ပရိသတ်တွေရင်ထဲရောက်စေခဲ့တဲ့ တေးသီချင်းတွေကို ဖန်တီးရေးသားသီဆိုခဲ့သူ အနုပညာရှင်တစ်ဦးကတော့ မိုးမိုးပါ။ ဇန်နဝါရီ ၃၀ ရက်မှာတော့ မိုးမိုးအနေနဲ့ အွန်လိုင်းကနေပြီး သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေရေး အစီအစဉ်တွေကို တင်ဆက်သွားဖို့ရှိနေပါတယ်။ နောက်ပြီး ၂၀၂၁ ခုနှစ်ထဲမှာလည်း ဂီတအနုပညာအလုပ်တွေကို ပိုပြီးခြေလှမ်းစိပ်စိပ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ မိုးမိုးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - အွန်လိုင်းကနေတင်ဆက်မယ့် တစ်ကိုယ်တော်ဖျော်ဖြေလေးအကြောင်း ပြောပြပေးပါဦး။
ဖြေ - တစ်ကိုယ်တော်ပွဲဆိုတာထက် ကျွန်တော့်အနေနဲ့ ကုမ္ပဏီတစ်ခုရဲ့ ကမ်းလှမ်းမှုနဲ့အတူ ကျွန်တော့်ရဲ့ Solo သီချင်းလေးတွေကို ဆိုမှာပါ။ အဲဒီဖျော်ဖြေပွဲလေးကို Live ထုတ်လွှင့်တင်ဆက်ပေးသွားမှာပါ။ အရမ်းကြီး ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ သီချင်းလေးတွေကို စုစုစည်းစည်းလေး နားဆင်ချင်တဲ့ ပရိသတ်တွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ ဒီအစီအစဉ်လေးက ဇန်နဝါရီ ၃၀ ရက်နေ့ ည ၈ နာရီအချိန်မှာ Ace Cook Myanmar Facebook ကနေပြီး ထုတ်လွှင့်တင်ဆက်ပေးသွားမှာပါ။
မေး - ဇန်နဝါရီ ၃၀ ရက်မှာ ဖျော်ဖြေမယ့်ပွဲလေးအတွက်ရော ဘာတွေပြင်ဆင်နေပြီလဲ။
ဖြေ - ကျွန်တော်တို့ သီချင်းတွေသေချာတိုက်ထားတယ်။ သီချင်းတွေကတော့ ၁၀ ပုဒ် ၁၁ ပုဒ်လောက်အထိတော့ သီချင်းတိုက်ထားတယ်။ အဲဒီကနေမှ ပွဲနေ့မှာ သီချင်းရှစ်ပုဒ်၊ ကိုးပုဒ်လောက် ဖျော်ဖြေဖြစ်မှာပါ။
မေး - မိုးမိုးအနေနဲ့ ကိုယ့်ရဲ့သီချင်းတွေကို အခုလို တစ်စုတစည်းတည်း မဖျော်ဖြေဖြစ်တာကြာပြီး အခုကလည်း ပုံစံသစ်နဲ့ တင်ဆက်ရမှာဖြစ်တဲ့အတွက် ဒီပွဲအပေါ်ဘယ်လိုခံစားမိလဲ။
ဖြေ - ခံစားချက်ကတော့ အဲဒီပွဲနေ့မှပဲသိရမှာပါ။ အခုချိန်မှာ ကိုဗစ်ကြောင့် အခြေအနေတွေက အများကြီး ပြောင်းလဲတာတွေရှိတယ်။ လုပ်ကိုင်ဆောင်ရွက်မှုပုံစံတွေလည်း ပြောင်းကုန်တဲ့အခါကျတော့ အရင်တုန်းကလို ခံစားချက်မျိုးလည်းမဟုတ်ဘူး။ ပွဲဆိုရပေမဲ့ ပရိသတ်တွေနဲ့ တွေ့ရတာမျိုးလည်း မဟုတ်တဲ့အတွက် အခုအချိန်မှာ ငါဆိုလို့ ကောင်းမှ ကောင်းပါ့မလား မသိဘူးဆိုတဲ့ စိတ်မျိုးပဲဖြစ်တယ်။ ပြီးခဲ့တဲ့ New Year ပွဲတုန်းကလည်း ဆိုလို့ကောင်းမယ်လို့ မထင်ခဲ့ပေမယ့် ပရိသတ်မရှိပေမယ့် ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ဆိုတာတော့ ဆိုလို့ကောင်းခဲ့တယ်။ အဲဒီပွဲတုန်းကလည်း မဆိုခင်အထိ ဆိုလို့ကောင်းမယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်က အဲဒီလိုဖြစ်နေတာ။ ဒီပွဲအတွက် စိတ်လှုပ်ရှားမှုဆိုတာထက် ဘာဖြစ်လာမလဲဆိုတာမျိုးပဲ ပိုပြီး စိတ်လှုပ်ရှားတာမျိုးပဲ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင်ဖျော်ဖြေနိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။
မေး - မိုးမိုးရဲ့ Live ဖျော်ဖြေမှုမှာ ဘယ်သီချင်းလေးတွေ ဖျော်ဖြေသွားမယ်လို့ စီစဉ်ထားလဲ။
ဖြေ - ကျွန်တော့်အနေနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ဖျော်ဖြေပွဲအတွက်ကတော့ သီချင်းက ၁၀ ပုဒ်အထိ ပြင်ဆင်ထားတယ်။ “အသက်လေးဆယ်”၊ “ယောက္ခမ”၊ “ငါမှားလား မင်းမှန်လား”၊ “နောက်ကျရင်”၊ “မျှော်လေတိုင်းမှိုင်းရီ”၊ “မဟုတ်လို့လား”၊ “ဖုန်းပိတ်ထားတဲ့ည”၊ “ပြန်တွေးကြည့်”၊ “ချစ်တယ်” နဲ့ “ဥပက္ခာ” သီချင်းလေးတွေပါ။ အဲဒီသီချင်း ၁၀ ပုဒ်ထဲကနေပြီးတော့မှ ဖျော်ဖြေခွင့်ရမယ့်အချိန်ပေါ်မူတည်ပြီး ဘယ်နှစ်ပုဒ်ဆိုဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ သူတို့က အဲဒီနေ့မှာ ဂိမ်းကစားတာတွေ လက်ဆောင်ပေးတဲ့ အစီအစဉ်တွေလည်းပါမှာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ ဖျော်ဖြေခွင့်ရတဲ့အချိန်ပေါ်မူတည်ပြီး အနည်းဆုံး သီချင်းရှစ်ပုဒ်အထိ ဖျော်ဖြေနိုင်မယ်လို့တော့ မှန်းထားပါတယ်။
မေး - သီချင်းသစ်လေးတွေ ဖန်တီးဖြစ်တာရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ - ကျွန်တော့်အနေနဲ့ သီချင်းသစ်လေးတွေ လုပ်ထားတာရှိပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာပဲ သီချင်းသစ်သုံးလေးပုဒ် စီစဉ်ထားတာရှိပါတယ်။ ကိုသူရိန်နဲ့အတူ သီချင်းသစ်လေးတစ်ပုဒ် လုပ်ထားတာလည်းရှိတယ်။ နောက်ပြီး JOOX ကနေပြီး Executive အနေနဲ့ထွက်မယ့် သီချင်းသစ်လေးတွေလည်း နှစ်ပုဒ်လောက်အထိရှိတယ်။ ပြီးတော့ Valentine Day နေ့မှာ ထွက်မယ့် သီချင်းသစ်လေးတစ်ပုဒ်လည်းရှိတယ်။ အဲဒီသီချင်းလေးကတော့ စိုးပြည့်သဇင်နဲ့အတူ သီဆိုထားတာပါ။ သီချင်းတွေအားလုံးကတော့ ကိုယ်တိုင်ရေးထားတာဖြစ်ပေမယ့် ကိုသူရိန်နဲ့ သီချင်းလေးကတော့ ကိုသူရိန်ရေးထားတာပါ။ အဲဒီသီချင်းလေးတွေထဲက ဘယ်သီချင်းလေးတွေအရင်ထွက်မယ်ဆိုတာကတော့ ပြောလို့မရသေးပါဘူး။
မေး - ၂၀၂၀ တုန်းက မိုးမိုးအနေနဲ့ ဂီတအနုပညာလှုပ်ရှားမှုတွေ နည်းခဲ့တာဆိုတော့ ၂၀၂၁ ခုနှစ်ထဲမှာရော ဂီတအနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်သွားဖို့စီစဉ်ထားလဲ။
ဖြေ - ကျွန်တော့်တို့အနေနဲ့ အခုချိန်မှာ ကိုဗစ်နဲ့က အသားကျလာပြီလို့ ပြောရမှာပါ။ အရင်ကလို ဒီကပ်ရောဂါကြီးက ကြီးမားတဲ့ဒုက္ခတစ်ခုလို ရှောင်ဖယ်နေတာမျိုးမဟုတ်တော့ပဲ။ ဒါကြီးကို ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့အတွက် နေသားကျလာပြီ။ အရင်တုန်းကလို ကိုဗစ်ပြီးမှဆိုတဲ့ စိတ်မျိုးမဟုတ်တော့ဘဲ ဒီအခြေအနေနဲ့ယှဉ်တွဲပြီး ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတဲ့ စိတ်မျိုးဖြစ်လာတဲ့အတွက် သီချင်းသစ်တွေလည်း ဒီနှစ်ဆန်းပိုင်းမှာ တောက်လျောက်ထွက်လာဖို့ရှိပါတယ်။ နောက်ထပ်လည်း EP လို့ပြောရမယ့် CD ခွေလေးကို တစ်ကိုယ်တော်အယ်လ်ဘမ်အနေနဲ့ ဖြန့်ချိဖို့လည်း စီစဉ်ထားပါတယ်။ အဲဒီမှာ သီချင်းခြောက်ပုဒ်လောက် ပါမှာပါ။ အဲဒီအတွက်လည်း ခွေအရင်ထွက်ပြီးမှာ Music Video လေးတွေကို အွန်လိုင်းမှာတင်မလား စသည်ဖြင့် စီစဉ်နေတာလေးတွေရှိပါတယ်။ အခုအချိန်မှာ အွန်လိုင်း Streaming တွေကနေ သွားတာတွေပဲ ရှိတော့တဲ့အတွက် အဲဒီလိုသွားတဲ့အခါမှာ ကိုယ်တိုင်တင်မဟုတ်ဘဲ တခြားသူတွေအတွက်ပါ ဒီလိုတင်နိုင်ဖို့ အခက်အခဲရှိနေသူတွေအတွက်ရော၊ လူသစ်လေးတွေအတွက်ရော ကူညီပေးနိုင်မယ့် အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့နိုင်ဖို့လည်း စီစဉ်နေပါတယ်။ အဲဒါလေးတွေလည်း လုပ်နိုင်ဖို့ဆွေးနွေးနေတာလေးတွေတော့ ရှိပါတယ်။
မေး - ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းစကားလေးပြောပေးပါဦး။
ဖြေ - ပရိသတ်တွေအားလုံး ၂၀၂၁ ခုနှစ်နှစ်သစ်မှာ ကျန်းမာချမ်းသာကြပါစေ။ ကိုဗစ်ကြီးရန်ကကင်းဝေးပြီး အရင်လို လုပ်ငန်းတွေကောင်းမွန်စွာလည်ပတ်နိုင်ပြီး အရင်လို စီးပွားတွေတိုးတက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။