Top News

အကယ်ဒမီမေသန်းနု၏ မွေးနေ့ကုသိုလ်အဖြစ် လှိုင်သာယာပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် နေ့လယ်စာထမင်းဘူးနှင့် အလှူငွေများ လှူဒါန်း
24htopnews | November 21, 2024 6:12 AM CST

အကယ်ဒမီမေသန်းနု၏ မွေးနေ့ကုသိုလ်အဖြစ် လှိုင်သာယာပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ခံထားရသော လူနာများအတွက် နေ့လယ်စာထမင်းဘူးနှင့် အလှူငွေ ကျပ်သုံးသိန်းငါးသောင်းတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းမှုတွင် အကယ်ဒမီမေသန်းနုနှင့် သားဖြစ်သူ မင်းသန့်မောင်မောင်တို့ အတူသွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ အကယ်ဒမီမေသန်းနု၏ မွေးနေ့ညပိုင်းတွင် သားဖြစ်သူနှင့်မွေးနေ့ကိတ်လှီးကာ မွေးနေ့ညစာစားပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

“အဓိကတော့ မွေးနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့လူနာတွေကို လှူဒါန်းချင်တယ်။ ခါတိုင်းတုန်းကတော့ ဘုန်းကြီးကျောင်းတွေမှာ မွေးနေ့ဆိုရင် လှူဒါန်းနေကျပေါ့။ အခုကတော့ ကိုဗစ်ကပ်ရောဂါကာလဖြစ်နေတော့ ကျန်းမာရေးဝန်ထမ်းတွေကို အဓိကလှူဒါန်းဖြစ်တာပါ။ မွေးနေ့မှာ အခုလိုကုသိုလ်ဒါနပြုခွင့်ရတော့ ပီတိဖြစ်ပါတယ်။ ချစ်ရတဲ့သားသားနဲ့အတူ ကုသိုလ်ပြုခွင့်ရတယ်။ မွေးနေ့မှာ ပျော်ရွှင်ရတယ်ဆိုတော့ ပိုကြည်နူးရတာပေါ့” ဟု အကယ်ဒမီမေသန်းနုက မွေးနေ့လှူဒါန်းမှုကုသိုလ်အား ပြောပြခဲ့သည်။

“ကျွန်တော့်အမေမွေးနေ့မှာ ကိုဗစ်ကာလလည်းဖြစ်နေတော့ ကျန်းမာရေးဝန်ထမ်းတွေကို အရမ်းလှူစေချင်တယ်။ ပြီးတော့ လူနာတွေကိုရောပေါ့။ အမေကလည်း ဒီလိုပဲ လှူချင်တယ်ဆိုတော့ အရမ်းပီတိဖြစ်ရပါတယ်။ ဒီထက်ပိုပြီးတော့လည်း လှူခွင့်ရချင်ပါတယ်။ မွေးနေ့မှာ အမေ့ကို စိတ်ချမ်းသာ ပျော်ရွှင်ပြီး ကျန်းမာပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဟု သားဖြစ်သူ မင်းသန့်မောင်မောင်က ဆိုသည်။

အကယ်ဒမီမေသန်းနု၏ မွေးနေ့အတွက် အနုပညာရှင်များနှင့် ပရိသတ်များကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။


READ NEXT
Cancel OK