Top News

နိုင်ငံရေး မိုင်းဗုံး၊ ကျပ်ဘီလျံ ၅၀၀ နှင့် ပဲ့ထွက်နေတဲ့ မြန်မာ့ ဘဏ္ဍာရေး
24htopnews | November 20, 2024 5:12 PM CST

လယ်ယာကဏ္ဍ ဖွံဖြိုးမှု နိမ့်ကျနေရခြင်းဟာ အရင်းအနှီး ရရှိရေး ပြသာနာ၊ စက်မှု ထူထောင်ရေး ပြသာနာ၊ ကုန်ထုတ်လုပ်ရေး ပြသာနာ၊ ကုန်သွယ်ရေး ပြသာနာ၊ ဖြန့်ဖြူးရေး ပြသာနာ၊ အလုပ်လက်မဲ့ ပြသာနာ အစရှိတဲ့ စီးပွားရေး ပြသာနာ အမျိုးမျိုးကို ကူးဆက်သွားပါတယ်။ လယ်ယာကဏ္ဍ ဖွံဖြိုးမှုဟာလည်း ကျေးလက် ဆင်းရဲနွမ်းပါးမှုနှင့် ချိတ်ဆက်နေတာကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့ဟာ အစိုးရသစ် အတွက် အရေးတကြီး လုပ်ဆောင် အကောင်အထည်ဖော်ရမဲ့ စီးပွားရေး ပေါ်လစီ တစ်ခုလည်း ဖြစ်ပါနေတယ်။ လယ်ယာကဏ္ဍ ဖွံဖြိုးမှု ဖြစ်လာရင် ကျေးလက် လူနေမှု အဆင့်အတန်းလည်း မြင့်လာမှာ ဖြစ်ပြီးတော့ လယ်ယာကဏ္ဍနဲ့ ချိတ်ဆက်နေတဲ့ စီးပွားရေး ကဏ္ဍတွေကိုလည်း ကျွဲကူးရေပါ အောင်မြင်မှုကို ခေါ်သွားနိုင်မှာပါ။ 
■ နိုင်ငံရေး မိုင်းဗုံးကျေးလက် ဆင်းရဲနွမ်းပါးမှုကို မဖြေရှင်းနိုင်ခဲ့ရင် လူမှုရေး မတည်ငြိမ်မှု၊ စီးပွားရေး မတည်ငြိမ်မှုတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်လာပြီး နိုင်ငံရေး နယ်ပယ် အထိပါ ဆိုးရွားတဲ့ အခြေအနေ ပေါ်ပေါက်ဖို့ ဆက်စပ်နေပါတယ်။ ဝင်ငွေနိမ့် မြန်မာလူ့မှု အလွှာမှာ ဝင်ငွေရဲ့ ၆၂ ရာခိုင်နှုန်းဟာ စားသုံးမှုအတွက် သုံးစွဲရတာ ဖြစ်ပါတယ်။ အဲဒီ အထဲက ၃၀ ကျော်ဟာ ဆန်အတွက် အသုံးပြုရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဆန်ဈေးနှုန်း ကြီးပြီ ဆိုတာနဲ့ ဆင်းရဲ့နွမ်းပါမှု မျဉ်းအောက် ရောက်နေတဲ့ မြန်မာ့ လူဦးရေ ၇၀ ရာခိုင်နှုန်း (၃၂ သန်းဟာ) ကုန်ဈေးနှုန်းဒဏ်ကို ကျော့ကော့အောင် ခံရတော့တာပါဘဲ။ ဒါကြောင့် ဆန်စပါး ဈေးနှုန်းဟာ စီးပွားရေး မတည်ငြိမ်မှု၊ လူမှုရေး မတည်ငြိမ်မှုကို ဖြစ်စေနိုင်တဲ့ နိုင်ငံရေး မိုင်းဗုံးလည်း ဖြစ်နေပါတယ်။လယ်ယာကဏ္ဍဆိုတဲ့ နေရာမှာ အဓိက ပြောချင်တာကတော့ ဆန်စပါး ကိစ္စပဲ ဖြစ်ပါတယ်။ ဘောဂဗေဒ ရှုထောင့်ကနေ ဆန်စပါး ပြသာနာကို ချဉ်းကပ် အဖြေရှာရမယ် ဆိုရင် ရောင်းလိုအားဘက်က ရှိတဲ့ စိုက်ဧက၊ လုပ်သားဦးရေ၊ စိုက်စရိတ် အရင်းအနှီး၊ ဆန်ဈေးနှုန်း၊ ကုန်ထုတ်လုပ်မှု စရိတ်၊ စက်ကရိယာ ဖြစ်ပါတယ်။ ဝယ်လိုအားဘက်က ကြည့်မယ်ဆိုရင် တိုင်းပြည်ဝင်ငွေ၊ ဆန်စားသုံးမှု၊ လူဦးရေ၊ ကုန်သွယ်မှု၊ ဈေးနှုန်း စတာတွေအပေါ်မှာ မူတည်နေပြန်ပါတယ်။ အခု အစိုးရ ချေးငွေဟာ ရောင်းလိုအားဘက်ကနေ ဖြေရှင်းမယ်ဆိုတဲ့ သဘောပါ။ ဆန်စပါးနဲ့ ပတ်သက်ပြီး ပြည်ပ ကုန်သွယ်ရေး အပါအဝင် စီးပွားရေး မော်ဒယ်တွေ အများကြီး ရှိသလို လယ်ယာကဏ္ဍနဲ့ စတင်ပြီး တိုင်းပြည်ချမ်းသာအောင် လုပ်သွားတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေလည်း အများကြီး ရှိပါတယ်။ အစိုးရသစ်အတွက် လယ်ယာကဏ္ဍ ဖွံဖြိုးရေးဟာ ဆန်စင်ရာ ကျဉ်ပွေ့လိုက်သလို မလုပ်မိဖို့ လိုသလို အခု စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက တစ်သိန်းခွဲ တိုးမြှင့်ပေးလိုက်တဲ့ လုပ်ငန်းစဉ်တွေထက် ပေါ်လစီ မူဘောင်နဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်ရမယ့် အချက်တွေ အများကြီး လိုနေသေးတယ် ဆိုတာကို မီးမောင်း ထိုးပြလိုပါတယ်။အခု ဗဟိုဘဏ်ကနေ ကျပ်ဘီလျံ ၅၀၀ ချေးဖို့နဲ့ ပတ်သက်ပြီး၊ ထပ်ခါထပ်ခါ သက်တမ်းတိုးနိုင်တဲ့ အစိုးရထုတ် ၉၂ ရက် သက်တမ်းရှိတဲ့ ငွေတိုက် လက်မှတ်ရဲ့ အတိုး ဘယ်လောက်လဲ ဆိုတာကို ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်မှာ ထုတ်ဖော် မပြောသွားပါဘူး။ (အစိုးရထုတ် ၂-၃-၅ နှစ် ဘွန်းတွေကတော့ ၄ % ပေးတာတွေ ရပါတယ်)။ ၉၂ ရက် သက်တမ်းရှိတဲ့ ငွေတိုက် လက်မှတ် အတိုးနှုန်းဟာ ၄ ရာခိုင်နှုန်း ဖြစ်ခဲ့မယ်ဆိုရင် လယ်စိုက်ဘဏ်က စိုက်စရိတ် ချေးငွေအတွက် အတိုး (၅ %) ယူမှာ ဖြစ်တာကြောင့် ကြားထဲမှာ အတိုးနှုန်း တစ်ရာခိုင်နှုန်းကို လယ်စိုက်ဘဏ်က ဝန်ဆောင်ခ ယူမှာလား ဆိုတာကို တွေးဆနိုင်ပါတယ်။ ဒီ ၅ ရာခိုင်နှုန်း အတိုးဟာ စတင် ချေးငွေကာလနှင့် ပြန်ဆပ်ကာလ အချိန်အတိုင်းအတာ တွက်ချက်လိုက်ရင် မေ-ဒီဇင်ဘာ(၆ လ) ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ချေးငွေ အကုန်လုံး ရတာ မဟုတ်သေးပါဘူး။ ချေးငွေရဲ့ တစ်စိတ် တစ်ပိုင်းကိုလည်း deposit တင်ရတယ်လို့ သုတေသန စာတမ်း တစ်စောင်မှာ ဖတ်ဘူးပါတယ်။ဘတ်ဂျက်လိုငွေပြ အခြေအနေ၊ တောင်သူလယ်သမားတွေကို အစိုးရ စိုက်ထုတ်ပြီး ကူညီ ပံပိုးပေးတဲ့ အစီအစဉ်တွေကြောင့် ငွေစက္ကူ ပမာဏ တော်တော်များများဟာ ဈေးကွက်ထဲကို ရောက်လာပြီး စီးပွားရေး မတည်ငြိမ်မှု ဖြစ်နေတဲ့ သမိုင်းကြောင်းကလည်း ရှိခဲ့ပါတယ်။ ရိုက်ထုတ်လိုက်တဲ့ ငွေစက္ကူကြောင့် ဈေးကွက်မှာ money supply ဖြစ်ပြီးတော့ ကုန်ဈေးနှုန်းကို မျက်စောင်း ထိုးလာနိုင်ပါတယ်။ ၂၃ မေ ၂၀၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။ လယ်ယာဘဏ်အတွက် ဖြည့်စွက်လိုငွေကို ဗဟိုဘဏ်ကနေ ကျပ် ဘီလျံ ၅၀၀ ကို ငွေစက္ကူ ရိုက်နှိပ် ထုတ်ေ၀ (Printing) လုပ်မယ်လို့ ပြောဆိုပြီး နောက်ပိုင်း တစ်ဒေါ်လာ ၁၁၈၈ ကျပ်အထိ တက်သွားပါပြီ။ သမိုင်းအစဉ်အဆက် မအောင်မြင်ခဲ့တဲ့ အစိုးရ ချေးငွေနဲ့ ကုစားတဲ့ အစီအစဉ်ဟာ good governance ဘက်က ကြည့်ရင် များစွာ အားနည်းချက်တွေ ရှိနေသေးတာကို စဉ်းစားဖို့ လိုပါပြီ။ အစိုးရ ဗျူရိုကရေစီ ယန္တရားနဲ့ ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်း မှန်သမျှဟာ အမြတ်ထွက်တဲ့ လုပ်ငန်းဆိုတာ လက်ချိုးရေတွက်လို့ ရအောင် ရှားပါးလွန်းပါတယ်။ တဆက်တည်း ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်က စပြီး အစိုးရ စိုက်ထုတ် ချေးပေးခဲ့တဲ့ ငွေကြး ပမာဏကို လေ့လာကြည်ရအောင်ပါ။ (ဇယား - ၁)ဒီဇယားမှာ တစ်နှစ်ထက် တစ်နှစ် အစိုးရ စိုက်ထုတ်ပေးတဲ့ ငွေကြေး ပမာဏ များများလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အခု အစိုးရသစ် လက်ထက် တစ်ဧက တစ်သိန်းခွဲနှင့် ကျပ်ဘီလျံ ၁၇၆၆ အထိ ချေးမယ် ဆိုပြီး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ လုပ်ငန်းစဉ်မှာ ဖော်ပြလာပါတယ်။ ၁၀ ဧကအောက် ချေးမယ် ဆိုတော့ တစ်သိန်းတုန်းက ကျပ်ဘီလျံ ၁၄၆၁ ရှိပြီး တစ်ဧက တစ်သိန်းခွဲ ဆိုရင် သူရဲ့ အဆ တဝက် တက်လာရမှာပါ။ ဒါပေမဲ့ ကျပ်ဘီလျံ ၁၇၆၆ ဖြစ်နေတာ ဆိုတာလည်း စဉ်းစား မရပါဘူး။ ဒါကြောင့် နောက်ဆုံးဇယား အကွက်မှာ ပျမ်းမျှ ဧကကို ခန့်မှန်းထည့်ထားခြင်း ဖြစ်ပါတယ်။ တကယ်တန်းက တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆယ်ဧကအောက် လယ်ဧက အရေအတွက်ဟာ ၁၉ ဒသမ ၉၅ သန်း ရှိတယ်လို့ Myanmar Agricultural in Brief 2011 by Department of Agricultural Planning စာမျက်နှာ ၃၃ မှာ ဖော်ပြထားတာ ရှိပါတယ်။တပိုဒ်လုံးကို အနှစ်ချုပ် ပြောချင်တာက ချေးငွေကြောင့် ငွေကြေးပမာဏ များပြားလာမှုနှုန်း (ratio) နဲ့ လယ်ယာစပါး အထွက်နှုန်း (ratio) နှစ်ခု နှိုင်းယှဉ်လိုက်လို့ ငွေကြေးပမာဏ အပိုင်းက များလို့ ငွေဖောင်းပွမှုနှုန်းက (သာ) နေခဲ့မယ်ဆိုရင် ကုန်ဈေးနှုန်း မြင့်တက်လာပြီလို့ ကောက်ချက်ချရမှာပါ။ ဒီ ကောက်ချက်အတိုင်း မှန်ခဲ့ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်သွားနိုင်ပြီး နိုင်ငံရေး မိုင်းဗုံး တက်နင်းမိသလို ဖြစ်မှာပါ။ 
■ ချေးငွေ ပေါ်လစီCredit Policy ကို လေ့လာကြည့်တော့ မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် (စိုက်ဘဏ်) ဟာ အကြွေးဆုံးတွေအတွက် တာဝန်ရှိတယ်။ ဒါပေမဲ့ လယ်သမားတွေ ချေးငွေ ရရှိရေး လုပ်ငန်းစဉ် ဆုံးဖြတ်ချက်တွေမှာ ပါဝင် ဆောင်ရွက်တာ မရှိဘူး။ ကျေးလက်အဆင့် ချေးငွေ စိစစ်ရေး ကော်မတီ၊ ချေးငွေ လျှောက်ထားတဲ့ လယ်သမားတွေရဲ့ ချေးငွေ အဆိုပြုလွှာ စိစစ်ရေးတွေမှာ ပါဝင် ဆောင်ရွက်တာ မဟုတ်ဘူး။ ဘဏ်ဝန်ထမ်းတွေကိုလည်း ချေးငွေဆောင်ရွက်မှု လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ ကျေးရွာတွေကို ကွင်းဆင်း ဆောင်ရွက်ခွင့် မပေးထားဘူး။ ဒါကြောင့် ကျေးရွာတွေမှာ ရှိတဲ့ ချေးငွေ စိစစ်ရေး ကော်မတီ လူကြီးတွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်တွေ ရှိနေတယ်။ (ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာ မြေတိုင်းစာရေး၊ အချို့ လည်လည်ဝယ်ဝယ် ရှိတဲ့ ကျေးရွာလူကြီး အချို့) Credit Management Structure ကိုလည်း ပြန်လည်ပြုပြင်ရမယ် ထင်ပါတယ်။ ဘဏ်ကတော့ အဲဒီ ကော်မတီက အာမခံ ပေးလိုက်တဲ့ သူကို ဘဏ်မန်နေဂျာ လက်မှတ်နဲ့ ထုတ်ချေးရုံပါပဲ။ အဲဒီတော့ အစိုးရ ပိုက်ဆံကို တောင်သူလက်ထဲ ရောက်ရှိဖို့ စိုက်ဘဏ်ရဲ့ အခန်းကဏ္ဍဟာ Money Distribution Channel ကို ဆောင်ရွက်ရတဲ့ အေးဂျင့်သာသာပဲ ဖြစ်နေတယ်။ အကြွေး ဆုံးရှုံးမှုတော့ မြို့နယ် စိုက်ဘဏ်က တာဝန်ယူပါတယ်။ဒါဟာ ခိုင်မာတဲ့ ဘဏ်လုပ်ငန်း စီမံခန့်ခွဲမှု မဟုတ်သလို ဘဏ်စီးပွားရေး ဖြစ်စဉ်လည်း မဟုတ်ပါဘူး။ ဒါကြောင့် စိုက်ဘဏ်ဟာ ချေးငွေ ချပေးရေး ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်သလို ဆုံးဖြတ်ချက်ချ ချေးပေးလိုက်တဲ့ ပိုက်ဆံအတွက်လည်း တာဝန်ခံရမှာပါ။ သူရဲ့ ချေးငွေ လုပ်ငန်းစဉ်မှာ ဘယ်အပိုင်း ထည့်သွင်းမလဲ ဆိုတဲ့ Management Structure ကို အနည်းငယ် ဖြည့်စွက် ပြုပြင်ရမယ် ထင်ပါတယ်။ ဒါကို သက်သေပြဖို့ မန္တလေးတိုင်း လယ်ယာ စိုက်ပျိုးရေး ဘဏ်ရဲ့ ပြီးခဲ့တဲ့နှစ် ချေးငွေ၊ ပြန်ဆပ်တဲ့ငွေ၊ ပြန်မဆပ်တဲ့ငွေ ဇယားကို လေ့လာ ကြည့်ရအောင်ပါ။ (ဇယား - ၂)ဒီဇယားကို ကြည့်ရင် ကြွေးမဆပ်တဲ့ ရာခိုင်နှုန်းဟာ ၃၃ % အထိ ရှိပါတယ်။ အတိုးနှုန်း ၈ % အပြည့်အ၀ ရရင်တောင် အရင်း မကျေသေးဘူးလို့ စီးပွားတွက် တွက်လို့ ရပါတယ်။ အစိုးရရဲ့ လယ်ယာကဏ္ဍ ချေးငွေဟာ စိုက်ပျိုးကုန်ကျစရိတ် စုစုပေါင်းရဲ့ ၂၅%-၃၀% သာ အထောက်အကူ (ကာဗာ)ဖြစ်တယ်လို့ စာတမ်း တစ်စောင်မှာ ဖတ်ဘူးပါတယ်။ မြန်မာ လယ်စိုက်ဘဏ်ကတော့ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းကို ကာဗာဖြစ်တယ်လို့ ဆိုထားတယ်။ တဧက ကုန်ကျစရိတ်ဟာ အရည်အသွေးညံ့ ဆန်ဆိုရင် ၂ သိန်း ရှိပြီး၊ အဆင်မြင့်ဆန် ဆိုရင် ၄ သိန်း ရှိတယ်။ (ဥပမာ ပုလဲသွယ်) ရှိပါတယ်။ 
■ ပဲ့ထွက်နေတဲ့ မြန်မာ့ ဘဏ္ဍာရေး ရေစီးကြောင်းစိုက်ဘဏ်ဟာ မြန်မာဘဏ္ဍာရေး နယ်ပယ်ထဲ ပဲ့ထွက်နေတာကိုလည်း ကမ္ဘာသိ မြန်မာဘောဂဗေဒ ပညာရှင် တစ်ဦး ရေးတဲ့ စာတမ်းမှာ မှတ်သားဘူးပါတယ်။ စိုက်ဘဏ်ဟာ ၁၉၉၆ ခုနှစ်ကစပြီး ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ကနေ လယ်ဆည်ဝန်ကြီးဌာန အောက်ကို လွှဲပြောင်းလိုက်ရလို့ မြန်မာဘဏ္ဍာရေး ရေစီးကြောင်းထဲကနေ ပဲ့ထွက်ခဲ့ပြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အင်စတီကျူးရှင်း ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကင်းလွတ်နေခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ ကွက်ကဲမှု အောက်မှာလည်း မရှိပါဘူး။ ဒါကြောင့် ဘဏ္ဍာရေး ပေါ်လစီ၊ ငွေကြေး ပေါ်လစီ ဘက်ကနေ ထိန်းကျောင်းဖို့ ဆိုတာ အတော်ကို အလှမ်းဝေးနေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ငွေကြေးကို မြန်မာ့ စီးပွားရေး ဘဏ်ကနေ ချေးယူ သုံးစွဲရတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဆိုတဲ့ ကိုယ်ပိုင် ဥပဒေနဲ့ လုပ်ဆောင်နေတာကြောင့် မြန်မာ့ဘဏ္ဍာရေး ရေစီးကြောင်းထဲက အပြင်ကို ရောက်နေပါတယ်။ ဒါကြောင့် သူရဲ့ ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ် အစီရင်ခံစာတွေ၊ Accounting စနစ်တွေ၊ အရှုံးအမြတ် လက်ကျန် စာရင်း (Balance Sheet) တွေရဲ့ အစီရင်ခံစာ ရှာဖွေ ဖတ်ရှုရဖို့ ခက်ခဲသွားပါတယ်။မြန်မာ့ လယ်ဖွံဖြိုးရေး ဘဏ်ဟာ လယ်ဆည်ဝန်ကြီးဌာန အောက်မှာ ရောက်သွားလို့ နိုင်ငံတော် စာရင်းစစ်ချုပ် ရုံးကသာ တာဝန်ခံသလို ဖြစ်သွားပြီး စီးပွားရေး အရှုံးအမြတ် တွက်ချက်ဖို့၊ ဂျီဒီပီနဲ့ ချိတ်ဆက်ပြီး တိုးတက်မှု ဘယ်လို တိုင်းတာမလဲ ဆိုတာ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာ့ဘဏ္ဍာရေး စည်းဝိုင်းထဲကို ပြန်လည် ရောက်ရှိလာအောင် Structural Adjustment လုပ်ရမဲ့၊ လုပ်ငန်းစဉ် တစ်ခု အဖြစ်လည်း ရှိနေပါလိမ့်မယ်။ စိုက်ဘဏ် အနေနှင့် အစိုးရ ထောက်ပံ့မှု အားပြုထားတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း တစ်ခုကနေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမြတ်ကို ဦးတည်ပြီး စီးပွားရေးဆန်ဆန် လုပ်ဆောင်နိုင်ဖို့ ရေရှည် မဟာဗျူဟာ ချမှတ် ဆောင်ရွက်ထားသင့်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများရဲ့ လယ်ယာကဏ္ဍ အခြေပြုတဲ့ လယ်ယာဘဏ်တွေဟာ နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းထဲနှင့် လိုက်လျော်ညီထွေ ဖြစ်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။အင်ဒိုနီးရှား လယ်ယာဘဏ် (BRI) ဆိုရင် ၂၀၀၃ ခုနှစ်မှာ အများပိုင် လုပ်လိုက်တယ်။ အစိုးရက ရှယ်ယာ ၅၆.၇၅ % ယူထားပြီး ကျန်တာ Public ကို ရောင်းလိုက်တာမျိုး စီးပွားဆန်ဆန် ဆောင်ရွက်ပါတယ်။ Corporate governance အမှန်အကန် ကျင့်သုံးတယ်။ စီမံခန့်ခွဲမှုမှာ Board Management နဲ့ ဖြစ်လာတယ်။ သတင်းအချက်အလက်တွေ လူတွေ အလွယ်တကူ လေ့လာနိုင်အောင် ဖွင့်ပေးတယ်။ ဌာနတွင်း စာရင်းစစ်၊ ပြင်ပ စာရင်းစစ်တွေ တာဝန်ခံမှု တာဝန်ယူမှု အပီအပြင်နဲ့ ဆောင်ရွက်ပါတယ်။ဈေးကွက် စီးပွားရေး စနစ်မှာ အစိုးရ စိုက်ဘဏ်တွေရဲ့ ထောက်ပံ့ရေး အစီအစဉ်တွေရဲ့ အန္တရာယ် ညွှန်းကိန်း တဖြည်းဖြည်း မြင့်တက်လာပါပြီ။ ပထမ အချက်ကတော့ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်၊ ဈေးနှုန်း မတည်ငြိမ်မှု၊ အခြား တိုင်းပြည်ရဲ့ ထွက်ကုန်၊ နိုင်ငံတကာ ဈေးကွက်တွေ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ အစိုးရ ကျောထောက်နောက်ခံ ပေးတဲ့ ဘဏ်တွေဟာ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ဖို့ အာဏာပိုင် အဖွဲ့အစည်း မဟုတ်တဲ့ အတွက် မူဝါဒ မတည်ငြိမ်မှုတွေကို ဆက်တိုက် ကြုံတွေ့ရပါတယ်။ နောက်ဆုံး အချက်က ဈေးကွက် စီးပွားရေး အသွင်ပြောင်းတဲ့ နိုင်ငံတိုင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ အစိုးရပိုင် စီးပွားရေး လုပ်ငန်းတွေကို ပုံသဏ္ဍာန် အမျိုးမျိုး အသွင်ပြောင်းနေကြတဲ့ အတွက် အစိုးရ ထောက်ပံပေးတဲ့ အယူအဆဟာ ခတ်မစားတော့ပါဘူး။ 
■ အဖြေအစိုးရဟာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် မဖြစ်မနေ လုပ်မယ်ဆိုရင် လယ်ယာကဏ္ဍ ကျောထောက်နောက်ခံ အားလုံးကို ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ် စီမံကိန်းဆွဲပြီး လုပ်ရပါလိမ့်မယ်။ လာမယ့် ငါးနှစ်အတွင်း သက်ဆိုင်ရာ Stakeholder တွေ အားလုံး ပါဝင်ပြီး ပေါ်လစီတခု ရေးဆွဲပြီးတဲ့နောက် Coordination System ကို စနစ်တကျ ကျင့်သုံး ရပါမယ်။ စိုက်စရိတ် ချေးငွေ အစီအစဉ်သာ မကဘူး လယ်ယာကဏ္ဍ ကျောထောက်နောက်ခံ ဖွံ့ဖြိုးရေးအတွက် လမ်းတံတား၊ သိုလှောင်ရုံစနစ်၊ မြေသြဇာ၊ ဈေးကွက်၊ ဓာတ်ခွဲခန်း၊ ဆည်မြောင်း၊ လျှပ်စစ်၊ မျိုးကောင်းမျိုးသန့်၊ ဆန်စက်၊ သယ်ယူပို့ဆောင်ရေး စတဲ့ Value Chain တခုလုံး အတွက် ချေးငွေ ဖန်တီးနိုင်မှသာ ပိုမို ပြည့်စုံပါလိမ့်မယ်။ အဲဒီ အချက်တွေ တိုင်းပြည်မှာ မရှိရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ဖို့ ရပါမယ်။ လယ်ယာကဏ္ဍနှင့် ဆက်စပ်နေတဲ့  ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ရေးဆွဲထားရမှာ ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ၊ အစိုးရ၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ဘဏ်စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေ တပြိုင်နက်တည်း ဆောင်ရွက်နိုင်မှသာ နှစ်အဆက်ဆက် မအောင်မြင်တဲ့ စိုက်ဘဏ်ရဲ့ ချေးငွေ အစီအစဉ်ကို ပြုပြင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။


READ NEXT
Cancel OK