုက်သည်နှင့် နှိုင်းစာလိုက်လျှင် မော်စကိုသည် Minsk II Protocol ကို သဘောတူခဲ့၏။ သို့ဖြစ်၍ ယူကရိန်းမှာ ပထဝီဝင်နိုင်ငံရေးအရ ဥရောပတိုက်အတွင်း “ကုတို့ဆိပ်မှ မှို့အိတ်ကြီးသဖွယ်” ကျန်ရစ်နေခဲ့သည်။ မည်သည့်ပါ၀ါပိုင်ရှင်ကမှ ဤသဘောတူညီချက်ကို မနှစ်မြို့ကြဘဲ မည်သူကမျှ တိတိကျကျ လိုက်နာခြင်းလည်း မရှိခဲ့ပါ။ သို့အတွက် ယူကရိန်းအကျပ်အတည်းမှာ တင်းမာမှုများ မြင့်တက်လာခဲ့ရတော့သည်။

ထပ်ဖြည့်ကြည့်ရမည့် ကိစ္စရပ်မှာ အမေရိကန်တို့၏ ပြည်ပသောင်းကျန်းသူအပေါ် ထောက်ပ့ံခဲ့သောသမိုင်း “ရိုင်း”ခဲ့ပုံဖြစ်၏။ ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း မူဂျာဟီဒင်များကို သူပုန်မွေးခဲ့ခြင်း၊ လစ်ဗျားနှင့် ဆီးရီး ယားပြည်တွင်းစစ်အတွင်း အစ္စလာမ္မစ် သောင်းကျန်းသူမျိုးစုံကို ချီးမြှောက်ခဲ့ခြင်းများသည် နောက်ဆုံးတစ်နေ့၌ အမေရိကန်တို့ကို “ပညာပေး”သော တိုင်းရင်းသား မျိုးချစ်အင်အားစုများအဖြစ်သို့ ရောက်ရှိသွားခဲ့ကြသည်။ ၀ါရှင်တန်အနေနှင့် ဤကဲ့သို့သော “မျက်တောင်တစ်ဆုံး” ဆောင်ရွက်ချက်များ ရပ်တန့်သင့်ပါပြီ။

 

လုပ်သင့်လုပ်ထိုက်သော ကိစ္စများ

အနောက်အုပ်စုအတွက် ဆောင်ရွက်ထိုက်သော ကိစ္စရပ်မှာ NATO  အဖွဲ့ဝင်နိုင်ငံများနှင့် NATO  မဟုတ်သေးသော အစိုးရများအကြား ထင်ရှားသည့်ကွာခြားချက်ကို လေးစားလိုက်နာကြရန် ဖြစ်သည်။ အနောက် အုပ်စုအနေနှင့် ထိုနယ်သတ်မူဘောင်ကို တင်းတင်းရင်းရင်း လေးစားသည်နှင့်တစ်ပြိုင်နက် မော်စကိုကလည်း ယူကရိန်း၌ ပေါ်ပေါက်နေဆဲ အကျပ်အတည်းမျိုး ဖော်ဆောင်လာရန် အကြောင်းမရှိပါ။ အနောက်အုပ်စု အနေနှင့် ယခင်ဆိုဗီယက်ကမ္ဘာမှ ယခု NATO  အဖွဲ့ဝင် ဖြစ်လာသော ပိုလန်ကဲ့သို့ နိုင်ငံမျိုးကို လူသိရှင်ကြား အကောင်းဆုံး ဆောင်ရွက်ပေးရမည်။ ဤနိုင်ငံမျိုးသည် သူ့တိုင်းပြည်ကို သူ မြတ်နိုးရင်းစွဲရှိသည့်အလျောက် အနောက်နိုင်ငံများက အားဖြည့်ပေးခြင်းဖြင့် အနာဂတ်ကာလ၌ ဖြစ်တန်ရာရှိ သော ရုရှားကျူးကျော်မှုကို သူ့တို့ကိုယ်တိုင် ရင်ဆိုင်ကာကွယ်သွားနိုင်ပါလိမ့်မည်။

အခြားတစ်ဘက်မှ ရှုမြင်သော် ယူကရိန်းသည် “ဖွတ်မရ ဓားမဆုံး” ပြဿနာဖြစ် လိမ့်မည်။ အမေရိကန်အနေနှင့် ဤကိစ္စကို အကြောင်းပြု၍ ရုရှားနှင့် စစ်ခင်းကြမည်ဆို လျှင် မယုံကြည်နိုင်လောက်အောင် မိုက်မဲရာ ကျလိမ့်မည်။

ပိုလန်လူမျိုး မဟာဗျူဟာပညာရှင် ဂျက်ဆက် ဘာတိုဆိုက်သည် အနာဂတ်ကာလ၌ ရုရှားက သူ့တိုင်းပြည်ကို ကျူးကျော်လာခဲ့သော် ဟန့်တားတိုက်ခိုက်နိုင်မည့် ပရော့ဂျက်တစ်ခုကို ရည်မှန်းချက်ကြီးကြီးထား၍ ဆောင် ရွက်နေသည်။ ပိုလန်နိုင်ငံ၏ တပ်မတော်သစ် ပုံစံပြု (Newe Army Model for Poland) ဟု လူသိများသော ထိုတွေးဆချက်အရ ဘာတိုဆိုက်၏ စီမံကိန်းသည် ယုတ္တိရှိရှိ၊ဉာဏ် အမြော်အမြင်ကြီးမားပြီး ဥရောပတိုက်အ တွင်း ဆိုဗီယက်ခေတ် ထုံးစံဖြစ်ခဲ့သော ရုရှား ၏ ပြည်ပမြေသိမ်းယူမှုကို ခုခံနိုင်ရန် ဗျူဟာ ခင်းထားပါသည်။

ရုရှားသည် ဘောလ်တစ်နိုင်ငံများသို့ NATO  ၏ ချဲ့ထွင်မှုကို မခံမရပ်နိုင်ဖြစ်သော် လည်း ၂၀၀၈ ခုနှစ်အထိ အသည်းအသန် မကန့်ကွက်ခဲ့ပါ။ NATO  အာဏာပိုင်များက နိုင်ငံတကာသတင်းစာရှင်းလင်းပွဲ၌ ]NATO  အဖွဲ့ဝင် ဖြစ်လာတော့မည့်} နှစ်နိုင်ငံကို အမည်နှင့်တကွ ဖော်ထုတ်လိုက်ချိန်မှစ၍ ယခုအကျပ်အတည်း စခဲ့ခြင်းဖြစ်သည်။

သမိုင်းကြောင်းကိုပြန်ကြည့်လျှင် ရုရှား ခေါင်းဆောင်များသည် သူတို့၏နယ်စပ်ဒေသ များကို စစ်ကြောင်းထိုးလာနိုင်သော ပျော့ ကွက်မရှိစေရန် အပိတ်အဆို့ ပြုလေ့ရှိသည်။ မြင်သာသောဥပမာအဖြစ် ကရင်မလင်သည် သူတို့ ဆတ်ဆတ်ထိမခံနိုင်သော ရန်သူထိုးဖောက်လာနိုင်ဖွယ်ရှိသည့် နယ်စပ်များတွင် ကြားခံဇုန်များဖန်တီးလျက် အကာအကွယ် ယူထားသည်။

အနောက်နိုင်ငံခေါင်းဆောင်များအနေနှင့် ယခုဖော်ပြခဲ့သော ရုရှား၏ စိုးရွံ့မှုများကို အလေးထား လေ့လာသင့်ပါသည်။ ရှောင်လွှဲ နိုင်သော သို့မဟုတ် ကြိုတင်မှန်းဆနိုင်သော သဘောမတူညီချက်များကို အရင်းပြုကာ ဥရောပ၌ ရုရှားနှင့် စစ်ခင်းရမည့်အရေးကို လျော့ပါးသက်သာစေရန် အားထုတ်ကြရပါ မည်။

ဤအရေးအရာများကို မဟာဗျူဟာ မြောက် တွေးတောရာတွင် အနောက်အုပ်စု အနေနှင့် ]မျက်ကလူးဆန်ပြာ} ဖြစ်နေကြ သော်လည်း ရုရှားအနေနှင့် ယူကရိန်းနှင့် ပတ်သက်၍ သူ့ကိုယ်ပိုင်လမ်းကြောင်းအ တိုင်း ခရီးဆက်ပါလိမ့်မည်။ မော်စကိုအပေါ် အနောက်နိုင်ငံများက အင်အားနှင့် ရင်ဆိုင် ကြမည်လော၊ သို့တည်းမဟုတ် အရေးနိမ့် ကြောင်း ဝန်ခံကြမည်လော။

စိတ်ကြီးဝင်နေသော အနောက်နိုင်ငံ ခေါင်းဆောင်များအနေနှင့် သောင်းကျန်းသူ များကို အထောက်အပ့ံပေးခြင်းမှာ ရယ်ရွှင် ဖွယ်ရာ အကြံအစည်ဖြစ်ရုံမျှမက ယူကရိန်း၌ ထိုသို့ ]ကပျက်ကချော်}လုပ်ခဲ့သော အနေ အထားမှာ နောင်ဆယ်စုနှစ်ချီကာ ဆိုးရွားသွားနိုင်သည်။ အနောက်နိုင်ငံခေါင်းဆောင်များသည် သူတို့၏ NATO  နယ်နိမိတ်များကို ကာကွယ်နိုင်စွမ်းရှိစေရန် အစီအစဉ်ပြန်ဆွဲ ရပါမည်။ ဥရောပတိုက်အတွင်း ယခင်ဆိုဗီယက်၌ ပါဝင်ခဲ့ဖူးသော ယခု NATO  အဖွဲ့ ဝင်နိုင်ငံများအပေါ် အနာဂတ်ကာလ၌ ရုရှား က ကျူးကျော်လာလျှင် ခုခံဟန့်တားနိုင်စွမ်း ရှိလာစေရန် ဆောင်ရွက်ပေးရမည်။

NATO  သည် အရေးကြီးသောအင်အားစုအဖြစ် တည်တ့ံနေဆဲဖြစ်ပါက ရုရှား၏ ခြိမ်းခြောက်မှုများအနက် မိမိအဖွဲ့ဝင်ဖြစ်ပြီးသား ဥရောပတိုက်မှ နိုင်ငံများအပေါ်တွင် အထူးအာရုံစိုက်ရပါမည်။ ဤလက်တွဲဖော် မဟာမိတ်များ၏ ကာကွယ်ရေးကိစ္စများကို ပ့ံပိုးဖြည့်ဆည်းပေးခြင်းဖြင့် ရေရှည်တည်တ့ံ ခိုင်မြဲသော ခုခံရေးအမြုတေကို ဖန်တီးပြီး ဖြစ်သွားပါမည်။ ပိုလန်နိုင်ငံမှ ဘာတိုဆိုက်၏ “New Army Model for Poland” မျိုးကို အားပေးရပါမည်။


READ NEXT
Cancel OK