
တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များကို ချိုးဖောက်မှုများ ရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများ ဝယ်ယူမှုနှင့်ပတ်သက်၍ အမေရိကန် ဒေါ်လာ ၁၆၉ သန်း အကုန်အကျခံဝယ်ယူခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလျံ သုံးစွဲခဲ့ကြောင်း၊ ထို့ပြင် အထွေထွေကိစ္စများအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ကိုလည်း သုံးစွဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေကိုလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း၊ ထို့အတွက် တာဝန်ရှိသူများအနေဖြင့် အကျိုးရှိရှိ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နေထိုင်သည့်ဒေသများတွင်လည်း ထိုးနှံပေးနိုင်ရန် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ NCA သဘောတူညီချက်များကို ချိုးဖောက်မှုများရှိသော်လည်း မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်အစွဲမထားဘဲ လူသားတစ်ယောက်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းပြည် သာယာဝပြောရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်နေခြင်းကို အချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မျက်ကွယ်ပြု၍ ဆောင်ရွက်နေကြကြောင်း၊ ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နယ်စပ်ဒေသဆက်ဆံရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာကတိကဝတ်၊ သဘောတူညီချက်များနှင့်အညီ ပြောဆိုပြုမူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံဂုဏ်သိက္ခာမြင့်မားစေရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် တိုးတက်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာန အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ပကာသနကို လျှော့ချ၍ ချွေတာရေးနည်းလမ်းများနှင့်အညီ အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းများကို လုပ်ဆောင်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် အောက်ခြေအထိ ထိတွေ့ဆက်ဆံသွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုကို ပြည်သူလူထုက ယုံကြည်အားကိုးလာစေရန် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်