ပေါက်မြို့နယ် အုန်းတောတံတားအနီး ယောချောင်းအတွင်း ‘ယောချောင်းသာ’ အမည်ဖြင့် အပန်းဖြေစခန်းအား ဒီဇင်ဘာလမှ စတင်ဖွင့်လှစ်ထားပြီး လာရောက်လည် ပတ်သူများဖြင့်စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။
ပေါက်မြို့နယ် အုန်းတောတံတားအနီး ယောချောင်းအတွင်း ဖွင့်လှစ်ထားသည့် ‘ယောချောင်းသာ’ အပန်းဖြေစခန်းမှာ ချောင်းရေနည်းပါးချိန်တွင် ပေါ်ထွန်းလာသည့် မြေအား ဒေသခံများထံမှ ပြန်လည်ငှားရမ်းပြီး သက်ဆိုင်ရာမှ ကာလစည်းကမ်း သတ်မှတ်ချက်ဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“လူငယ်လုပ်ငန်းရှင်တစ်ဦးက ခွင့်ပြုချက်တောင်းပြီးလုပ်တာပါ။ မြေနေရာကတော့ မြေနုစိုက်ပျိုးမြေတွေ ဖြစ်တယ်။ ဒီမြေကို ဆောင်းသီးနှံ လုပ်ကိုင်ခွင့်ရတဲ့ ကျေးရွာက ဒေသခံတွေဆီကနေ တစ်ဆင့်ပြန်ငှားပြီး လုပ်တာဖြစ်တယ်။ ဒီလို အပန်းဖြေစရာ နေရာယောချောင်းမှာ မရှိတော့ အတော်လေးလာကြတယ်။ စည်လည်း စည်ကားသွားတယ်။ သို့ပေမဲ့လို့ ချောင်းရေလာတဲ့ နေရာဖြစ်တဲ့အတွက် ကာလအကန့်အသတ်နဲ့ ခွင့်ပြုထားတယ်။ ချောင်းရေမလာခင်မှာ သူတို့ပိတ်သိမ်းရမှာဖြစ်တယ်။ လုပ်ကိုင်ချိန်က လေးလ လောက်တော့ရမယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။
ပေါက်မြို့နယ် အုန်းတောတံတားအနီး ယောချောင်းအတွင်း ဖွင့်လှစ်ထားသည့် ‘ယောချောင်းသာ’ အပန်းဖြေစခန်းသို့ အခြားဒေသများမှ လာရောက်လည်ပတ်သူ များပြားသည့်အတွက် အနီးနားကျေးရွာများမှ ဒေသထွက်ကုန်များ ရောင်းချခြင်းနှင့် အစားအသောက်ရောင်းချခြင်းများကြောင့် ဒေသခံများ စီးပွားရေး ပိုမိုအဆင်ပြေလာကြောင်း သိရသည်။
“အရင်ကတော့ ဒီလိုပဲ ရေဆင်းချိုးပြန် ကြတာပေါ့။ ခုလိုမျိုး အခကြေးငွေနဲ့ ဘယ်သူမှ စနစ်တကျမလုပ်ဘူး။ လူလည်း မစည်ဘူး။ ခု ရေပေါ်တဲတွေနဲ့ စားသောက်ဆိုင်တွေနဲ့ လုပ်လိုက်တော့ လူတွေစိတ်ဝင်စားပြီး လာကြတယ်။ ဒါမျိုးတစ်ခါမှ မရှိဖူးဘူး။ တခြား ကမ္မတို့ ပခုက္ကူတို့ကလည်း လာလည်ကြတယ်။ ဒေသထွက် တင်းဝါးတို့ ရေသန့် ဆေးလိပ် တခြားအသုံးပစ္စည်းတွေလည်း ရောင်းရတော့ ဒေသခံတွေ စီးပွားရေးအထောက် အကူပြုတယ်}” ဟု အုန်းတောမြောက်စုမှ ဦးကြည်က ပြောကြားသည်။
ပေါက်မြို့ရှိ ယောချောင်းအနီး ကျေးရွာများမှ ဒေသခံများမှာ ချောင်းရေပါးချိန်၌ ပေါ်ထွန်းလာသည့် မြေနုပေါ်တွင် အာလူး၊ ကြက်သွန်နီနှင့် မြေပဲများ စိုက်ပျိုးကြသော်လည်း သီးနှံစျေးနှုန်း ကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ်အရင်းကျေရန်ပင် ခက်ခဲလာကြောင်း သိရသည်။