မြန်မာ့ဇာတ်သဘင်အနုပညာလောကမှာ ထွန်းတောက်တဲ့ အနုပညာမျိုးဆက်ဖြစ်သလို ‘မဟာရန်ကုန်စံပြသဘင်’ ရဲ့ ဦးဆောင်ပဲ့ကိုင်သူလည်းဖြစ်တဲ့ မင်းသားဟန်ဇာမိုးဝင်းက ရွှေမန်းသဘင်ရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့အတူ အွန်လိုင်းကနေပရိသတ်တွေကြည့်ရှုနိုင်တဲ့ ‘မာလာမြိုင် မိုးရာသီသဘင်ပွဲတော်’ ကို တင်ဆက်ကပြခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် အခုဆိုရင် ‘မာလာမြိုင် ဟေမာန်ရာသီသဘင်ပွဲတော်’ ကို ဆက်လက်ပြသနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဟန်ဇာမိုးဝင်းနဲ့တွေ့ဆုံခိုက် ‘မာလာမြိုင် ဟေမာန်သီသဘင်ပွဲတော်’ နဲ့ပတ်သက်တဲ့ သူ့ရဲ့ကြိုးစားမှုနဲ့ ခံစားချက်တွေကို ပရိသတ်တွေအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး ■ ‘မာလာမြိုင် ဟေမာန်ရာသီသဘင်ပွဲတော်’ ကိုဆက်ပြီး ကပြခွင့်ရတဲ့အတွက် ဘယ်လိုခံစားရလဲ။
ဖြေ ■ ပရိသတ်တွေရဲ့အားပေးမှုကြောင့် ဆက်ပြီးကပြခွင့်ရတဲ့ပွဲဖြစ်တာကြောင့် ကျွန်တော်အရမ်းပျော်ပါတယ်။ ပြောမပြတတ်အောင် ပျော်ရသလို ပီတိလည်း ဖြစ်ရပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမယ်စိတ်နဲ့ ကြိုးစားတင်ဆက်ဖြစ်ပါတယ်။
မေး ■ ‘ဟေမာန်ရာသီ သဘင်ပွဲတော်’ မှာ ပွဲစဉ်တိုင်းကို နှစ်ယောက်အတူ ကပြဖြစ်တဲ့ အကြောင်းနဲ့ အဲဒီလိုကပြရတဲ့အတွက် ဟန်ဇာအနေနဲ့ ဘယ်လိုတွေ အားသာချက်၊ အားနည်းချက်တွေရှိတယ်လို့ ခံစားရလဲ။
ဖြေ ■ ဟေမာန်ရာသီသဘင်ပွဲတော်မှာ ကျွန်တော်တို့နှစ်ယောက် အတူကဖြစ်သွားတာကတော့ အဓိကက ပရိသတ်တွေကြောင့်ပါ။ ပရိသတ်တွေက ကျွန်တော်တို့နှစ်ယောက်ကို ပွဲတိုင်းမှာမြင်ချင်ကြတဲ့အတွက် နှစ်ယောက်အတူ ကဖြစ်သွားတာပါ။ အရင် မိုးရာသီသဘင် ပွဲတော်တုန်းကတော့ တစ်ယောက်တစ်ရက်စီ အလှည့်ကျ ကခဲ့တယ်။ အဲဒီပွဲပြီးကာနီးမှာ မွေးနေ့အမှတ်တရပွဲတွေအဖြစ် အတူကဖြစ်ခဲ့ကြတယ်။ အဲဒီပွဲတွေကအပြီးမှာ ပရိသတ်တွေကိုယ်တိုင်က နှစ်ယောက်အတူ ကပြတာမျိုးပဲ တောင်းဆိုကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ နှစ်ယောက်ပွဲစဉ်တိုင်းမှာ အတူကပြဖြစ်တယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ရဲ့အဖွဲ့ကို ဆန်းဇာဆိုပြီး သူတို့ဘာသာ နာမည်ပေးခဲ့ကြတယ်။ အတူကပြဖြစ်တဲ့အခါမှာ တစ်ယောက်ချင်းစီကတုန်းကနဲ့ မတူညီတဲ့ ရသတွေ၊ တင်ဆက်မှုတွေ ပရိသတ်တွေကိုပေးနိုင်တဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပေါင်း တင်ဆက်မှုအတွက်လည်း ပြဇာတ်တွေ၊ သီချင်းတွေ၊ အကတွေကအစ အသစ်လေးတွေဖြစ်အောင်ဖန်တီးပြီး တင်ဆက်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့တင်ဆက်မှုတွေအပေါ်မှာလည်း ပရိသတ်တွေက နှစ်သက်သဘောကျတယ်ဆိုတဲ့အတွက် ကျွန်တော်တို့ကတော့ ပျော်ပါတယ်။ အတူကပြဖြစ်တဲ့အခါမှာတော့ ကျွန်တော့်အတွက်ကတော့ အားသာချက်တွေအများကြီးရပါတယ်။ ကျွန်တော်မသိသေးတဲ့ အကပညာတွေ၊ အဆိုပညာတွေကို အစ်ကို့ဆီကနေအများကြီးရတယ်။ ကိုယ်တိုင်ကလည်း သင်ယူချင်တဲ့အတွက် သေချာလေးသင်ယူဖြစ်တယ်။ အဲဒီလို အလုပ်လုပ်ရင်း၊ ပရိသတ်တွေကို ဖျော်ဖြေရင်းနဲ့ ကိုယ်တိုင်က သုံးလပြတ်သင်တန်းတွေ တတ်နေရသလိုပဲ ကျွန်တော့်အတွက်ကတော့ အစ်ကို့ဆီကနေပြီး သင်ယူစရာ လေ့လာစရာတွေအများကြီး သင်ယူလေ့လာဖြစ်ပါတယ်။ တစ်ခုပဲ ကျွန်တော်က တစ်ခုခုဆို အိပ်ယာအစောကြီး နိုးပြီး သေချာလုပ်ပေမဲ့ အစ်ကိုက အိပ်ယာနှိုးရတာခက်တယ်။ တော်တော်နှိုးယူရတယ်။ ဒါပေမဲ့လည်း သူက အလုပ်လုပ်ရတော့မယ်ဟေ့ ဆိုရင်ကတော့ ရောက်လာပါတယ်။ ကျွန်တော့်အပေါ်မှာလည်း အစ်ကိုက အများကြီးသေချာသင်ပေးတယ်။ အဆိုပိုင်း၊ အကပိုင်းမှာ ကိုယ့်တစ်ယောက်တည်းတုန်းက မကနိုင်ဘူး၊ မဆိုနိုင်ဘူး၊ အဆင်မပြေဘူး ဆိုပြီး မဆိုဖြစ်မကဖြစ်တာတွေကို အစ်ကိုရဲ့ အားပေးတိုက်တွန်းမှုနဲ့ သင်ပြမှုတွေကြောင့် ဆိုဖြစ် ကဖြစ်တာတွေလည်း အများကြီးပါပဲ။ နောက်ပြီး ကိုယ့်ဇာတ်အဖွဲ့မှာ ကိုယ်တိုင်က ခေါင်းဆောင်အရာရာနဲ့ ကိုယ်တိုင်ဆုံးဖြတ်ရတာတွေက နှစ်ယောက်အတူ တင်ဆက်မှုတွေလုပ်တဲ့အခါကျတော့ ကိုယ့်ကို ထောက်ပြပေးတဲ့သူ၊ ကိုယ်မှားနေတာ၊ လွဲနေတာလေးတွေကို ပြောပေးမယ့်သူ ရှိလာတဲ့အတွက် ကိုယ်တိုင်ကလည်း အများကြီးတိုးတက်လာတယ်လို့ ခံစားရတယ်။
မေး ■ ‘ဟေမာန်ရာသီ သဘင်ပွဲတော်’ ကပြနိုင်ဖို့အထိ ပရိသတ်တွေက အားပေးခဲ့ကြတာဖြစ်လို လက်ရှိကပြနေချိန်မှာလည်း ပရိသတ်တွေရဲ့အားပေးမှုတွေ အများကြီးရထားတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ ■ ‘မိုးရာသီသဘင်ပွဲတော်’ စကတဲ့အချိန်တုန်းကတည်း ကျွန်တော်တို့အနေနဲ့ အွန်လိုင်း တင်ဆက်မှုတွေ ကပြမှုတွေကို ပထမဆုံးအနေနဲ့ တင်ဆက်ခဲ့ကြတာလေ။ နောက်ပြီး ပရိသတ်တွေကလည်း ဖျော်ဖြေတင်ဆက်မှုတစ်လျှောက်မှာ အားပေးမှုတွေရှိသလို မှတ်ချက်ပေးတာတွေလည်းအများကြီးရှိတယ်။ ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေ၊ ဝေဖန်မှုတွေလည်း အများကြီးပဲ။ အဲဒီလို ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေမှာ အစပိုင်းတွေမှာတုန်းကတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အရမ်းခံစားရတာတွေရှိတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေက ခံစားမှုထက် ပရိသတ်တွေကပေးတဲ့ အကြံဉာဏ်တွေ၊ ဝေဖန်မှုတွေမှာကောင်းတာလေးတွေရှိရင် ယူလိုက်တယ်။ သတိထားရမယ့် အရာလေးတွေကို သတိထားတယ်။ အချို့ဝေဖန်မှုတွေမှာတော့ သူတို့က တကယ့်ဖြစ်နေတာကိုမသိဘဲ ပြောတာလေးတွေလည်းရှိတဲ့အတွက် နားလည်မှုပေးလိုက်တယ်။ နောက်ပြီး အွန်လိုင်းတင်ဆက်မှုတွေမှာ အရင်ကတည်းက ဇာတ်သဘင်ကိုအားပေးနှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေရှိသလို အခုအွန်လိုင်းတင်ဆက်မှုတွေမှာမှ စပြီးကြည့်ဖူးတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတဲ့အတွက် အားပေးမှုတွေ၊ ဝေဖန်မှုတွေအပေါ်မှာရော တိုက်ခိုက်မှုတွေအပေါ်မှာပါ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပဲ စိတ်ထားတယ်။ နေ့စဉ်တိုင်းမှာကိုယ့်ရဲ့ တင်ဆက်မှုတွေကိုဘယ်လိုကောင်းအောင် ကြိုးစားမလဲ ဘယ်လိုအသစ်တွေ တင်ဆက်မလဲဆိုတာပဲ တွေးဖြစ်လုပ်ဖြစ်တယ်။
မေး ■ ကိုဗစ်ကပ်ရောဂါကြောင့် ဇာတ်သဘင်အနုပညာနယ်ပယ်မှာ ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရလဲ။ အဲဒီအပေါ်မှာ ကိုယ်တိုင်ဘယ်လိုခံစားရလဲ။
ဖြေ ■ ကိုဗစ်စဖြစ်တဲ့အချိန်ကတည်းက ဇာတ်သဘင်အနုပညာသည်တွေအနေနဲ့ ပွဲတွေ အရင်လိုကပြခွင့်မရကြတော့ဘူး။ အလုပ်တွေ ရပ်နားကုန်ကြတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့် ပွဲတွေ မကရချိန်မှာ ဘယ်လိုတွေတင်ဆက်ကြမလဲဆိုတာကို စဉ်းစားရင်းနဲ့ ကြိုးစားမှုတွေ၊ မာလာမြိုင်ရဲ့ ကူညီထောက်ပ့ံမှုတွေနဲ့အတူ အွန်လိုင်းဖျော်ဖြေမှုကို စပြီးလုပ်ဖြစ်ခဲ့တယ်။ သေချာတာကတော့ ကိုဗစ်သာမဖြစ်ရင်လည်း ကျွန်တော်တို့ဇာတ်သဘင်ဖျော်ဖြေမှုတွေအနေနဲ့ အခုလို အွန်လိုင်းတင်ဆက်မှုတွေလုပ်ဖို့ဆိုတာက တော်တော်ကြီးကို အလှမ်းကွာဝေးနေဦးမှာပါ။ အခုချိန်မှာလည်း စပွန်ဆာရှိတဲ့အတွက် ကပြနိုင်တာပါ။ အဲဒါကြောင့် နောက်ပိုင်းမှာလည်း ကျွန်တော်တို့တွေအနေနဲ့ ရုပ်သံလိုင်းတွေမှာရော အွန်လိုင်းတင်ဆက်မှုတွေအတွက်ပါ ၀ိုင်းဝန်းကူညီပေးမယ့်သူတွေ လိုအပ်ပါတယ်။ သဘင်လောကသားအများစုကတော့ အခက်အခဲတွေ ဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း ခက်ခဲတဲ့ကြားက ပြန်ပြီးကြိုးစားနေကြရတာပါ။
မေး ■ ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦး။
ဖြေ ■ ကျွန်တော်တို့ ဆန်းဇာ ညီအစ်ကိုကို ထပ်ပြီးတော့ မေတ္တာထားပေးပါ။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ နည်းမျိုးစုံ စဉ်းစားပြီး ကျွန်တော်တို့ရဲ့ အနုပညာတွေ၊ စေတနာတွေကို ပရိသတ်တွေဆီကို ရောက်အောင်လို့ အမြဲကြိုးစားနေပါတယ်။ ပရိသတ်တွေအားလုံးလည်း ကျန်းမာချမ်းသာကြပါစေ။ ကပ်ဆိုးကြီးလည်း အမြန်ဆုံးပျောက်ပါစေလို့ ဆုတောင်းမေတ္တာလည်းပို့ပါတယ်။