အက်ရှင်မင်းသမီးတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှုရရှိခဲ့ပြီးနောက် ‘သရာစောထိ’ရုပ်ရှင်ဇာတ်ကားတွင် ရိုးသားပွင့်လင်းကာ ချစ်စဖွယ် တိုင်းရင်းသူလေးအဖြစ်ပါဝင်ခဲ့ပြီးနောက် ပရိသတ်အားပေးမှုများစွာ ထပ်မံရယူနိုင်ခဲ့သူတစ်ဦး မှာ သရုပ်ဆောင်ယဉ်လတ်ဖြစ်သည်။
လတ်တလောတွင် သရုပ်ဆောင်ရဲလေး၊ ဘီလီလမင်းအေး၊ ဂိုဂိုတို့နှင့်အတူ ‘သုံးပွင့်ထပ်တေး’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်လျက်ရှိပြီး မီနီဇာတ်လမ်းတွဲများ ရိုက်ကူးလျက်ရှိကာ ထပ်မံရိုက်ကူးရန်လည်း စီစဉ်ထားသည်။ ယဉ်လတ်နှင့်တွေ့ဆုံဖြစ်သည့်အခိုက် ဇာတ်ကားရိုက်ကူးရန်ပြင်ဆင်ထားသည်များ၊ ‘သုံးပွင့်ထပ်တေး’ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် အမှတ်တရများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး အရင်ဆုံးပြောပေးပါဦး။
ဖြေ- လတ်တလောက ‘သုံးပွင့်ထပ်တေး’ ဆိုတဲ့ဇာတ် ကားမှာ ပါဝင်ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ တော့ ကိုရဲလေးရယ် မဘီလီလမင်းအေးရယ်၊ ဂိုဂို ရယ် ယဉ်လတ်ရယ်ပေါ့။
မေး- ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ဖြေ- အဓိကတော့ တောသူမလေး။ ဘာမှမသိ နားမလည်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အဲဒီလိုပုံစံလေး သရုပ်ဆောင်ရပါမယ်။
မေး- ယဉ်လတ်က အပြင်မှာလည်း အနေအေးတဲ့ အထဲမှာပါတော့ ကာရိုက်တာနဲ့အပြင်ဘဝနဲ့က နီး စပ်တယ်လို့ပြောလို့ရမလား။
ဖြေ-ပြောလို့ရပါတယ်။ အပြင်မှာလည်း မသွားတတ်မလာတတ်၊ တစ်ခုခုဆို လည်း ကြောက်တတ်တယ်ဆိုတော့ တော်တော်ကြီးကိုနီးစပ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရ ဘူး။ သွက်သွက်လက်လက်ပို ပြီး ဖြစ်ချင်တယ်။ ကိုယ့်စိတ်ကို လည်းပြောင်းချင်တယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက နေလာတဲ့ပုံစံကိုက အဲဒီလိုဖြစ်နေတာပေါ့။
မေး- ကာရိုက်တာနဲ့ ထပ်တူကျဖို့အတွက်ရော ဘာတွေပြင်ဆင်ထားသေးလဲ။
ဖြေ- ကာရိုက်တာတစ်ခုသရုပ် ဆောင်ပြီဆိုရင်တော့ အသေးစိတ်ကအစ သတိထားရတာ ပေါ့။ အက်ရှင်ကားတွေ ရိုက်တယ်ဆိုရင် လှုပ်ရှားမှုတွေကအစ မာမာထန်ထန်ဖြစ်နေတာမျိုးရှိတယ်။ အခုသရုပ်ဆောင် တာကတော့ အရမ်းအေးပြီးဘာမှနားမလည်တဲ့ မိန်းကလေးတစ်ယောက် ပုံစံဖြစ်ရမှာဆို တော့ လမ်းလျှောက်တဲ့ဟန်ကအစသေချာလေးပြင်ဆင်ရပါတယ်။ စကား ပြောတဲ့ပုံစံကအစ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပြင်ဆင်ထားပါတယ်။
မေး- စောလားထော်ဝါးနဲ့ Music Video လေးလည်း ရိုက်ထားတယ်နော်။
ဖြေ- ဟုတ်ပါတယ်။ အဲဒီ Music Video လေးရိုက်တော့မှပဲ ကိုစောလားထော်ဝါးနဲ့ပထမဆုံး တွေ့ဖူးတာ။ ဒီသီချင်းလေးရိုက်တာကတော့ ဒါရိုက်တာလိုချင်တဲ့ ပုံစံလေးအတိုင်းဖြစ်အောင်၊ သီချင်းလေးလည်း ပရိသတ်တွေကြားထဲပျံ့နှံ့သွားအောင် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဒီ Music Video ထဲမှာ တချို့ဇာတ်ဝင်ခန်းလေးတွေမှာ Romatic ပုံစံလေးတွေပါတယ်။ ယဉ်လတ်ကို အက်ရှင်ဇာတ်ဝင်ခန်းတွေမှာမြင်ရတာများတော့ ဒီလိုပုံစံလေးမြင်တွေ့တဲ့အခါ ပရိသတ်တချို့က သဝန်တိုကြတယ်။ သဝန်တိုတာချစ်လို့ဆိုတာသိရတဲ့အတွက် ကြည်နူးရ ပေမယ့် အားမပေးတော့ဘူးလို့ပြောတဲ့အထိ တွေ့ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။
မေး-အချစ်ရေးနဲ့ပတ်သက်ရင်ရော ဘယ်လိုဆုံးဖြတ်ထားလဲ။
ဖြေ- အချစ်ရေးကတော့ ဖေဖေတို့က အသက် ၁၈ နှစ်မပြည့်မချင်း ရည်းစားမထားရဘူးလို့ ပြောထားလို့ ယဉ်လတ်လည်းမထားခဲ့ဘူး။ အခုတော့ တရားဝင်အချစ်ရေးအတွက်စဉ်းစားဆုံး ဖြတ်ခွင့်ရှိတဲ့အရွယ်ရောက်ပြီပေါ့။ တကယ်လည်း ကိုယ့်ဘက်က သဘောကျ နှစ်သက်တဲ့သူ၊ အဲဒီလို Relationship မျိုးဖြစ်ပြီဆိုရင် ပရိသတ်တွေကို တရားဝင်အသိပေးပါမယ်။
မေး-ဘယ်လိုလူမျိုးကို ချစ်သူအဖြစ် လက်တွဲသွားမယ်ဆိုပြီး ကြိုတင်စဉ်းစားထားတာမျိုးရောရှိလား။
ဖြေ- တချို့အရာတွေက မျှော်လင့်မထားဘဲဖြစ်သွားတာမျိုးလည်း ရှိတတ်တယ်လေ။ ဘယ် လိုပုံစံကြီးပဲဖြစ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားရင် မျှော်လင့်ထားသလိုမဖြစ်ရင် စိတ်ပင်ပန်း ရမယ်လေ။ ဘယ်လိုပုံစံပဲဖြစ်စေ ကံတရားအရ ကိုယ့်ဆီရောက်လာတဲ့သူကိုတန်ဖိုးထားရမှာပေါ့။ ကိုယ့်အနားကနေ ထွက်မသွားတဲ့သူ၊ ကိုယ့်ကို တန်ဖိုးထားတဲ့ သူကိုရွေးချယ်ရမှာပေါ့။ ပရိသတ်တွေထဲမှာဆိုလည်း မင်းသမီးလိုချစ်တဲ့ပရိသတ်မျိုးမဟုတ်ဘဲ တခြားပုံစံတစ်မျိုးနဲ့ ချစ်တဲ့ပရိသတ်တွေလည်းရှိတယ်။ ယဉ်လတ်ကိုအရမ်းချစ်ပေးမယ့်သူ၊ ဒီအလုပ်ကိုလည်း နားလည်ပြီးသား Support ပေးနိုင်တဲ့သူကို ရွေးချယ်ဖြစ်မယ်ထင်ပါတယ်။
မေး- အချစ်ဆိုတာကို ဘယ်လိုနားလည်လက်ခံထားလဲ။
ဖြေ- အချစ်ဆိုတာအရမ်းဆန်းကြယ်ပါတယ်။ ဖေဖေကိုယ်တိုင်ကလည်းပြောပြထားတယ်။ အချစ်ဆိုတာ ဒီတစ်ယောက်ကိုအရမ်းချစ်တယ်ထင်ပေမဲ့ ကိုယ်တကယ်ချစ်တာ တခြားတစ် ယောက်ဖြစ်နေတာလည်း ဖြစ်နိုင်သလို သေတဲ့အထိအချစ်ဆိုတာက ိုသေချာမခံစားဘူးတဲ့ သူတွေလည်း ရှိနိုင်တယ်။ ကိုယ့်အချစ်ကို ကိုယ်တိုင်လည်း သေချာသိမှပေါ့နော်။ ပြောရတာ ထူးဆန်းပါတယ်။ ကိုယ်တိုင်ခံစားမိမှသေချာနားလည်သဘောပေါက်မယ်ထင်ပါတယ်။
မေး- နောက်ထပ ်အနုပညာလှုပ်ရှားမှုတွေရော ဘာတွေထပ်လုပ်ဖြစ်မလဲ။
ဖြေ-လောလောဆယ်ကတော့ ‘သုံးပွင့်ထပ်တေး’ ရုပ်ရှင်ကားကြီးရိုက်နေတာပေါ့။ မီနီစီးရီး လေးတွေလည်းရိုက်နေတယ်။ မီနီစီးရီးလေးထပ်ရိုက်ဖို့နှစ်ခုရှိပါသေးတယ်။ အဲဒီအတွက် လည်း ပြင်ဆင်မှုတွေလုပ်ဖြစ်မှာပါ။
မေး- ပရိသတ်တွေကိုပြောချင်တဲ့စကားလက်ဆောင်များရှိမလား။
ဖြေ- ကိုယ်ချစ်တဲ့အနုပညာအလုပ်ကို အရမ်းချစ်ရတဲ့ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ လူဖြစ်တဲ့အတွက် အကောင်းတွေ ချည်းပဲတော့မရှိဘူးလေ။ တစ်ခါတလေ အဆိုးတွေ၊ လောကဓံတွေရင်ဆိုင်ရတဲ့ အခါမှာလည်း ယဉ်လတ်ဘေးမှာမား မားမတ်မတ်ရပ်တည်ပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ တစ်ခုခုဖြစ်တိုင်း စိတ်ခွန် အားပေးပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။