ဆော်ဒီနိုင်ငံမှ ပြောင်းလဲလိုက်သည့် စားသောက်ကုန်စနစ်အသစ်ကို မြန်မာနိုင်ငံ ကပြည့်မီအောင်ဆောင်ရွက်နိုင်မှသာ မြန်မာ့မွေးမြူရေး ရေထွက်ကုန်များပြန်လည်တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။
ဆော်ဒီမှ မြန်မာ့မွေးမြူရေးရေ ထွက်ကုန်များကို ဧပြီ ၁ ရက်မှ စတင်ရပ်ဆိုင်းခဲ့ပြီး အဆိုပါကိစ္စရပ်အတွက် ဒီဇင်ဘာ ၂၀ ရက် တွင် ကုန်သွယ်ရေးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီးပွားကူးသန်းနှင့် လုပ်ငန်းရှင်ဘက်မှသွား ရောက်ဆွေးနွေးရာဆော်ဒီအစား အသောက်နဲ့ဆေးဝါးကွပ်ကွဲမှု အာဏာပိုင်အဖွဲ့နှင့်တွေ့ ခွင့်ရခဲ့ပြီး အဆိုပါအကြောင်းအရာများအား သိခွင့်ရခဲ့ခြင်းဖြစ်သည်။
“၂၀၁ရနှစ်ဆန်းပိုင်းလောက်က စပြီး တော့သူတို့နိုင်ငံကိုသွင်းနေတဲ့ နိုင်ငံတွေကနေ လာတဲ့ကုန်တွေကို အရည်အသွေး စစ်ဆေးပိုင်းတွေနဲ့ အရည်အသွေးပိုင်းဆိုင်ရာတွေကိုစံချိန်စံညွှန်းမှီမှဘဲ အသွင်းခံတော့ မယ်ဆိုတဲ့စနစ်ကိုပြောင်းလိုက်တာ။ ဆော်ဒီနိုင်ငံကအစားအသောက် အရည်အသွေးပိုင်း ဆိုင်ရာကိုမြင့်တင်ပြီးကြိုးစားနေတဲ့အခါမှာ ကိုယ့်နိုင်ငံက ဒါကိုလိုက်လျောပြီး လုပ်ပေးမှ သူ့နိုင်ငံကိုပို့ခွင့်ရမယ့်အခြေအနေဖြစ်သွားတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေအတွင်းရေမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
မြန်မာ့ငါး၊ ပုဇွန်များ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့်ရပ်ဆိုင်းခြင်းသည် ကမ္ဘာကူးစက် ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ OIE ၏ ကြေညာချက်အရ မြန်မာနိုင်ငံရေ သတ္တဝါတွင် ရောဂါမကင်းစင်သည့်အတွက်ဆော်ဒီနိုင်ငံက ဧပြီ(၁) ရက်မှလက်ရှိအချိန်အထိ ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။
“အအေးခန်းတွေနဲ့ မွေးမြူရေးအပိုင်းကို ဆော်ဒီနိုင်ငံရဲ့သတ်မှတ်ချက်အတိုင်း ကိုက်ညီအောင်လုပ်ပေးရမယ်။ ကိုယ့်ဘက်က ကိုက်ညီအောင်လုပ်ပြီးလို့ သူတို့ကိုအကြောင်းကြားရင် သူတို့လာစစ်မယ်။ ဆော်ဒီနိုင်ငံကို ကုန်ပစ္စည်း ပို့ချင်ပါတယ်လို့လျှောက်ထားတဲ့စက်ရုံကို အရည်အသွေးနဲ့ကိုက်ညီပါတယ်ဆိုတဲ့ စာမေးပွဲစစ်မယ်။ အောင်တဲ့စက်ရုံမှကုန် ပို့လို့ရမယ်။ တခြား စက်ရုံပို့လို့မရဘူး” ဟု ဦးဝင်းကြိုင်ကပြောကြားသည်။
ဆော်ဒီစျေးကွက် ပိတ်သိမ်းခံလိုက်ရသည့် ကိုးလအတွင်း ငါးမွေးမြူသူများ အရှုံးပေါ်မှုဖြစ်သွားကြောင်း၊ မွေးမြူထုတ်လုပ်သူ များ လျော့ကျပြီး ငါးစျေးကြီးမြင့်နေကြောင်း၊ စျေးကွက်ပိတ်သိမ်းလိုက်သည့် ကိစ္စရပ်အား အမြန်ဆုံးသွားရောက်ဆွေးနွေးနိုင်ပါက လက်ရှိအချိန်ထိ အချိန်လစ်ဟာမှုမရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ဆော်ဒီနိုင်ငံမှ ရေထွက်ပစ္စည်းတင်သွင်းခွင့်ပိတ်သိမ်းမှုသည် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံများ ပါတင်သွင်းခွင့် ပိတ်ခံထားရပြီး အဆိုပါနိုင်ငံများကိုဆော်ဒီနိုင်ငံ၏ အစားအသောက်စံနှုန်းသတ်မှတ်ချက်ဖြင့် လိုက်လံစစ်ဆေးမှုများ ပြီးစီးနေပြီး၊ မြန်မာနိုင်ငံသာ စစ်ဆေးရန်ကျန်ရှိနေကြောင်း သိရသည်။