ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံအားလုံး အပစ်အခတ်ရပ်စဲပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဧပြီ ၃ တွင် နောက်တစ်ကြိမ်ထပ်မံ တောင်းဆိုခဲ့သည်။
“အဆိုးဆုံးက မရောက်လာသေးပါဘူး” ဟု ဆီးရီးယား၊ လစ်ဗျား၊ ယီမင်ကဲ့သို့သော စစ်ဖြစ်နေသည့် နိုင်ငံများကို ရည်ညွှန်းပြီး ဂူတာရက်စ်က ပြောကြားခဲ့သည်။
“ကိုဗစ် ၁၉ မုန်တိုင်းက ပဋိပက္ခတွေဆီကို လာနေပါပြီ” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ မတ် ၂၃ ငြိမ်းချမ်းရေး တောင်းဆိုချက်အပြီးတွင် တိုးတက်မှုများ ရှိခဲ့သည်ဟု ဂူတာရက်စ်က ပြောကြားခဲ့ပြီး နိုင်ငံ အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဉ်များကို ဟန့်တားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်သည် နယ်စပ်ကို အလျင်အမြန် ဖြတ်ကျော်နိုင်ကြောင်း၊ နိုင်ငံများကို ပျက်စီးစေပြီး ဘဝများကို ဖျက်ဆီးနိုင်ကြောင်း ပြသထားပြီးဖြစ်သည်ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကိုလံဘီယာ၊ လစ်ဗျား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း၊ ယီမင်တို့ရှိ သက်ဆိုင်သည့်အဖွဲ့များက ၎င်း၏ ငြိမ်းချမ်းရေးတောင်းဆိုမှုကို ထောက်ခံကြောင်း ပြသထားသည်ဟု ဂူတာရက်စ်က ဆိုခဲ့သည်။
“ ဒါပေမဲ့ ကြေညာချက်တွေနဲ့ လုပ်ရပ်တွေအကြား ကွာဟချက်ကြီး ရှိနေပါတယ်၊ စကားလုံးတွေကို မြေပြင်မှာ၊ လူတွေရဲ့ဘဝတွေကြားမှာ ငြိမ်းချမ်းရေးအဖြစ် ပြောင်းလဲဖို့က ကွာဟချက်ရှိနေပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
အဆိုးဆုံးအခြေအနေဖြစ်နေသည့် နိုင်ငံများတွင် တိုက်ပွဲများ အရှိန်မလျော့သေးဘဲ အချို့နေရာများတွင် တိုက်ပွဲများ ပိုအရှိန်မြင့်လာကြောင်း ဂူတာရက်စ်က ဆိုသည်။
ငြိမ်းချမ်းရေးအတွက် ကနဦးတောင်းဆိုချက်ကို နိုင်ငံ ၇၀ ခန့်က ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ဂူတာရက်စ်က ပြောခဲ့သည်။
“ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့က သံတမန်ရေး ကြိုးပမ်းမှုတွေ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သေနတ်သံတွေ တိတ်ဆိတ်ဖို့ ငြိမ်းချမ်းရေးအသံတွေ မြှင့်ဖို့လိုပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့အကြား အကွဲအပြဲရှိနေသော ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဂူတာရက်စ် ရည်ညွန်းပြောကြားခဲ့ခြင်း မရှိပေ။ ဂူတာရက်စ်၏ တောင်းဆိုမှုကို ဥရောပသမဂ္ဂက အခိုင်အမာထောက်ခံခဲ့ပြီး ဥရောပ သမဂ္ဂနိုင်ငံခြားရေးရာ ခေါင်းဆောင် ဂျိုးဇက်ဘိုရယ်က ကမ္ဘာတစ်ဝန်းမှ လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်နေသူအားလုံး နိုင်ငံရေးအဖြေရှာရန် ကြိုးပမ်းမှုများ၌ ပါဝင်ကြရန် တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုကွန်ဖရင့် အပြီးတွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး လုံခြုံရေးကောင်စီသည် COVId-19 နှင့်ပတ်သက်ပြီး တစ်ကြိမ်မျှ မတွေ့ဆုံသေးဘဲ ကြေညာချက်၊ ပူးတွဲဆုံးဖြတ်ချက် တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။
ဗိုင်းရပ်စ် နှိမ်နင်းရေးကို နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ရှိကြရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဧပြီ ၂ တွင် အတည်ပြုခဲ့သည်။ ဗိုင်းရပ်စ် ဘေးရင်ဆိုင်နေရသော ဆင်းရဲသည့်နိုင်ငံများအတွက် အကူညီများ ပိုပေးရန် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နိုင်ငံစုံအဖွဲ့များကို ဂူတာရက်စ်က တောင်းဆိုခဲ့သည်။