ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သာတူညီမျှရရှိစေရန် ရည်ရွယ်သည့် Covax အစီအစဉ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကာကွယ်ဆေးပုံမှန်ထောက်ပံ့ပေးမှုကို ရေရာသေချာမှုရှိစေရန် ကာကွယ်ဆေးများကို ၎င်းတို့လက်ဝယ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိစေရန် ဆောင်ရွက်ခြင်းအားဖြင့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါကို အဆုံးသတ်နိုင်ရန်ရည်မှန်းလျက် ရှိသည်။
စီးပွားရေးအနိမ့်ပါးဆုံးနိုင်ငံ ၉၁ နိုင်ငံအတွက် အလှူရှင်များ၏ ငွေကြေးထောက်ပံ့မှုဖြင့် ကာကွယ်ဆေးများဝယ်ယူရန် ရည်ရွယ်သည့် အဆိုပါကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ ပေးပို့ခဲ့သည့် ကာကွယ်ဆေးပမာဏမှာ ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် အလုံးရေ တစ်ဘီလျံမြောက်ရှိလာခဲ့ပြီဖြစ်သည်။ တစ်နှစ်ကြာနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် မျှော်မှန်းထားသည်ထက် များစွာနောက်ကျပြီးမှ ယင်းကဲ့သို့အထင်ကရမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
၂၀၂၁ ခုနှစ်တွင် Covax အစီအစဉ်အတွက် ကာကွယ်ဆေးများ လက်ဝယ်ရရှိရေးသည် အဓိကစိန်ခေါ်မှုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာကြွယ်ဝသည့်နိုင်ငံများက ရရှိလာသော ကာကွယ်ဆေးအများစုကို လက်ဝါးကြီးအုပ်ထားသည့်အပြင် ထုတ်လုပ်သည့်နိုင်ငံများက ကာကွယ်ဆေးများအား ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်ခြင်း၊ စည်းမျဉ်းပိုင်းဆိုင်ရာတွင် ကြိုးနီစနစ်ကျင့်သုံးခြင်းနှင့် ထုတ်လုပ်မှုဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများနှင့်ပါ ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
၎င်းအစီအစဉ်သည် ကာကွယ်ဆေးများကို စျေးနှုန်းချိုသာစွာဖြင့် အမြောက်အများဝယ်ယူရခြင်း မဟုတ်သည့်အတွက် ချမ်းသာကြွယ်ဝသော နိုင်ငံများကလှူဒါန်းသည့် ကာကွယ်ဆေးများကိုသာ မှီခိုအားထားခဲ့ရပြီး ယင်းကာကွယ်ဆေးများသည်လည်း မကြာခဏဆိုသလို သက်တမ်းကုန်လုနီးပါးဖြစ်နေသောကြောင့် အချိန်မီအသုံးမပြုနိုင်ခဲ့ပေ။
၂၀၂၂ တွင်မူ ကာကွယ်ဆေးထုတ်လုပ်မှုမှသည် လက်ခံရယူမည့်နိုင်ငံများသို့ ထိထိရောက်ရောက်ဖြန့်ဝေပေးနိုင်ရန် ကြိုတင်စီစဉ်လာနိုင်သည်အထိ ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် အဆင်ပြေချောမွေ့လာသဖြင့် Covax အစီအစဉ်အတွက် မျက်နှာစာသစ် ဖွင့်လှစ်နိုင်ခဲ့သည်။
Covax အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကာကွယ်ဆေးဝယ်ယူရရှိမှုအတွက် တာဝန်ယူထားသည့် ဂါဗီကာကွယ်ဆေးမိတ်ဖက်အဖွဲ့အစည်းနှင့် အလားအလာရှိသော ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံပေးသည့်Coalition for Epidemic Preparedness Innovations (CEPI)တို့က အတူတကွဦးဆောင်နေခြင်းဖြစ်သည်။
■ မမျှတမှုများဖြစ်လာမည်ကို စိုးရိမ်မှုများရှိလာ
ယခုနှစ်တွင် ကာကွယ်ဆေးများကို ပုံမှန်ပေးပို့နိုင်ရန် Covax အစီအစဉ်အတွက် လာမည့်သုံးလအတွင်း ဒေါ်လာ ၅.၂ ဘီလျံ တောင်းခံထားသည်။
“ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်မှုသံသရာနဲ့ အတိဒုက္ခတွေ၊ ဝေဒနာတွေကို ရပ်တန့်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကျွန်တော်တို့ လိုအပ်နေတဲ့အရာကတော့ ၂၀၂၂ ခုနှစ်မှာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်လာမယ့်စိန်ခေါ်မှုအသစ်တွေကို အလိုက်သင့်ဖြတ်ကျော်နိုင်အောင် အဲဒီနိုင်ငံတွေကို အကူအညီပေးနိုင်မယ့်အင်အားနဲ့ အရင်းအမြစ်တွေပါပဲ” ဟု ဂါဗီကာကွယ်ဆေး မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဆက်သ်ဘာကလေက ပြောကြားခဲ့သည်။
သို့ဖြစ်ရာ Covax အစီအစဉ်မှ ခိုင်မာသော ကာကွယ်ဆေးထောက်ပံ့ပေးပို့မှု သေချာစေရေးနှင့် အားဖြည့်ကာကွယ်ဆေး သို့တည်းမဟုတ် မျိုးကွဲဗိုင်းရပ်စ်သစ်များအတွက် သီးသန့်ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းကဲ့သို့ နောက်ဆုံးဖြစ်လာနိုင်သည့်အခြေအနေ အပြောင်းအလဲများကို ကာမိစေရန်အလို့ငှာ ကာကွယ်ဆေးပမာဏသန်း ၆၀၀ အတွက် ရန်ပုံငွေထူထောင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ထို့ပြင် ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် ကာကွယ်ဆေးဖြန့်ဝေမှုနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အဆင်သင့်ဖြစ်စေရန်အတွက်သာမက ဆေးထိုးပြွန်များနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ကာမိစေရန်အတွက်လည်း ဂါဗီအဖွဲ့ကြီးက အထောက်အကူပေးရန် လိုအပ်လျက်ရှိသည်။
“လာမယ့်ခြောက်လအတွင်း ကာကွယ်ဆေးထောက်ပံ့မှုတွေမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မျိုးကွဲဗိုင်းရပ်စ်သစ်အတွက် သီးသန့်ကာကွယ်ဆေးတွေ ရှိလာမယ်ဆိုရင် မမျှတမှုတွေရှိလာမှာကို နည်းနည်းတော့ စိုးရိမ်မိပါတယ်” ဟုလည်း ဘာကလေက ဆိုသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၉၁ နိုင်ငံမှ ပြည်သူများ၏ ၄၅ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အတည်ပြုကာကွယ်ဆေးများ အလုံအလောက်ရရှိထားပြီးဖြစ်ကြောင်း Covax အစီအစဉ်မှ တာဝန်ရှိသူများက ယူဆလျက်ရှိသည်။
သို့ရာတွင် ကပ်ရောဂါဖိစီးနှိပ်စက်နေသောအခြေအနေကို အဆုံးသတ်နိုင်ရန်အတွက် ယခုနှစ် ဇူလိုင်လနောက်ဆုံးထား၍ ကမ္ဘာ့နိုင်ငံအားလုံးတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။ အထူးသဖြင့် နိုင်ငံ့လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးတစ်ကြိမ်ပင် ထိုးနှံပေးရခြင်းမရှိသေးသည့် အာဖရိကဒေသမှ နိုင်ငံအများအပြားအတွက်မူ ယင်းပမာဏသည် အလွန်အလှမ်းဝေးလျက်ရှိသည်။
လက်ရှိကာကွယ်ဆေးဖြန့်ဝေမှုနှုန်းအရဆိုလျှင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံသည် ယင်းလျာထားချက်ကို ပြည့်မီလိမ့်မည်မဟုတ်ကြောင်း WHO က သုံးသပ်ထားသည်။
■ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာ
ကိုးလအတွင်း အလွန်ထိရောက်သည့် ကိုဗစ်ကာကွယ်ဆေးများ ပေါ်ပေါက်လာမည်ဟု ထင်မြင်ယူဆသူ အနည်းငယ်သာရှိခဲ့သည့် ၂၀၂၀ ဇွန်လတွင် Covax အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ အစဉ်အလာအရအလားအလာရှိ ကာကွယ်ဆေးအများစုသည် မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့သည့် သာဓကများ ရှိခဲ့ပေသည်။
Covax အစီအစဉ်ဖြင့် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပေးမှုများကို ၂၀၂၁ မတ်လတွင် စတင်ခဲ့ပြီး ထို့နောက်တွင် အခက်အခဲအတားအဆီးများနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရသည်ဟု ဘာကလေက ဆိုသည်။
“ဒါပေမဲ့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကာကွယ်ဆေးတွေ ဖြန့်ဝေရာမှာလည်း အရှိန်အဟုန် တိုးတက်မှုရရှိလာတာကို မြင်တွေ့နေရပါပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
နောက်ထပ်ဘီလျံနှင့်ချီသည့် ကာကွယ်ဆေးများကို ဖြန့်ဝေရန် လေးလမှ ငါးလအထိ ကြာမြင့်ဖွယ်ရှိကြောင်း Covax က ခန့်မှန်းထားသည်။
လက်ရှိဖြန့်ဝေထားသည့် ကာကွယ်ဆေးပမာဏ တစ်ဘီလျံထဲတွင် AstraZeneca ကာကွယ်ဆေး ၂၈၅ သန်းဝန်းကျင်၊ Pfizer ကာကွယ်ဆေး သန်း ၂၆၀၊ Moderna ကာကွယ်ဆေး သန်း ၁၅၀၊ Janssen ကာကွယ်ဆေး ၁၂၅ သန်း၊ Sinopharm ကာကွယ်ဆေး ၉၅ သန်းနှင့် Sinovac ကာကွယ်ဆေး ၈၅ သန်းပါဝင်ခဲ့သည်ဟု သိရသည်။
ယင်းအစီအစဉ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အတည်ပြုထားသည့် ကာကွယ်ဆေးများကိုသာ အသုံးပြုနိုင်ပြီး လတ်တလောတွင် CEPI မှ အဓိကငွေကြေးထောက်ပံ့ထားသည့် Novavax ကာကွယ်ဆေးကိုလည်း အတည်ပြုထားရာ အဆိုပါကာကွယ်ဆေးကုမ္ပဏီအနေဖြင့် ယခုနှစ်ထဲတွင် ထုတ်လုပ်မှုအမြောက်အများ လုပ်ဆောင်ရဖွယ်ရှိနေသည်။
■ ဖြစ်နိုင်ခြေရှိသော မျှော်မှန်းချက်
လက်ရှိမျှော်မှန်းချက်သည် ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် လူအများအပြားအား ကာကွယ်ဆေးထိုးနှံပေးမှုကို မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ရန်ဖြစ်သည်ဟု CEPI ၏ အမှုဆောင်အရာရှိချုပ် ရစ်ချက်ဟတ်ချက်ထ်က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားသည်။ “နောက်ဆုံးမိုင်တိုင်က ၂၀၂၂ အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်” ဟုလည်း ၎င်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ကောင်းမွန်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သီးခြားအကူအညီများ လိုအပ်နေသည်ဟု သိရသည်။
ယေဘုယျအားဖြင့် ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေး ၉.၈ ဘီလျံခန့်ကို ထိုးနှံပေးပြီးဖြစ်ကာ အဆင်းရဲဆုံးနိုင်ငံ ၉၁ တွင် ကာကွယ်ဆေးထိုးနှံမှုများ၏ ၈၂ ရာခိုင်နှုန်းသည် အစီအစဉ်မှဖြစ်သည်။
လက်ရှိတွင် Covax အစီအစဉ်မှ ကာကွယ်ဆေးထောက်ပံ့မှုများကို အများဆုံးလက်ခံရရှိထားသော နိုင်ငံများအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကကာကွယ်ဆေး သန်း ၁၃၀၊ အင်ဒိုနီးရှားနိုင်ငံက ကာကွယ်ဆေး ၈၇ သန်း၊ ပါကစ္စတန်နိုင်ငံက ကာကွယ်ဆေး ၇၇ သန်းနှင့် ဖိလစ်ပိုင်နိုင်ငံက ကာကွယ်ဆေး ၆၆ သန်းတို့ကို အသီးသီးရရှိထားသည်။
လက်ရှိတွင် ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်နေပြီဖြစ်ရာ ဆင်းရဲသောနိုင်ငံများတွင် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် ကူညီခြင်းအားဖြင့် ကပ်ရောဂါ၏ ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲစေနိုင်မည်ဖြစ်ကြောင်း CEPI ၏ အမှုဆောင်အရာရှိချုပ် ဟတ်ချက်ထ်က ဆိုသည်။
“ပင်မကာကွယ်ဆေးထိုးနှံတာပဲဖြစ်ဖြစ် အားဖြည့်ကာကွယ်ဆေးထိုးနှံတာပဲဖြစ်ဖြစ် ကာကွယ်ဆေး ထိုးနှံမှုခံယူဖို့ ဆန္ဒရှိသူတိုင်းကို ကာကွယ်ဆေးထိုးနှံပေးဖို့က ၂၀၂၂ နှစ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ မျှော်မှန်းချက်တစ်ခုဖြစ်ပါတယ်” ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
Ref: AFP
-
သပိတ်ကျင်းမြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ
-
ဘင်္ဂါလီ ၂၅ ဦးအား ရန်ကုန်သို့ပို့ဆောင်ရန် ခေါ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ကားလမ်းတွင် ဖမ်းဆီးရမိ
-
ထိုင်းနိုင်ငံအတွင်း လုပ်အားခလစာတိုးမြှင့်မည့်အစီအစဉ်၌ မြန်မာလုပ်သား လေးသိန်းကျော်ရှိသည့် တာ့ခ်ခရိုင် ချန်လှပ်ခံရဟုဆို
-
ဘူးသီးတောင်မြို့ပေါ်သို့ နေရပ်စွန့်ခွာသူများ ထပ်မံရောက်ရှိလာပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် စစ်ဘေးဒုက္ခသည် ၅၀၀ ကျော်အထိ တိုးလာ
-
၂၀၂၂ ခုနှစ်တွင် ထပ်မံလိုအပ်လာမည့် မဂ္ဂါဝပ် ၃၀၀၀ အတွက် LNG အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စီမံကိန်းသုံးခုနှင့် သဘာဝဓာတ်ငွေ့သုံးစီမံကိန်းတစ်ခုကို စီမံကိန်းများစတင်ရန် စီစဉ်