၀ါသနာဗီဇအပေါ်အခြေခံထားတဲ့ မိမိတို့ရဲ့စိတ်ကူးအိပ်မက်တွေကို ခွန်အားအပြည့်နဲ့ပုံဖော်နေကြတဲ့ လူငယ်တွေများစွာရှိပါတယ်။ ဒီလိုလူငယ်တွေဆီမှာ မရေတွက်နိုင်တဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြဿနာတွေလည်း ရှိနေတတ်ကြစမြဲပါပဲ။ အံ့အားသင့်စရာ ခွန်အားတွေ၊ စိတ်ကူးအိပ်မက်တွေအတွက် စွန့်လွှတ်မှုတွေအပြည့်နဲ့ လူငယ်တွေကြားကတစ်ယောက်ကတော့ သရုပ်ဆောင်ဒေါင်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့ အိပ်မက်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ဘောလုံးသမားဘဝနဲ့ ငွေကြေးရှာဖွေခဲ့သလို အဆိုတော်တစ်ယောက်ဖြစ်မလာခဲ့ဘဲ ဘဝရဲ့အချိုးအကွေ့တွေကြုံတွေ့ခဲ့ရသူ သရုပ်ဆောင်ဒေါင်းပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရ တွေကိုပြန်လည်တင်ဆက်ပေးချင်ပါတယ်။
ဘဝရဲ့ထူးခြားတဲ့အဖြစ်အပျက်တွေကို အမှတ်တရအနေနဲ့မှတ်သားထားတတ်တဲ့ သရုပ်ဆောင် ဒေါင်းက မွေးနေ့ဖြစ်တဲ့ မတ်လ ၃၀ ရက်ဟာ အရမ်းနှစ်သက်ရတဲ့ ပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးနဲ့ မွေးနေ့တူနေတာကြောင့် အမှတ်တရတစ်ခုပါလို့ ပထမဆုံးပြောပြခဲ့ပါတယ်။ ဒေါင်းကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ဘဝတစ်လျှောက်မှာ မိတ္ထီလာမြို့မှာဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ မွေးချင်းမောင်နှမငါးယောက်ရှိပြီး အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အသက် ၁၀ နှစ်ကွာတဲ့ညီမငယ်တစ်ယောက် ရှိတယ်လို့ဆိုပါတယ်။
ဒေါင်းရဲ့ငယ်စဉ်ဘဝထူးခြားတဲ့အမှတ်တရတစ်ခုကတော့ ဖိနပ်လေးတစ်ရံဖြစ်တယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့ စစ်ဖိနပ်ကိုအမြဲတမ်းယူစီးတတ်တဲ့ ဒေါင်းအတွက် မိဘများက ရှူးဖိနပ်ဝယ်ပေးချင်ပေမဲ့ စီးပွားရေးမပြေလည်တာကြောင့် ဝယ်မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ တစ်ရက်မှာတော့ ဒေါင်းအတွက် ရှူးဖိနပ်အဖြူလေးတစ်ရံကို မိဘများက ယူလာခဲ့ပေးပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ “ကျွန်တော့်အတွက်ဆိုပြီး မေမေက ရှူးဖိနပ်အဖြူလေးကိုပေးတယ်။ ကျွန်တော်လည်း တွေ့တွေ့ချင်း အရမ်းသဘောကျတယ်။ ဒါပေမဲ့ အသစ်မဟုတ်မှန်းသိသွားတော့ ဘယ်ကရလဲလို့မေးတယ်။ ဖေဖေက ပြောပြတယ်။ သူတို့မိတ်ဆွေရဲ့သားက ပေးတယ်ဆိုတာကို။ အဲဒီလိုပြောပြီးကတည်းက ကျွန်တော်အဲဒီ ဖိနပ်လေးကိုမစီးတော့ဘူး။ ကျွန်တော်ဒီဖိနပ်ကိုဘယ်ကရလဲလို့ မေးလိုက်တဲ့အချိန်မှာ ကျွန်တော့်မိဘနှစ်ပါးရဲ့ ခံစားမှုကို ကျွန်တော်ခံစားလိုက်ရတယ်။ ကျွန်တော်လည်း ခံစားရတယ်။ အဲဒီခံစားမှုကို ကျွန်တော်ခုချိန်ထိလည်း တွေးတိုင်းဝမ်းနည်းနေတုန်းပဲ” လို့ ဒေါင်းကဆိုပါတယ်။
ကျောင်းတက်စဉ်တစ်လျှောက်လုံး ဂီတနဲ့ပတ်သက်လို့ သာစိတ်ပါဝင်စားခဲ့တာကြောင့် ကျောင်းစာသင်ယူဖို့ကို စိတ်မဝင်စားခဲ့ဘူးလို့ဆိုပါတယ်။ ဒီနောက်မှာတော့ ဂီတကိုဝါသနာပါလွန်းသူ ဒေါင်းအတွက် တေးရေးကေအေတီနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဘဝရဲ့အချိုးအကွေ့တစ်ခု စတင်ခဲ့ပါတယ်။ ၀ါသနာပါရာ ဂီတအလုပ်တွေလုပ်ဖို့အတွက် ကိုယ်ပိုင်ဝင်ငွေလိုအပ်တာကြောင့် ဘောလုံးအသင်းတစ်ခုမှာ သုံးနှစ်ဝင်ကန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါင်းက ဂီတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ် ကိုင်ဖို့ ပြင်ဆင်ထားချိန်မှာပဲ အားထားရတဲ့ ဆရာကေအေတီ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒေါင်းအတွက် နောက်ထပ်အချိုးအကွေ့တစ်ခုစတင်ခဲ့ ပါတယ်။
“ဦးလေး (ဆရာကေအေတီ) ရုတ်တရက်ခွဲခွာသွားတာက ကျွန်တော့်အတွက်တော့ အားလုံးဆုံးရှုံးသွားတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲနောက်ထပ်အချိုးအကွေ့ တစ်ခုထပ်ဖြစ်ခဲ့ ပါတယ်။ ဆရာ့ရဲ့စျာပနမှာ ဆာတိုရီ ထုတ်လုပ်ရေးက ဂီတကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်သစ်တွေခေါ်နေတယ်ဆိုတဲ့ သတင်းကြားတယ်။ အဲဒီမတိုင်ခင်မှာလည်း အဆိုတော်တစ်ယောက်လုပ်တဲ့အခါ စင်မကြောက်ဖို့အတွက် မော်ဒယ်လ်သင်တန်းတက်ထားတဲ့ အတွေ့အကြုံကရှိတယ်။ အဲဒါနဲ့ဆာတိုရီထုတ်လုပ်ရေးကို သွားလျှောက်ဖြစ်ခဲ့ပါတယ်” လို့ဆိုပါတယ်။
ဒေါင်းက ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒုတိယမြောက်စင်တင်မင်းသားအနေနဲ့ စိတ်ကြိုက်ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးဖို့ သဘောတူညီခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖြည်းဖြည်းမှန်မှန်ကြိုးစားလာခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်ချစ်ခင်အားပေးမှုများစွာကို ရရှိလာခဲ့တာပါ။ ဇာတ်လမ်းတစ်ခုကိုဖတ်ပြီး ကိုယ့်ရင်ထဲကခံစားရတာကိုပြန်ဆွဲထုတ်ပြီးပေးရတဲ့ သရုပ်ဆောင်အလုပ်ကို သဘောကျသလို နေ့စဉ်နဲ့အမျှ ခံစားတွေ့ထိဖြစ်တဲ့ဂီတကိုလည်း ရူးသွပ်စွဲလန်းပါတယ်လို့ ဒေါင်းကဆိုပါတယ်။ သရုပ်ဆောင်ဒေါင်းက စာဖတ်ဝါသနာကြီးမားသူလည်းဖြစ်ပြီး အမာခံပရိသတ်တွေကို ကိုဗစ်ကာလအတွင်းစာအုပ်ဖတ်ပြတာတွေ၊ စာပေအကြောင်း ဆွေးနွေးတာတွေကို အွန်လိုင်းကနေလုပ်ပေးခဲ့ပါတယ်။
“ဘဝကအချိုးအကွေ့များတယ်။ စိန်ခေါ်မှုတွေ အခက်အခဲတွေများတယ်။ လူငယ်တစ်ယောက်အနေနဲ့ အဲဒီလောက် ဖြတ်သန်းစရာမလိုဘူးလို့ထင်တယ်။ နိုင်ငံရဲ့အနေအထားကြောင့်သာ ဒီလိုဖြတ်သန်းရတာပေါ့နော်။ လူတိုင်းလည်းဒီလိုပဲဖြတ်သန်းရတာပါပဲ။ အဲဒီအတွက်ကျေနပ်ပါတယ်။ ဒီလိုဖြတ်သန်းမှုက စာနာမှုကိုဖြစ်စေတယ်။ ဘဝရဲ့အဓိပ္ပာယ်ဖြစ်စေပါတယ်။ အဲဒီအတွက်တော့ ကျေနပ်ပါတယ်” လို့ အမှတ်တရ ပြောပြခဲ့သလို ပရိသတ်များအတွက်အစွမ်းရှိသလောက်ဆက်လက် ကြိုးစားသွားမယ်ဆိုတာလည်း သတင်းစကားပါးခဲ့ပါတယ်။