Top News

ဟုမ္မလင်းမြို့နယ်အတွင်း ရွှေအသေးစားလုပ်ကွက် ၃၅ ကွက်နှင့် လက်လုပ်လက်စားလေးကွက် တူးဖော်ခွင့်ပြုလိုက်ကြောင်း သိရ
24htopnews | November 24, 2024 5:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရွှေအသေးစားလုပ်ကွက် ၃၅ ကွက်နှင့် လက်လုပ်လက်စားလေးကွက် တူးဖော်ခွင့်ပြုလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြိီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားရေး အဖွဲ့အနေဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမဝင်သတ္တုတူးဖော်ခြင်းများ လျော့နည်းပပျောက်စေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးမှ ခွင့်ပြုပေးနိုင်သည့် ဓာတ်သတ္တုများအား အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ တူးဖော်နိုင်ရန်  လျှောက်ထားခွင့်ကို သြဂုတ် ၆ ရက်မှစတင်ပြုခဲ့ရာ ထိုအထဲတွင် ရွှေအသေးစားနှင့် လက်လုပ်လက်စား တူးဖော်ခွင့်ပါဝင်နေပြီး ပထမဆုံးအသုတ်အဖြစ် ဟုမ္မလင်းမြို့နယ်အတွင်း ခွင့်ပြုပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၏ ပြောကြားချက်အရ သိရသည်။

“ဟုမ္မလင်းမြို့နယ်အတွင်း လက်လုပ်လက်စားလေးကွက်နဲ့ အသေးစားလုပ်ကွက် ၃၅ ကွက်ကို ဟိုတစ်နေ့ကပဲ ကက်ဘိနက်ဆုံး ဖြတ်ချက်နဲ့ လုပ်ခွင့်ပေးလိုက်ပြီ။ အခုခွင့်ပြု ပေးလိုက်တာက ပထမဦးဆုံး အသုတ်ပေါ့။ အခုချပေးလိုက်တာက ဟုမ္မလင်းမြို့နယ်တစ်ခုပဲ ရှိသေးတယ်။ ကျန်တာတွေက မပြီးသေးဘူးဟု ဝန်ကြီးဦးကမ်ဇာမုံက ပြောကြားသည်။

တူးဖော်ခွင့်လျှောက်ထားသူများတွင် အသေးစားတူးဖော်ခွင့် လျှောက်ထားသူက ပိုမိုများပြားနေပြီး တူးဖော်ခွင့်ရရှိသူများသည် ပြည်ထောင်စုမှရေးဆွဲထားသော သတ္တုဥပဒေအတိုင်း လိုက်နာတူးဖော်ရမည်ဖြစ်ကြောင်း သိရသည်။

လက်လုပ်လက်စားလျှောက်တဲ့လူက နည်းတယ်။ ကျန်သေးတဲ့ လျှောက်လွှာထဲမှာရော အခု ခွင့်ပြုလိုက်တဲ့ အထဲမှာပါ အသေးစားပဲ လျှောက်တဲ့လူများနေတယ်။ လက်လုပ်လက်စားကျတော့ တစ်ဧကပဲဆိုတော့ သိပ်မလုပ်ချင်ကြဘူး။ အသေးစားကျတော့ လေးဧက လေးကွက်အထိရတယ်။ အဲဒီတော့ အသေးစားကို ပိုလျှောက်ကြတာပေါ့။ တိုင်းအနေနဲ့ဆွဲတဲ့ သတ္တုဥပဒေမူကြမ်းက ပြည်ထောင်စုကရေးဆွဲတဲ့ဟာကိုပဲ အခြေခံတာပါ။ လွှတ်တော်မှာတောင် မတင်ဖြစ်သေးဘူး။ အကြမ်းဖျင်းဆွဲတာပဲရှိသေးတော့ အခုချပေးလိုက်တဲ့ အသေးစားနဲ့ လက်လုပ်လက်စားတွေက ပြည်ထောင်စုကရေးဆွဲထားတဲ့ သတ္တုဥပဒေအတိုင်းတူးရမှာပါ”ဟု ဝန်ကြီး ဦးကမ်ဇာမုံက ဆက်လက်ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်းမှ အသေးစား နှင့် လက်လုပ်လက်စားတူးဖော်ခွင့် လျှောက်ထားသူများသည်လည်း သက်ဆိုင်ရာက တရားဝင်ခွင့်ပြုချက်ကို အလျင်အမြန်ခွင့်ပြုပေးစေလိုကြောင်း သိရသည်။

“အသေးစားနဲ့ လက်လုပ်လက်စား လျှောက်ထားတာကို မြန်မြန်ချပေးစေချင်တယ်။ အကြီးစားတွေက အသစ်ချမပေးတော့တာ ကြာပြီလေ။ အခုတူးနေတဲ့လူတွေ ကနဂိုသက်တမ်းလက်ကျန်တွေဆိုပေမယ့် တရားမဝင်တူးနေတဲ့လူတွေက ပိုများတယ်။

တရားဝင်လျှောက်ထားပြီး ခွင့်ပြုမိန့်မကျ သေးတဲ့အကွက်တွေမှာ တချို့တွေက တရားမဝင် ဝင်တူးနေကြလို့ ပြဿနာတက်နေကြတာလည်းဖြစ်နေတော့ လျှောက်ထားတဲ့လူတွေကို မြန်မြန်စိစစ်ပြီး ချပေးစေချင်တယ်” ဟု ဟုမ္မလင်းမြို့နယ်မှ ရွှေအသေးစားလုပ်ကွက်တူးဖော်ခွင့် လျှောက်ထားသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ထုတ်ပြန်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားနယ်မြေ (ရွှေ) သတ်မှတ်ထားမှုတွင် ဟုမ္မလင်း၊ ဖောင်းပြင် (ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်) နှင့် ဆယ်ဇင်း၊ နမ့်တော ဥရုမြစ် ဝှမ်းတစ်လျှောက်၊ ကန့်ဘလူနှင့် ဗန်းမောက်၊ ချောင်းကြီးချောင်းဝန်းကျင်ဒေသများ ပါဝင်ကြောင်း သိရသည်။

 


READ NEXT
Cancel OK