‘‘မြစ်ကြီးနားမှာ လုယက်မခံရဖူးရင် မြစ်ကြီးနားသား မဟုတ်ဘူး’’ဟု ယခင်ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ပြောစမှတ်ပြုကြသည်။
သတင်းထောက် စတင်ဖြစ်ခါစက အများဆုံးရေးဖြစ်သည့် သတင်းများကလည်း မှုခင်း သတင်းများဖြစ်သည်။ လူအများစိတ်ဝင် စားသည်။ သတင်းလိုက်ရင်း စဉ်းစားဉာဏ် ထုတ်သုံးရတာလည်းပါသည်။ လုယက်မှုကို ကိုယ်တိုင်လည်းကြုံခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကဖြစ်သည်။ ဆိုင်ကယ်လဲ ပြီး ဒဏ်ရာရသည်။ အေးလွန်းတော့ ဒဏ်ရာက အတော်နှင့် မပျောက်။ မိတ်ဆွေ အတော် များများလည်း လုယက်ခံရဖူးသည်။ တချို့မှာ နှစ်ကြိမ်၊ သုံးကြိမ်။ ဓားဖြင့် အပေါက်ခံရတာ များပင်ပါသေးသည်။ အိမ်ဖောက်ထွင်းခံကြရ သည်။
■ မူးယစ်နွံထဲမှ လူငယ်များ
လုယက်မှုများ၏ အဓိကအကြောင်း တရားသည် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွင် ဒီဂရီကျသည့် သဘောမရှိ။ အတက်သာရှိသည်။ သုံးထောင် ဖိုး နေစဉ် သုံးစွဲနေသူက ငါးထောင်ဖိုးဝယ်ယူ သုံးစွဲပါက နောက်ရက်များတွင် ငါးထောင်ဖိုး မရောက်မချင်း အာသာမပြေတော့။ အာသာ မပြေတော့ မီအောင်သုံးစွဲနိုင်ရန် ငွေကို မရ ယရအောင် ထပ်ရှာရသည်။ ကောင်းကောင်း မွန် မရှာနိုင်တော့ ခိုးကြရ၊ လုကြရ၊ သတ်ကြရ ဖြစ်ကုန်သည်။
လောင်းကစားဝိုင်းများတွင် ဖြတ်လမ်း နည်းဖြင့် ငွေရှာကြသည်။ မေ ၂၆ ရက်က မနောကွင်းနံဘေးတွင် လူသတ်၊ ဆိုင်ကယ် လုယက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူ က ‘‘အဓိကတော့ မူးယစ်ဆေးဝါး သုံးစွဲမှုပါပဲ။ ဆေးသုံးတော့ ငွေလို၊ ငွေလိုတော့ လောင်း ကစားရုံရောက်။ လောင်းကစားရှုံးး၊ အသတ်ခံ ရသူ ကယ်ရီသမားနဲ့ မနက်ပိုင်း အရက် အတူ သောက်။ မနောကွင်းနားရောက်တော့ စကား များကြပြီး ခေါင်းကို ဓားနဲ့ အချက် ၂၀ လောက် ထိုးသွားတယ်။ ပြေးတော့ ဖားကန့်ဘက် ရောက်၊ ဘုန်းကြီးဝတ်ဖို့စီစဉ်၊ ပူတာအိုဘက် ဘုန်းကြီးဝတ်ဖို့စီစဉ်ပြီး ပြန်အလာမှာ ရဲတပ်ဖွဲ့ က ကြိုးစားပြီး ဖမ်းရတာပဲ။ မူလက လူကောင်း စိတ်ပေါ့။ မူးယစ်သုံးတော့လည်း မဖြစ်သင့်တာ တွေ အကုန်ဖြစ်တာပေါ့။ ရမ်ပူရပ်ကွက်မှာ ပလတ်စတစ်ဘူးခွံ ကောက်တဲ့ အမျိုးသမီးကို ငွေလေး နှစ်သောင်းကျော်နဲ့ လူသတ်တာ လည်း မူးယစ်နွံထဲက ကလေးတွေချည်းပဲ’’ ဟု ပြောကြားသည်။
■ အစွန်းထွက်နေသည့် ကျပ်တစ်သောင်းတန်ကြောင့် အသက်စွန့်လိုက်ရသည့် ပလတ်စတစ် ဘူးခွံဝယ်သည့် ဒေါ်ချို
လွန်ခဲ့သည့် မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ရမ်ပူရပ်ကွက်၊ ဗန်ဒါရိပ် ဘီယာ ဆိုင် လမ်းကြားတွင် အသက် ၄၃ နှစ်အရွယ်ရှိ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက် အောင် ချိုင့်တွင် နေထိုင်သူ ဒေါ်ချိုမှာ ဓားထိုး လု ယက်ခံရပြီးနောက် ဆေးကုသမှုခံယူနေစဉ် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သေဆုံးခဲ့သည်။ သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ပြီး သုံးဦးမှာ ၁၀ နှစ်အောက် ကလေးငယ်များဖြစ်သည်။
‘‘အစ်မချိုက ဆေးရုံရောက်တော့ စကား တွေပြောနေတာ ကျွန်မတို့ကို။ ကျွန်မတို့က သေကို မသေဘူးထင်တာ။ ငွေသုံးသောင်း ပေးဆိုပြီး တောင်းတာတဲ့။ သူက မရှိဘူး ငြင်း သေးတာတဲ့။ သူ့ပိုက်ဆံအိတ်က လက်မှာ ကိုင်ထားတော့ တစ်သောင်းတန်လေးက အစွန်းလေးမြင်နေရတယ်တဲ့။ အဲဒါကို လုတဲ့ ကလေးက မြင်တာပေါ့လေ။ အဲဒါကို ဓားနဲ့ ထိုးယူသွားတာ။ ငွေ ၂၇၀၀၀ ပါသွားတယ်။ လက်မအကြောပြတ်သွားတယ်။ ဝမ်းဗိုက်မှာ ကျတော့ နှစ်ချက်ထိတယ်။ အူတွေလည်း အပြင်ထွက်ကျခဲ့တယ်တဲ့။ ကျွန်မတို့ ပြန်လာ တော့ ညနေ ၄ နာရီတောင် မထိုးသေးဘူး။ ဆုံးပြီတဲ့။ သားသမီး ခြောက်ယောက်မှာ သုံး ယောက်က အငယ်လေးတွေလေ။ အငယ်ဆုံး က ခြောက်နှစ်။ သူများမြေပိုင်ထဲမှာ ငှားပြီး ကိုယ့်တဲကိုယ်ဆောက်နေကြရတာလေ။ အမျိုးသားလည်း နေ့စားအငှားပေါင်းစုံ လိုက် လုပ်တာပေါ့။ သူ့သားသမီးငယ်တွေက ကိုယ့် ကလေးတွေနဲ့ ဆော့ဖော် ဆော့ဖက်ဆိုတော့ မြင်ရင် စိတ်ထဲဆို့နင့်နင့်ကြီးတော့’’ဟု အိမ်နီး ချင်းတစ်ဦးက ဆိုသည်။
ကျူးလွန်သူကိုလည်း မတ် ၂၇ ရက်က ဖမ်းဆီးနိုင်ခဲ့သည်။ အခင်းဖြစ်ပွားရာအနီးရှိ CCTV မှတ်တမ်းများအရ တရားခံဖမ်းဆီးနိုင် ရေးအတွက် ရဲတပ်ဖွဲ့က သုံးရက်ကြာ အပူတပြင်း ရှာဖွေခဲ့ပြီးနောက် ကျူးလွန်သူဟု ယူဆရ သူကို မြစ်ကြီးနားမြို့၊ ရပ်ပူ ရပ်ကွက်၊ နယ်မြေ ၁၄ တွင်နေထိုင်သူ အသက် ၃၀ အရွယ် စိုးဝင်း ပိုင်(ခ)အရှရ်ဖ်အလီ(ခ) ရန်ကုန်သားကို ၎င်းမကြာခဏသွားတတ်သည့်နေရာများတွင် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့က ဆိုသည်။ မူးယစ်ဆေးသုံးထား ခြင်း၊ အခြားပြစ်မှုများ ကျူးလွန်ထားသည့်အခြေအနေများကြောင့် စုံစမ်းမှုများလည်း ထပ်မံလုပ်ဆောင်နေရကြောင်း သိရသည်။
သေသောသူကြာရင်မေ့ဆိုသည်မှာ မှန် သော်လည်း ကျန်ရစ်သူမိသားစုမှာ အမိုးပြို သော အိမ်ကဲ့သို့ဖြစ်ကြရသည်။ ဆင်းရဲသည့် မိသားစုမှာ မိတဆိုးဖြစ်ရသော ကလေးတို့၏ အနာဂတ်ကား မရေမရာ မှုန်ဝါးဝါး။
■ တစ်ကျော့ပြန်စစ်ပွဲနှင့် လုယက်မှုဆိုးရွားလာသည့် ဆယ်စုနှစ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်သာ လုယက်မှုကို ထင်ထင်ရှားရှား ကြားကြရခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်များတွင်လည်း အုပ်စု ဖွဲ့ ရိုက်နှက်မှုများ မကြာခဏ ဖြစ်တတ်ပါ သည်။ လုယက်မှုများ ရှိနေသော်လည်း အချိန် အပိုင်းအခြား၊ နေရာအပိုင်းအခြား ရှိပါသည်။ ရပ်ကွက်အသိမပါလျှင် ညမှောင်သည်နှင့် စီတာပူတံတား (ယခု အင်ဂျန်းခတံတား) အလွန်အထိ မည်သည့် ဆိုက်ကားဆရာမှ ခရီးသည် မပို့ရဲကြ။ အကြောင်းမရှိ ရိုက်လွှတ် သဖြင့်သေဆုံးသူများလည်း ရှိခဲ့ပါသည်။ပစ္စည်းယူသည်မှာ အလွန်နည်းပါသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း အထူးသဖြင့် ဇွန် ၉ ရက်နောက်ပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တစ်ကျော့ပြန် စစ်ပွဲများ ဖြစ် ပွားလာခဲ့ပြီးနောက် မြို့တွင်းလုုံခြုံရေးများ ပျက်ပြားကာ လုယက်မှုများထူပြောလာခြင်း ဖြစ်သည်။ လုယက်မှုကလည်း နေရာဒေသ ကျော်လွန်ကာ ဖြစ်လာကြသည်။ ဘဏ်ငွေ ထုတ်သူများ၊ ဆိုင်ကယ်ဖြင့် စျေးပြန်သူများ၊ လူပြတ်သည့်နေရာတွင် ချိန်းတွေ့ကြသည့် စုံတွဲများက ပစ်မှတ်ဖြစ်လာကြသည်။ ယင်းမှ တစ်ဆင့် တက်လာပြီးနောက် ဆိုင်ကယ်စီးနေ စဉ် ဆွဲကြိုးဖြတ်ကြသည်အထိ ဖြစ်လာသည်။
အခြေခံအကြောင်းတရားမှာ ငြိမ်းချမ်း ရေး မရှိခြင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်းကဒုစရိုက် မှုများကို အားပေးသည့် အခြေအနေများ ဖြစ် နေရခြင်းဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက် ထက်တွင်လည်းကောင်း၊ NLD လက်ထက်တွင်လည်းကောင်း လုယက်မှုများ ထူပြောခဲ့ သည်။ NLD အစိုးရလက်ထက်နှောင်းပိုင်း ၂၀၁၉ ခုနှစ်မှစတင်ကာ မြစ်ကြီးနားမြို့တွင်း လုံခြုံရေးကို တစ်မြို့လုံးနီးပါး ဃဃွှဠ တပ်ဆင် ကာဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေး လျော့ရဲ လာခဲ့သည့် အခြေအနေအနေကို တွေ့ရ သည်။
■ လုယက်နေကြသည့် အကြောင်းတရားများ
လုယက်သူအများစုမှာ လူငယ်၊ လူလတ်ပိုင်း အများစုဖြစ်သည်။အုပ်စုဖွဲ့ လုယက်သူ များ ရှိသကဲ့သို့ တစ်ဦးချင်း လုယက်သူများ လည်း ရှိကြသည်။ အဓိကအကြောင်း တရားများ စစ်ထုတ်လိုက်လျှင် မူးယစ်ဆေး
၀ါးသုံးစွဲရန်၊ လောင်းကစားတွင် အသုံးပြုရန် နှင့် လူငယ်သဘာဝ ခေတ်ပေါ်ပစ္စည်းများ သုံးစွဲလိုမှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေး ပိုင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများက သုံးသပ်ကြသည်။
မြစ်ကြီးနားမြို့တွင် ဆယ်စုနှစ်ကျော် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးက ‘‘ကချင်မှာတိုက်ပွဲတွေ ဖြစ်လာတော့ နယ်စွန်နယ်ဖျားမှာလုပ်တဲ့ ကျောက်စိမ်းမှော်၊ ရွှေလုပ်ငန်းတွေ၊ သစ်လုပ်ငန်းတွေ၊ တော တောင်နဲ့စပ်တဲ့လုပ်ငန်းတွေ အားလုံးလိုလို ရပ်သွားတာလေ။ တောရွာဒေသတွေမှာလည်း တောဘက်က စုဆောင်းရေးတို့ ဘာတို့ ကြောက်ကြတော့ မြို့ပေါ်ကိုပဲ ပြေးတက်လာ ကြတာ။ အရင်က လုပ်ငန်းဖြစ်တဲ့ဒေသဆို တာလည်း မူးယစ်ဆေးဝါးနဲ့ လွတ်တာ ရှား တယ်။ ဆေးပြား၊ ဖိုးတွေကို လူငယ်တွေက သုံးတတ်လာတယ်။ မြို့ပေါ်ရောက်တော့ ဝင် ငွေမရှိတော့ လုတာက ငွေရှာရတာ အလွယ် ဆုံးဖြစ်လာတယ်။ နောက်တစ်ချက်က လူငယ် သဘာဝ ခေတ်ပေါ်ပစ္စည်းတွေ ဖုန်းတို့၊ ဂိမ်း တို့က လူငယ်တွေ စွဲလမ်းကြတယ်။ ငွေသုံးချင် ကြတယ်။ ဝင်ငွေက မရှိတော့ အုပ်စုဖွဲ့ လုတာ တွေ ဖြစ်လာတယ်။ ဒါက ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်။ အခု နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးမှာတော့ လုံခြုံရေးတွေ ကျဆုံး သွားတဲ့အပြင် လောင်းကစားလုပ်ငန်းတွေ မြို့ကြီးတွေတိုင်း ပေါ်လာတယ်။ အဲဒါကလည်း ခိုးဆိုးလုနှိုက်တွေ များလာတဲ့ အကြောင်း တရားပဲလို့မြင်တယ်။ မြစ်ကြီးနားလိုမြို့မှာ နေ့တိုင်းတစ်နေရာမဟုတ်တစ်နေရာမှာ လု ယက်မှုက ဖြစ်နေတာ’’ဟု ဆိုသည်။
■ လုယက်မခံရရန် ပြည်သူများပေးသည့် အကြံဉာဏ်များ
‘‘ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား တင်မကပါဘူး။ ၀ိုင်းမော်၊ ဖားကန့်တို့ဘက် မှာလည်း ဒါတွေဖြစ်နေတာပါ။ ကျွန်တော်တို့ ဘက်မှာလည်း နေ့လယ်မှာကို အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုတာတွေ ရှိနေပြီ။ လွန်ခဲ့တဲ့ ညပိုင်းကပဲ ကျွန်တော်တို့မိတ်ဆွေအိမ်က အိမ်အတွင်းမှာ ဆိုင်ကယ်ထည့်ထားတယ်။ အိမ်ကိုချက်ထိုးထားတယ်။ အဲဒါလည်း ဝင်ခိုးသွားတော့ အိပ်ဆေးတွေလိုမျိုး သုံးတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်မိတ်ဆွေတွေ အကြံပေးချက် ကျွန်တော့်အကြံတွေကို လူ တွေ လုယက်မခံရအောင် တင်ပေးလိုက်တာ။ လူမှုကွန်ယက် (Facebook) မှာ ရှယ် (မျှဝေ)ကြတာ ထောင်ဂဏန်း ရှိသွားတယ် ။ အဓိက အကြောင်းက မူးယစ်ဆေးနဲ့လောင်းကစား တွေကြောင့်လို့ ယူဆတယ်’’ဟု ၀ိုင်းမော်မြို့ က ကိုအားယော်က ဆိုသည်။
လုယက်မခံရအောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အချက်များမှာ အပြင်သွားရာ တွင် ဆိုင်ကယ်၊ ကားဖြင့် သွားမည်ဆိုပါက (၁) ဆိုင်ကယ်စီးရင်းဖုန်းမပြောရန်၊ (၂)ပိုက်ဆံအိတ်(သို့မဟုတ်)ဖုန်း ခါးကြားမထိုးရန်၊ (၃) ဝယ်လာသည့် ပစ္စည်း၊ ငွေ၊ အထုပ်တို့ကို ဆိုင်ကယ်အရှေ့ရှိ ခြင်းအတွင်း ထည့်မသယ် ရန်၊ (၄)လူပြတ်သည့်နေရာတွင် ဆိုင်ကယ် မရပ်ရန်နှင့် ဖုန်းမပြောရန်(ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုတတ်သည်)၊ (၅) စျေးဆိုင်တွင် စျေး ဝယ်ပါက ဆိုင်ကယ်ကို အသံမြည်ကိရိယာ တပ်ဆင်ထားရန်၊ (၆)ဖုန်း၊ပိုက်ဆံအိတ်ကို ကျောပိုးအိတ်၊လွယ်အိတ်အတွင်း သေချာ ထည့်ပြီးမှ ဆိုင်ကယ်စီးရန်၊(၇)ဆိုင်ကယ်စီး လျှင် ဘက်မှန်သတိထားပြီး မကြာခဏ ကြည့် ရန်၊ (၈) အပြင်ထွက်မည်ဆိုပါက အရေးကြီး စာရွက်စာတမ်းများ ဥပမာ မှတ်ပုံတင်၊ လိုင်စင်၊ စာချုပ်စာတမ်းများ၊ ဘဏ်ကတ်များ၊ မလိုအပ် ဘဲ ငွေအများကြီး ယူဆောင်ခြင်းမပြုရန်၊ (၉) လက်ဝတ်ရတနာများ ဝတ်ဆင်မောင်းနှင်ခြင်း မပြုရန် (ရွှေဆွဲကြိုးမှာ အသက်ကြီးပိုင်း အမျိုး သမီးဝတ်ဆင်ပါက ဆိုင်ကယ်ဖြင့် နေ့လယ် တွင်ပင် ပေါ်ပေါ်တင်တင် လုယက်တတ် သည်) စသည့်အချက်များ လိုက်နာရန် လို ကြောင်း လူမှုကွန်ရက် အသုံးပြုသူများက တိုက်တွန်းထားသည်။ အထက်ပါအချက် များကို လိုက်နာပါက လုယက်ခံရမှု ဖြစ်ပါက လည်း ဆုံးရှုံးမှုနည်းမည်ဖြစ်ကြောင်း အကြံပြု ကြသည်။
■ ပိုမိုဆိုးရွားလာဦးမည့် ဒုစရိုက်မှုများ
‘‘ကျွန်မအိမ်က မော်တာခိုးခံရတာ နှစ် လုံးရှိပြီ။ တပ်ကို မတပ်ရဲတော့ဘူး။ တုံကင်ပဲ နှိပ်တော့တယ်။ တစ်ရပ်ကွက်လုံးလည်း ဆိုင် ကယ်ပျောက်လိုက်၊ အိမ်ဖောက်ထွင်းခံရနဲ့ အိမ်ထဲမှာနေတာကို မလုံခြုံတော့ဘူး။ ဆိုးလာ တာက ကိုဗစ်လွန်ပြီး ပွင့်လင်းရာသီပေါ့။ ဒီအတိုင်းသွားရင် ဒီထက်ဆိုးဦးမယ်’’ဟု ရမ်ပူ ရပ်ကွက်နေ အမျိုးသမီး ဒေါ်လွင်လွင်က ပြော ကြားသည်။
မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ် ငန်းများ မနှိမ်နင်းမချင်း လုယက်မှုများ ပပျောက်လျော့နည်းမည့် အခြေအနေ မဟုတ် ကြောင်း အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်း ဆောင်နေသူများက ဆိုသည်။
‘‘ကျွန်တော်တို့ ဖမ်းမိတာတွေ စစ်လိုက် ရင် အားလုံးနီးပါးက မူးယစ်ဆေးကြောင့်ပဲ။ သူက အနည်းဆုံးတစ်ရက် နှစ်ကြိမ်သုံးရတယ်။ တစ်သောင်းလောက်ကုန်ရင် တစ်ကြိမ်ကို
ကိုယ်တိုင်လုပ်အားနဲ့ရှာနိုင်ပေမဲ့ ဒုတိယ အကြိမ်က ခိုး၊ လု လုပ်ရတော့တာ။ လောင်း ကစားသမားတွေက လိမ်တာများတယ်။ အခု ရက်ပိုင်းပဲ မိတ်ဆွေကားကို လိမ်သွားတယ်။ လောင်းကစားရှုံးလို့တဲ့။ မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်မှာ ခြောက်ရပ်ကွက်လောက်က လောင်းကစားရုံတွေ ရှိနေတယ်။ အဲဒီနှစ်ခု အမြစ်မဖြတ်နိုင်ရင် မဟာတံတိုင်းကာထား လည်း ခိုးမှာပဲ လုနေမှာပဲ။အဲဒီအခြေအနေ တွေ ဒီထက်ဆိုးဦးမယ်’’ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများ လျော့နည်းပပျောက်ဖို့ ဆိုသည်မှာလည်း ......။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား