ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသင်းမှထွက်ခွာရဖွယ်ရှိသည့် နည်းပြရေပန်းစားမှုတွင် ချယ်လ်ဆီးအသင်းနှင့်အတူ အမှတ်ပေးပွဲ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသည့် ပိုချက်တီနိုသည် ပဥ္စမနေရာသို့ ရောက်ရှိလာပြီး မန်ယူအသင်းနည်းပြ တန်ဟက်ဂ်နှင့်အတူ ပူးတွဲရပ်တည်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲ ခြောက်ပွဲကစားထားရာတွင် လူတန်တစ်သင်းကိုသာ အနိုင်ရထားပြီး အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့်အပြင် သုံးပွဲဆက်တိုက် သွင်းဂိုးပါ ပျောက်ဆုံးခဲ့ရသည်။ အာဂျင်တီးနားနိုင်ငံသားနည်းပြ ပိုချက်တီနို သည် ပြီးခဲ့သည့်မေလ ၂၉ ရက်ကမှ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရသူဖြစ်ပြီး စာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းထားသည်။
ချယ်လ်ဆီးအသင်းသည် လာမည့် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ဖူလ်ဟမ်၊ ဘန်လေအသင်းများနှင့် ကစားရန်ရှိပြီး နိုင်ငံတကာပွဲများပြီးနောက် အာဆင်နယ်၊ ဘရန့်ဖို့ဒ်၊ စပါး၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်၊ မန်ယူအသင်းများနှင့် ပရီးမီးယားလိဂ်ပွဲကျပ်များ ဆက်တိုက်ကစားရန်ရှိနေသည်။
ထို့ကြောင့် ပိုချက်တီနိုအနေဖြင့် အနာဂတ်ပိုမိုလှုပ်ခတ်လာပြီး လာမည့် နှစ်ပွဲတွင် ရလဒ်ထပ်ဆိုးခဲ့လျှင် သူ၏ရာထူးအတွက် မသေချာတော့ဟု သတင်းများက သုံးသပ်ဖော်ပြခဲ့သည်။ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကမူ အသင်းပိုင်ရှင်များအနေဖြင့် သူ၏စီမံကိန်းများကို ထောက်ခံအားပေးရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုနှစ်အတွင်း ဂိုးမသွင်းနိုင်သည့် ပရီးမီးယားလိဂ်ပွဲအရေအတွက် ၁၃ ပွဲအထိရှိလာပြီး ၁၉၉၅ ခုနှစ်က ၁၄ ပွဲရှိ ခဲ့ပြီးနောက် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ လောင်းကစားကုမ္ပဏီများ၏အလေးပေးချက်တွင် ပဥ္စမနေရာ၌ ပိုချက်တီနို၊ တန် ဟက်ဂ်တို့နှင့်အတူ တန်းတက်အသင်းများဖြစ်သည့် ဘန်လေနည်းပြ ကွန်ပနီ၊ လူတန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်တို့လည်း ရှိနေကြောင်း သိရသည်။
တန်ဟက်ဂ်သည် ပြီးခဲ့သည့်အပတ်က ၁ဝး၁ လေးဖြင့် စတုတ္ထနေရာရောက်ခဲ့သော်လည်း နိုင်ပွဲပြန်ရသဖြင့် ၁၆း၁ လေးသို့ ပြန်လည်ကျဆင်းခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထုတ်ပယ်ခံရမည့် နည်းပြ ရေပန်းစားမှု
အမည် အလေးပေးချက်
ဟက်ကင်ဘာတွန်(ရှက်ဖီးယူနိုက်တက်) ၁း၄ လေး
ရှောင်ဒိုက်(အဲဗာတန်) ၈း၁ လေး
ဂယ်ရီအိုနေးလ်(ဝုလ်ဗ်) ၁ဝး၁ လေး
အီရာအိုလာ(ဘုန်းမောက်) ၁၂း၁ လေး
ပိုချက်တီနို(ချယ်လ်ဆီး) ၁၆း၁ လေး
တန်ဟက်ဂ်(မန်ယူ) ၁၆း၁ လေး
ရော့ဘ်အက်ဒ်ဝပ်စ်(လူတန်) ၁၆း၁ လေး
ကွန်ပနီ(ဘန်လေ) ၁၆း၁ လေး
မာကိုဆေးလ်ဗား(ဖူလ်ဟမ်) ၂ဝး၁ လေး
စတိဗ်ကူးပါး(နော်တင်ဟမ်) ၂ဝး၁ လေး