Top News

တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသော Viral Pneumonia ရောဂါ သံသယလူနာများတွေ့ရှိပါက ကုသမှုပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများတွင် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေ
24htopnews | September 17, 2024 2:12 PM CST

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးသော Viral Pneumonia ရောဂါ သံသယလူနာများ တွေ့ရှိလာပါက ကုသမှုပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစ၍ ဖျားခြင်းနှင့်အသက်ရှူခက်ခဲခြင်း ရောဂါလက္ခဏာများဖြင့် Viral Pneumonia လူနာတစ်ဦးတွေ့ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်အထိ ရောဂါဖြစ်ပွားသူ ၅၉ ဦးရှိခဲ့ကြောင်း၊ ရောဂါလက္ခဏာ ခံစားရသူလူနာများအနက် လူနာခုနစ်ဦးတွင် ရောဂါပြင်းထန်လျက်ရှိကြောင်းနှင့် ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူ ၁၆၃ ဦးအား စောင့်ကြည့်လျက်ရှိကာ လတ်တလောအချိန်အထိ သေဆုံးသူလူနာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ လေဆိပ်များဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်းနှင့်ရုရှားနိုင်ငံတို့တွင် ရောဂါဖြစ်ပွားရာ ဝူဟန်မြို့မှ ပြန်လာသည့် ခရီးသည်များအား Fever Screening Health Quarantine ပြုလုပ်လျက်ရှိကြောင်းနှင့် စင်ကာပူနိုင်ငံ၌ သံသယလူနာနှင့် အနီးကပ်ထိတွေ့သူများကိုပါ ဓာတ်ခွဲနမူနာ ရယူလျက်ရှိပြီး ဟောင်ကောင်နှင့်ထိုင်းနိုင်ငံတို့တွင် သံသယလူနာများ တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

“လက်ရှိ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲအနေနဲ့ နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေနဲ့ ရေဆိပ်၊လေဆိပ်တွေ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က လေဆိပ်တွေမှာ ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံအတွင်း ဝင်လာသူတွေကို အဖျားရောဂါနဲ့တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ သံသယလူနာတွေ တွေ့လာရင်လည်း တုံ့ပြန်ဆောင်ရွက်နိုင်ဖို့  Standard Operating Procedures တွေကို ရေးဆွဲခြင်း၊ ကုသရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး Clinical Management Guidelines တွေရေးဆွဲတာ၊ သီးခြားလူနာခန်းတွေ ပြင်ဆင်တာ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး ဓာတ်ခွဲစစ်ဆေးတာ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်တာ စတာတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲနှင့်ပူးပေါင်းပြီး ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းအဖြစ် ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်း ရောဂါများဆိုင်ရာ ကျန်းမာရေးအသိပညာ နှိုးဆော်ချက်ထုတ်ပြန်ခြင်းနှင့် Health Advisory for Traveler ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသရန် စီစဉ်ထားခြင်း၊ Hand Washing နှင့်ပတ်သက်သည့် ဗွီနိုင်းဘုတ်များအား လေဆိပ်များတွင် စီစဉ်ထားရှိခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် လိုအပ်သော PPE များ၊ Surgical Mask များ၊ VTM နှင့် Laboratory များကို လုံလောက်စွာထားရှိရန် စီစဉ်ခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည်ရှုှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ ၂၀၀၅ နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သော ရောဂါလက္ခဏာ ဖြစ်ပွားမှုစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ဆေးရုံကြီးရှစ်ရုံတွင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်အတွင်း မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးနှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆေးရုံကြီးစုစုပေါင်း ၁၅ ခုတွင် ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK