Top News

မြန်မာ့အသံလွှင့် မီဒီယာ ရှေ့ရေး
24htopnews | November 20, 2024 5:12 PM CST

 
 
■ အသံလွှင့် မီဒီယာဟာ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းပါဈေးကွက် စီးပွားရေးစနစ် ရှင်သန် အားကောင်းလာတာနဲ့ အညီ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ သတင်းမီဒီယာနဲ့ အခြား နည်းလမ်းတွေကို အသုံးချကာ မိမိတို့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေ အကြောင်းကို ကြော်ငြာကြရတယ်။ တိုင်းပြည် စီးပွားရေး အရွယ်ပမာဏကို လိုက်ပြီး နိုင်ငံတစ်ခု အတွင်းရှိ တစ်နှစ်အတွင်း စီးပွားရေး ကြော်ငြာဈေးကွက် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ ရှိတတ်တယ်။ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းဆိုတာ အဲဒီလောက် ကြီးမားတဲ့ ကြော်ငြာဈေးကွက် စီးပွားရေးလုပ်ငန်းလည်း ဖြစ်တယ်။ ဘယ်နိုင်ငံမှာမဆို သတင်းမီဒီယာ ကြော်ငြာငွေထဲက သုံးချိုးနှစ်ချိုး မနည်းတဲ့ ပမာဏဟာ ရုပ်မြင်သံကြားမှာ ထည့်သွင်းတဲ့ စီးပွားရေး ကြော်ငြာတွေ ဖြစ်တယ်။မြန်မာနိုင်ငံရဲ့ ၂၀၁၆ မီဒီယာ စီးပွားရေး ကြော်ငြာဈေးကွက် ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကျော် ရှိမယ်လို့ ခန့်မှန်းတယ်။ အဲဒီ အထဲမှာ အသံလွှင့်မီဒီယာ ကြော်ငြာတန်ဖိုးက လေးပုံသုံးပုံ၊ တန်ဖိုးအားဖြင့် ၁၆၅ သန်းခန့် ရှိမယ်လို့ ခန့်မှန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီး၊ တိုင်းပြည်စီးပွားရေး ကြီးလာတာနဲ့ အမျှ မြန်မာနိုင်ငံ စီးပွားရေး ကြော်ငြာတန်ဖိုးဟာလည်း ဆယ်စုနှစ် တစ်ခုအတွင်း ဘီလျံအထိ ဖြစ်လာနိုင်တယ်။ 
■ Free-to-air နဲ့ terrestrial broad-castingစီးပွားရေး ကြော်ငြာတွေ လက်ခံတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား လိုင်းတွေဟာ ပရိသတ်များဖို့ လိုတာမို့ အခမဲ့ ထုတ်လွှင့်တဲ့ လိုင်းတွေ ဖြစ်တယ်။ အဲဒါတွေကို free-to-air လိုင်းတွေလို့ ခေါ်တယ်။ အဲဒီ လိုင်းတွေကို လက်ခံနားထောင်၊ ကြည့်ရှုသူတွေဟာ အခကြေးငွေ ပေးစရာ မလိုပါ။ စီစဉ် ထုတ်လုပ်သူတွေဘက်က စီးပွားရေး ကြော်ငြာတွေ ထည့်သွင်းပြီး စီးပွားရှာကြတယ်။ အခမဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေဟာ တိုင်းပြည်တစ်ခုရဲ့ ပထဝီ နယ်နိမိတ်အတွင်း မြေပြင်မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာ၊ နည်းပညာတွေကို အသုံးချ ထုတ်လွှင့်ရတယ်။ အဲဒါကို မြေပြင်က ထုတ်လွှင့်ခြင်း (terrestrial broadcasting) လို့ ခေါ်တယ်။ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့လိုင်း (free to air, terrestrial broadcasting) တွေဟာ သက်ဆိုင်ရာ နိုင်ငံအလိုက် လိုင်းအရေအတွက် အကန့်အသတ်နဲ့ ရှိကြတယ်။ အထူးသဖြင့် အန်နားလွတ် (analogue) ရုပ်သံလိုင်းတွေဟာ မြန်မာ၊ ထိုင်းလောက် ပထဝီ အကျယ်အဝန်းရှိတဲ့ နိုင်ငံတွေအတွက် ရှစ်လိုင်းလောက်ပဲ ရှိတယ်။ အဲဒီ လိုင်းတွေဟာ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေ ဖြစ်ပါတယ်။ အစိုးရတွေ စနစ်တကျ စီမံ ခန့်ခွဲပေးရတဲ့ လိုင်းတွေဟာ အခမဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေအတွက် ဖြစ်ပါတယ်။ ဂြိုဟ်တုကတစ်ဆင့် ထုတ်လွှင့်တဲ့ လိုင်းတွေနဲ့ မြေပြင်က ထုတ်လွှင့်တဲ့ လိုင်းတွေ မတူ ခြားနားတာကို သတိပြုသင့်တယ်။ 
■ အန်နားလွတ်နဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းမြန်မာနိုင်ငံမှာ အဓိက ရုပ်သံထုတ်လွှင့်နေတဲ့ နည်းပညာဟာ အန်နားလွတ် (analogue) ဖြစ်ပါတယ်။ အခုအခါ တစ်ကမ္ဘာလုံး ရုပ်သံ ထုတ်လွှင့်မှုတွေကို ဒီဂျစ်တယ် (digital) အဖြစ် ပြောင်းနေသလို မြန်မာနိုင်ငံမှာလည်း ဒီဂျစ်တယ်အဖြစ် ပြောင်းနေပါတယ်။ ၂၀၂၀ မှာ တစ်ကမ္ဘာလုံး အန်နားလွတ်တွေ ပိတ်ပြီး ဒီဂျစ်တယ်ပဲ ရှိတော့မယ်လို့ သဘောတူထားကြတာလည်း ရှိတယ်။ ဒီဂျယ်တယ်လိုင်း ထုတ်လွှင့်ချက်တွေက အန်နားလွတ်လိုင်း ထုတ်လွှင့်ချက်ထက် နည်းပညာ အဆင့်မြင့်လို့ အရည်အသွေးလည်း ကောင်းမွန်တယ်။ အသုံးပြုတဲ့ နည်းပညာအပေါ် မူတည်ပြီး အန်နားလွတ် တစ်လိုင်းဟာ ဒီဂျစ်တယ် ၁၅ လိုင်း၊ လိုင်း ၂၀ အထိ တိုးချဲ့လို့ ရတယ်။ ဒါပေမဲ့ တိုင်းပြည် လူဦးရေ၊ စီးပွားရေး အခြေအနေ၊ မီဒီယာ ဈေးကွက် အရွယ်အစား၊ နည်းပညာ အဆင့်အတန်း၊ နိုင်ငံရဲ့ ပထဝီ အကျယ်အဝန်း စတာတွေအပေါ် အခြေခံပြီး တိုင်းပြည်မှာ ရှိသင့်တဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်း အရေအတွက်ကို အစိုးရက ကန့်သတ်လေ့ ရှိတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်း ၄၈ လိုင်း ကန့်သတ်ထားတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ ဖြစ်နိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ၂၀၁၆ မတ်လက ရန်ကုန် Park Royal ဟိုတယ်မှာ ကျင်းပတဲ့ Broadcast Media Law Conference မှာ ပြောခဲ့တယ်။ သိရတဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်း အရေအတွက် ၅၀-၆၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ အတိအကျကို အစိုးရပဲ သိနိုင်မယ်။ 
■ အန်နားလွတ်နဲ့ ဒီဂျစ်တယ် ပရိသတ် ဆယ်ဆကွာမြန်မာနိုင်ငံမှာ အန်နားလွတ် ရုပ်သံလိုင်းကို လက်လှမ်းမီတဲ့ ပရိသတ် သန်း ၃၀ ကျော်မယ်လို့ ခန့်မှန်းရတယ်။ ဒီဂျစ်တယ် ရုပ်သံလိုင်း ဖမ်းနိုင်တဲ့ TV စက်တွေက နောက်ဆုံးပေါ်တွေဆိုတော့ မြန်မာနိုင်ငံက အိမ်ထောင်စု အတော်များများ လက်လှမ်း မမီနိုင်ကြသေးဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက် အတွင်း ထုတ်လုပ်တဲ့ TV တွေမှာ ဒီဂျစ်တယ် ဖမ်းစက် (builtin digital tuner) ပါဝင်တယ်။ အဲဒီ TV တွေက ဘာမှ ကြားခံ မလိုဘဲ မြေပြင်က ထုတ်လွှင့်တဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းကို ဖမ်းယူလို့ ရတယ်။ ဒီဂျစ်တယ်ဖမ်းစက် မပါတဲ့ TV တွေကတော့ ကြားခံစက် set top box တစ်မျိုးခံပြီး ဖမ်းရတယ်။ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် ရုပ်သံလိုင်းကို လက်လှမ်းမီတဲ့ ပရိသတ် သုံးသန်းလောက် ရှိမယ် ခန့်မှန်းရတယ်။ အန်နားလွတ်နဲ့ နှိုင်းယှဉ်ရင် ဆယ်ဆကွာနေတယ်။ 
■ ပရိသတ်နဲ့ ကြော်ငြာ တိုက်ရိုက် အချိုးကျပုဂ္ဂလိက မီဒီယာတွေ ကြော်ငြာနဲ့ ရပ်တည်ရတာ အားလုံး အသိပါ။ ပရိသတ် များများရှိတဲ့ မီဒီယာက ကြော်ငြာ ဈေးကွက်မှာ နေရာရတယ်။ လက်ရှိ အသံလွှင့် လုပ်ငန်း လုပ်ကိုင်နေသူ လေးဦးက အန်နားလွတ် ပရိသတ် သန်း ၃၀ လောက်ကို ထုတ်လွှင့် နေချိန်မှာ အသစ်ဝင်လာတဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေက ပရိသတ် ဆယ်ဆလောက် နည်းတဲ့ သုံးသန်းလောက်ကိုပဲ ထုတ်လွှင့်နိုင်မှာပါ။ ဒီအခြေအနေမျိုးမှာ ကြော်ငြာသမားတွေ ဘယ်ရုပ်သံလိုင်းကို သွားမလဲ စဉ်းစားကြည့်ပါ။ 
■ PSB နဲ့ ပုဂ္ဂလိက အသံလွှင့်လုပ်ငန်း သဟဇာတ ဖြစ်ဖို့လိုအစိုးရပိုင် အသံလွှင့် ဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) ကို အများပြည်သူ ဝန်ဆောင်မှု အသံလွှင့်လုပ်ငန်း (Public Service Broadcasting, PSB) အဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံအတွက် ဖြစ်သင့်တဲ့ PSB ပုံစံ တစ်ခုကို ဖန်တီးရမှာပါ။ သေချာတာကတော့ PSB ဟာ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းကို အဟန့်အတားဖြစ်တဲ့ ပုံစံနဲ့တော့ မရပ်တည်သင့်ပါ။ ဥပမာ အစိုးရ ထောက်ပံ့ငွေလည်းယူ၊ စီးပွားရေး ကြော်ငြာလည်း ယူမယ်ဆိုရင် ပုဂ္ဂလိက အသံလွှင့်ဈေးကွက် မျှတစွာ ယှဉ်ပြိုင်ရေးမူကို ထိခိုက်စေပါလိမ့်မယ်။ ပုဂ္ဂလိက သတင်းစာလောကကြီး ကျဆုံးနေတာ ဈေးကွက်မှာ အစိုးရ သတင်းစာနဲ့ တန်းတူ မပြိုင်နိုင်လို့ ဖြစ်ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံ ပူပူနွေးနွေးလေး ရှိနေပါသေးတယ်။ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဘယ်နိုင်ငံမဆို စီးပွားရေး လုပ်ငန်းရှင်တွေ အကြား မျှတမှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး (fair competition) ကို အစိုးရက ဥပဒေများ ပြဋ္ဌာန်းကာ ထိန်းကျောင်းပေးရစမြဲပါ။ အတည်ပြုပြီးတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေဟာ အသံလွှင့်လုပ်ငန်း လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေအကြား မျှတမှုရှိစွာ ယှဉ်ပြိုင်နိုင်မလား၊ အခွင့်အရေး တန်းတူ ရမလား မေးခွန်ထုတ်စရာ အချက်ပေါင်းများစွာ ရှိတယ်။ 
■ အကန့်အသတ်ရှိတဲ့ လေလှိုင်းပုံနှိပ်မီဒီယာ အတွက် လိုင်စင်ကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်တယ်။ အသံလွှင့် မီဒီယာမှာ ဒီလိုလုပ်လို့ မရပါ။ အသံထုတ်လွှင့်ခြင်းကို လေလှိုင်းက ပြုလုပ်ရပြီး ထုတ်လွှင့်နိုင်တဲ့ လေလှိုင်း (spectrum) မှာ အကန့်အသတ် ရှိတယ်။ လေလှိုင်းကို ထပ်မံ တိုးခဲျ့၍ မရပါ။လက်ရှိ ထုတ်လွှင့်ခွင့်ရနေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ MRTV၊ တပ်မတော်ပိုင် မြဝတီ၊ ရွှေသံလွင်၊ Forever Group တွေ မြေပြင်က ထုတ်လွှင့်တဲ့ အန်နားလွတ် ရှစ်လိုင်းကို ခွဲတမ်းချယူ ထားပြီးတဲ့ အပြင် ဒီဂျစ်တယ်လိုင်းပေါင်း များစွာကိုလည်း ယူထားပြီး ဖြစ်တယ်။ စုစုပေါင်း လိုင်း ၄၀ ကျော် ယူထားပြီးလို့ ခန့်မှန်းရတယ်။ ဒီဂျစ်တယ်လိုင်းနဲ့ ဈေးကွက်ထဲ ဝင်လာမယ့် သူတွေအတွက် လိုင်း ၁၀-၂၀ လောက်ပဲ ကျန်မယ့် သဘောပါ။ အတိအကျကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတွေပဲ သိလိမ့်မယ်။အတည်ပြုထားတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၀၀) မှာတော့ ဥပဒေ မရှိခင်က အသံလွှင့်လုပ်ငန်း လုပ်နေသူတွေ ဥပဒေ ပြဋ္ဌာန်းပြီ တစ်နှစ်အတွင်း (တစ်နည်း ၂၀၁၆ သြဂုတ်လ မတိုင်မီ) လိုင်စင် လျှောက်ထားရယူရမယ်လို့ ပြောတယ်။ သဘောက လျှေက်လိုက်၊ ရကို ရမယ်လို့ ဆိုလိုတာလား မရှင်းပါ။ လိုင်းအားလုံးကို ဆက်ပေးနေမှာလား၊ နောက်လူတွေအတွက် မျှတစွာ ဆောင်ရွက်ပေးမလား မသိပါ။ဒါ့အပြင် အတည်ပြုထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမှာ အစိုးရ ရုပ်သံလိုင်းတွေကို ထပ်မံ တည်ထောင်ခွင့် ပြုထားတာမို့ အကန့်အသတ်နဲ့သာ ရမယ့် အသံလွှင့်လိုင်းတွေကို အစိုးရလိုင်းတွေ အတွက်ပါ ခွဲတမ်းပေးရဦးမယ် ဆိုတော့ ပုဂ္ဂလိက အတွက် နေရာက မကျန်သလောက်ကို ဖြစ်တော့မယ်။ 
■ အသံလွှင့် ရုပ်သံဝန်ဆောင်မှု  (Broadcasting service) ကိစ္စအသံလွှင့် လိုင်စင်တွေ လူသစ်တွေကို ထုတ်ပေးလိုက်ပြီပဲ ထားတော့၊ အဲဒီ လူတွေ ဘယ်လို အသံလွှင့်မှာလဲ။ အသံလွှင့်စက် (transmitter) ထပ်ဆင့်လွှင့်စက် (relay station) နဲ့ တာဝါတိုင် (tower) တွေ လိုအပ်တယ်။ အဲဒါတွေဟာ အသံလွှင့် လုပ်ငန်းအတွက် လိုအပ်တဲ့ အသံလွှင့် ဝန်ဆောင်လုပ်ငန်း (broadcasting services) တွေ ဖြစ်ပါတယ်။ အခုအခါမှာ အဲဒီ ရုပ်သံ အသံလွှင့် ဝန်ဆောင် လုပ်ငန်းကို ပိုင်တာဆိုလို့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ မြဝတီပဲ ရှိတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် analogue လိုင်းအတွက် ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၂၅၀ လောက် ရှိပါတယ်။ ဒါဟာ ပထဝီ အနေအထားအရ တစ်နိုင်ငံလုံး လွှမ်းခြုံတယ်လို့ ဆိုတယ်။ ပြန်ကြားရေးပိုင် ဒီဂျစ်တယ်လိုင်း ထုတ်လွှင့်လို့ ရတဲ့ ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၁၅၀ လောက် ရှိတယ်။ ပထဝီ အနေအထားအရ ထက်ဝက်ကျော် လွှမ်းခြုံနေပြီး၊ လူဦးရေအားဖြင့်တော့ ၈၀ ရာခိုင်နှုန်းလောက် လွှမ်းခြုံတယ်လို့ သိရတယ်။ မြဝတီမှာလည်း ဒီဂျစ်တယ်လိုင်း ထပ်ဆင့်လွှင့် စက်ရုံနဲ့ တာဝါ ၁၅၀ လောက် ရှိတယ်လို့ သိရတယ်။ ဈေးကွက်ထဲ အသစ်ဝင်လာသူတွေ ကိုယ်ပိုင် စက်တွေ၊ တာဝါတွေ ထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ မြဝတီက ပိုင်တဲ့ အသံလွှင့် ဝန်ဆောင်မှုတွေကို အသုံးချခွင့်ရမှ ဖြစ်မယ်။ 
■ အသံလွှင့် ဝန်ဆောင်ခ နှုန်းထားမြန်မာနိုင်ငံမှာ အသံလွှင့်လုပ်ငန်း ဝန်ဆောင်ခ နှုန်းထား မရှိသေးပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အန်နားလွတ် ရုပ်သံလိုင်း တစ်ခု တစ်နိုင်ငံလုံး အနှံ့ ထုတ်လွှင့်ဖို့ အတွက် ကုန်ကျတဲ့ ဝန်ဆောင်ခဟာ တစ်နှစ်အတွက် ဘတ် ၅၅ သန်း (ဒေါ်လာ ၁.၈ သန်း) ခန့်ဖြစ်တယ်။ အရည်အသွေး ပိုကောင်းတဲ့ ဒီဂျစ်တယ် HD လိုင်း တစ်ခုအဖို့ ဆိုရင် အဲဒီရဲ့ သုံးဆ ဘတ် ၁၇၅ သန်း (ဒေါ်လာ ၅.၅ သန်း) ကုန်ကျတယ်။ ဒါဟာ ၂၀၁၅ ထိုင်းနိုင်ငံ ပေါက်ဈေး ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံဟာ ပထဝီ အကျယ်အဝန်း နီးစပ်တာမို့ မြန်မာနိုင်ငံမှာလည်း တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ထုတ်လွှင့်မှုမျိုး လုပ်ရင် အသံလွှင့် ဝန်ဆောင်ခနှုန်းထား ပေါက်ဈေးဟာ ထိုင်းနိုင်ငံနဲ့ တူမယ်လို့ ခန့်မှန်းရတယ်။ အခုမှ ရုပ်သံ အသံလွှင့် လောကထဲ ဝင်လာသူတွေ အဲဒီ ဝန်ဆောင်ခ နှုန်းထားကို သိရှိဖို့ လိုလိမ့်မယ်။ 
■ တစ်နှစ်အတွင်း အသံ လွှင့်နိုင်ပါ့မလားပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမှာ ပုဒ်မ (၄၂) (က) တွင် လိုင်စင်ရပြီး တစ်နှစ်အတွင်း ထုတ်လွှင့်ခြင်း မပြုနိုင်ပါက လိုင်စင် ရုပ်သိမ်းမည်ဟု ဖော်ပြထားသည်။ ရုပ်သံ လုပ်ငန်းဟာ အရင်းအနှီးကြီး (heavy investment)၊ နည်းပညာ အလေးစီး (technical intensive) တဲ့ လုပ်ငန်းဖြစ်တော့ လုပ်ငန်း နယ်ပယ်ထဲကို အခုမှ ဝင်ရောက်လာသူတွေ တစ်နှစ်အတွင်း လုပ်ငန်းဖြစ်အောင် စရမယ် ဆိုရင် မပြည့်မစုံနဲ့ စရတာမို့ အရင်းအနှီး ကြီးတဲ့ လုပ်ငန်း လည်ပတ်မှုအတွက် ကာမိတဲ့ ကြော်ငြာ မရရင် သတင်းစာတွေလို ဈေးကွက်မှာ အသတ်ခံရနိုင်တယ်။ 
■ Cross Ownership ကိစ္စပုံနှိပ် မီဒီယာရဲ့ ကြော်ငြာ တန်ဖိုးဟာ မီဒီယာ တစ်ခုလုံးရဲ့ လေးပုံ တစ်ပုံလောက်သာ ရှိပြီး၊ ရာနဲ့ချီတဲ့ ပုံနှိပ်မီဒီယာ စီးပွားရေးသမားတွေက မျှေ၀ လုယူနေရတယ်။ အစမှာ တင်ပြခဲ့သလို အသံလွှင့် မီဒီယာ ကြော်ငြာ ဈေးကွက်က အလွန်ကြီးမားတယ်။ အဲဒီ ဈေးကွက်မှာ ပုံနှိပ်ဘက် မီဒီယာဘက်က စီးပွားရေး သမားတွေ ၃၀ ရာနှုန်းသာ လုပ်ခွင့် ရှိတယ်လို့ ၂၀၁၅ ဥပဒေမှာ ပြဋ္ဌာန်းထားတာဟာ မျှတမှု မရှိတဲ့ စည်းကမ်းချက် ဖြစ်တယ်။ အသံလွှင့်မီဒီယာ ကြော်ငြာဈေးကွက် အကြီးကြီးထဲက သူတွေ သေးငယ်တဲ့ ဈေးကွက်ထဲ သွားခွင့်မရတာ ပြဿနာ မဟုတ်ပေမယ့် သေးငယ်တဲ့ ဈေးကွက်ထဲက လူကို ကြီးမားတဲ့ ဈေးကွက်ထဲ လာခွင့် မပြုတာဟာ လက်ဝါးကြီးအုပ်မှု ဖြစ်တယ်။ Cross Ownership ကန့်သတ်ချက် လုံး၀ ဖယ်ရှားသင့်တယ်။ 
■ အစိုးရ စဉ်းစားရမယ့် ကိစ္စများ၂၀၁၅ ခုနှစ် သြဂုတ်လက ပြည်ထောင်စု ပါလီမန်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား အပါအဝင် ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းများကို ခွင့်ပြုပေးရတော့မယ်။ စစ်မှန်တဲ့ ပုဂ္ဂလိက အသံလွှင့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး၊ မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်ရေးအတွက် အသံလွှင့် မီဒီယာနဲ့ ပတ်သက်လို့ အစိုးရ စဉ်းစားသင့်တဲ့ အထဲ ဒါတွေ ပါဝင်တယ်။► ၁။ အစိုးရပိုင် MRTV ကို PSB စစ်စစ်မှန်မှန် ပြောင်းပါ။ ကြော်ငြာ လုံး၀ မယူပါနဲ့။ ဒါမှ ကြော်ငြာနဲ့ ရပ်တည်ရတဲ့ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ ဆီကို ကြော်ငြာတွေ ရောက်သွားပါလိမ့်မယ်။► ၂။ PSB လုပ်ငန်း လည်ပတ်ငွေ နည်းသုံးမျိုးနဲ့ ရနိုင်ပါတယ်။ ယစ်မျိုးခွန် (sin tax) ကယူခြင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန တစ်နည်း အစိုးရပိုင် broadcasting service တွေကို ပုဂ္ဂလိက အသံလွှင့် ဌာနတွေကို ပေးခြင်းအားဖြင့် ရရှိမယ့် ဝန်ဆောင်ခနဲ့ PSB ကို လည်ပတ်ခြင်း၊ ဒီနှစ်မျိုးစလုံးဟာ ထိုင်းမှာ ကျင့်သုံးတဲ့ မူပါ။ ဥရောပနိုင်ငံတွေမှာကတော့ TV လိုင်စင်ကြေးနဲ့ သွားတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို TV လိုင်စင်ကြေး ကောက်ဖို့ လက်တွေ့ မကျပါ။ ထိုင်းမှာတောင် မဖြစ်နိုင်လို့ ခုနက နည်းတွေ သုံးတယ်။► ၃။ အစိုးရနဲ့ မြဝတီပိုင် အသံလွှင့် ဝန်ဆောင်မှုတွေကို ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းရှင်တွေအတွက် မျှမျှတတ ဝန်ဆောင်မှု ပေးရမယ်။ ဒီအတွက် ထိုက်တန်တဲ့ ဝန်ဆောင်ခ ယူရမယ်။ ဒါဆိုရင် အခုမှ ဈေးကွက်ထဲ ဝင်လာတဲ့ ပုဂ္ဂလိက အသံလွှင့် လုပ်ငန်းရှင်တွေ မြန်မြန် လုပ်ငန်းစနိုင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမယ်။ PSB လည်ပတ်ဖို့ လိုငွေလည်း ရသွားမယ်။ PSB နဲ့ ပုဂ္ဂလိက အသံလွှင့် ဌာနတွေ သဟာဇာတဖြစ်ဖြစ် ရပ်တည်နိုင်မယ်။► ၄။ ရုပ်သံလိုင်စင် အမျိုးအစား (license category) ခွဲသင့်တယ်။ ဥပမာ PSB၊ News & Current Affair၊ Variety စသဖြင့် ခွဲပြီး၊ လုပ်ငန်းရှင် တစ်ဦးကို လိုင်စင် အမျိုးအစား ဘယ်နှမျိုး ပေးသင့်သလဲ စသဖြင့် စဉ်းစားသင့်တယ်။► ၅။ ရုပ်သံလိုင်းတွေ digital လိုင်းပြောင်းရေး ကိစ္စမှာ အခုထက် ပိုပြီး မဟာဗျူ ဟာကျကျ လုပ်ဆောင်သင့်တယ်။ ဥပမာ ပြည်သူ ဘယ်နှရာခိုင်နှုန်း ဘယ်အချိန် ကာလမှာ digital ရုပ်သံလိုင်းတွေ ကြည့်နိုင်အောင် နည်းပညာ ပိုင်းအရ ဘယ်လိုကူညီ ဖြန့်ဖြူးပေးမယ် စသဖြင့် လုပ်စရာတွေ ရှိနေတယ်။ ဒီလိုလုပ်မှ ဒီဂျစ်တယ် ပရိသတ် များလာပြီး ဈေးကွက်ထဲ အခု ဝင်လာတာကာ ဒီဂျစ်တယ်ပဲ လုပ်ခွင့်ရသူတွေ အန်နားလွတ် ထုတ်လွှင့်သူတွေနဲ့ အချိန်တိုအတွင်း ပရိသတ် တန်းတူရလာမယ်။ ကြော်ငြာတွေဟာ ပရိသတ် အရေအတွက်နဲ့ တိုက်ရိုက် အချိုးကျကြောင်း အထက်မှာ တင်ပြခဲ့ပြီး ဖြစ်တယ်။(ဆောင်းပါးပါ အချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။ DVB အာဘော် မဟုတ်ပါ။)


READ NEXT
Cancel OK