Top News

ရန်ကုန်တိုင်းအစိုးရက သီးသန့်ရန်ပုံငွေမှ ကျပ်ဘီလျံ ၃၀ ဖြင့် ဓာတ်အားပေးမီးစက် ဝယ်ယူရာတွင် သမ္မတရုံး၏ တင်ဒါညွှန်ကြားချက်နှင့် မညီသည့်အပြင် မီးစက်တစ်နာရီမောင်းနှင်ပါက ပျမ်းမျှ ဒီဇယ်ဂါလန် ၁၆၈၀ သုံးစွဲရ
24htopnews | September 17, 2024 2:12 PM CST

ရန်ကုန်တိုင်းအစိုးရ သီးသန့်ရန်ပုံငွေမှ ကျပ်ဘီလျံ ၃၀ ဖြင့် ဓာတ်အားပေးမီးစက် ဝယ်ယူရာတွင် သမ္မတရုံး၏ တင်ဒါညွှန်ကြားချက်နှင့် မညီသည့်အပြင် မီးစက်တစ်နာရီ မောင်းနှင်ပါက ပျမ်းမျှဒီဇယ် ၁၆၈၀ ဂါလန် သုံးစွဲရကြောင်း ဒီဇင်ဘာ ၈ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တင်သွင်းရာတွင် ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် တင်ဒါအောင်မြင်သည့်ကုမ္ပဏီနှင့်၂၀၁၇ ခုနှစ် မေ ၂၅ ရက်တွင် စာချုပ်ချုပ်ဆို၍ 25MW Trailer Mounted Dual Fuel Generator(TM2500) ဓာတ်အားပေးစက် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တွင် တင်ဒါရွေးချယ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်ဟု ပါရှိသော်လည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်မှုမရှိဘဲ Limited Tender ဖြင့်သာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

“မီးစက်မောင်းနှင်လည်ပတ်ရန်အတွက် စက်မောင်းနှင်သည့်ဆီမှာ တစ်နာရီလျှင် ပျှမ်းမျှ ၁၆၈၀ ဂါလန် သုံးစွဲရကြောင်းသိ ရှိရပါတယ်။ စမ်းသပ်စက်မောင်းနှင်ဆီမှာ ၇-၂၀၁၇၊၈-၂၀၁၇၊၅-၂၀၁၈ လတွင် ဒီဇယ်ဆီ ၁၄၆၇၅ ဂါလန်၊ စက်မောင်းနှင်ရန် သင်တန်းပို့ချသည့် ကာလအတွက် ၃၈၇၇၇ ဂါလန်၊ စက်ပျက်စီးမှု မရှိစေရန်အတွက် စက်နှိုးဆီမှာ ၁၅၀၇ ဂါလန်နှင့် ဓာတ်အားလိုအပ်ချက်အရ မောင်းနှင်အသုံးပြုရသည့် ဒီဇယ်ဆီမှာ ၉၂၆၃၄၆ ဂါလန် စုစုပေါင်း ၉၈၁၃၀၅ ဂါလန်သုံးစွဲထားကြောင်း တွေ့ရှိပါတယ်” ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် သီးသန့်ခွင့်ပြုရန်ပုံငွေဖြင့် 25MW Trailer Mounted Gas Turbine Generator Set ဝယ်ယူခြင်း ကျပ်သန်း ၃၀၀၀၀  သုံးစွဲထားမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၉-၃-၂၀၁၇ ရက်စွဲပါ စာအမှတ်၊၄၄/၁၆၈/အဖရ (၅/၂၀၁၇) ဖြင့်လည်းကောင်း၊ ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၄-၃-၂၀၁၇ ရက်စွဲပါ စာအမှတ်၊စဘ/ဘဏ္ဍာ- ၄-၁-၅(၁၄၁၉ /၂၀၁၇) ဖြင့်လည်းကောင်း သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

သီးသန့်ရန်ပုံငွေမှ ဝယ်ယူထားသည့် Generator စက်လည်ပတ်မောင်းနှင်မှုအား စိစစ်ရာ စက်စတင်တပ်ဆင်သည့်လ ၂၃ လအတွင်း စက်စမ်းသပ်လည်ပတ်သည့်သုံးလ၊ စက်လုံးဝလည်ပတ်မှုမရှိသည့် ခြောက်လ၊ စက်ပျက်စီးမှုမရှိစေရန် ၂/၂၀၁၈ လမှစ၍ တစ်ပတ်လျှင် တစ်ကြိမ် ၁၅ မိနစ်ခန့် လည်ပတ်သည့်လ ရှစ်လ၊ စက်မောင်းနှင်ရန် သင်တန်းပို့ချသည့်ကာလ နှစ်လ၊ ဓာတ်အားလိုအပ်ချက်အရ မောင်းနှင်ပေးရသည့်လ လေးလနှင့် ဇောတိက သဘာဓာတ်ငွေ့ပိုက်လိုင်း နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်သည့် ၁/၂၀၁၉ (၁) လ ပေါင်း ငါးလတို့ဖြစ်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

အဆိုပါ Generator အား ပုံမှန်လျှပ်စစ်ဓာတ်အား ထုတ်လွှင့်မှုတွင် မောင်းနှင်အသုံးပြုမှု မရှိသည့်အတွက် ချောဆီများ ပိုက်လိုင်းအတွင်း ပိတ်ဆို့ခြင်းမဖြစ်စေရန်နှင့် Turbine Rotor Level များပုံမှန်အတိုင်း တည်ရှိရန်လိုအပ်သဖြင့် Turbine အား Cranking Speed ဖြင့် တစ်ပတ်တစ်ကြိမ် ၁၅ မိနစ် လည်ပတ်မောင်းနှင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြချက်အရ သိရှိရသော်လည်း ခြောက်လမှာ စက်လည်ပတ်မှု လုံးဝမရှိကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဓာတ်အားလိုအပ်ချက်အရ မောင်းနှင်ပေးသည့် ငါးလအတွင်း ဓာတ်အားယူနစ် ၁၁၈၀၆ သန်းကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ စျေးနှုန်းအရ တစ်ယူနစ် ကျပ် ၆ဝနှုန်းဖြင့် ဝယ်ယူပါက တန်ဖိုးအားဖြင့် ကျပ်သန်း ၇၀၈ ဒသမ ၃၆၈ ကုန်ကျမည်ဖြစ်ကြောင်း၊ ၎င်းမီးစက်အား ဒီဇယ်ဆီအသုံးပြု၍ မောင်းနှင်ပါက MPPE စျေးနှုန်းအရ တစ်ဂါလန်လျှင် ပျှမ်းမျ ကျပ် ၄၁၅၀ ဖြင့် ဒီဇယ်ဂါလန် ၉၂၆၃၄၆ (တန်ဖိုးအားဖြင့် ကျပ်သန်း ၃၈၄၄ ဒသမ ၃၃၆) သုံးစွဲကုန်ကျကြောင်း၊ ဒီဇယ်ဆီအစား Gas ဖြင့် လည်ပတ်မောင်းနှင်နိုင်ရေးအတွက် ထပ်မံဖြည့်စွက်တပ်ဆင်ရန် လိုအပ်သည့် Gas B.O.P အား ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ထည့်သွင်းလျာထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဓာတ်အားပြတ်တောက်သည့်အချိန်များ၌ ဓာတ်အားထုတ်လုပ်ပေးနိုင်သည့်အတွက် အားသာချက်အနေဖြင့် Social Benefit ရရှိသော်လည်း အားနည်းချက်ဖြစ်သည့် စက်မောင်းနှင်သည့်ကုန်ကျစရိတ်မှာ များပြားသဖြင့် ရေရှည်အတွက်သုံးသပ်၍ စရိတ်သက်သာစေမည့် နည်းလမ်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။


READ NEXT
Cancel OK