Top News

အိမ်ပြန်ချင်တယ် . . . သို့ပေမဲ့
24htopnews | November 20, 2024 5:12 PM CST

မြန်ပြည်အနှံ့က ဘဝတွေရဲ့ ဝမ်းရေးကို ဖြည့်ဆည်းဖို့  မြဝတီနယ်စပ်မြို့ကို ရောက်ရှိလာခဲ့ကြပေမယ့် သောင်ရင်းတစ်ဖက်ကမ်းသို့သာ စိုင်းပြင်း သွားကြသူတွေ များပါတယ်။ တစ်ဖက် ထိုင်းနိုင်ငံအတွင်းပိုင်းသို့နိုင်ငံဖြတ်ကျော်ခွင့်(အထောက်အထားတွေ)နဲ့ တရားဝင် သွားရောက်လုပ်ကိုင်သူတွေ ရှိသလို နယ်စပ်ချင်း ထိစပ်နေတဲ့ မဲဆောက်မြို့ဝန်းကျင်မှာ ဝင်ရောက်လုပ်ကိုင်သူတွေလည်း ရှိပါတယ်။
သောင်ရင်းမြစ်သာ ခြားထားပေမယ့်  တရားဝင် စက်ရုံ အလုပ်ရုံ(၂၀၀)ကျော်၊ တရားမဝင် အိမ်တွင်းမှု အလုပ်ရုံထောင်နဲ့ချီရှိနေတဲ့ မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်းမှာ မြန်မာလုပ်သား နှစ်သိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားပါတယ်။
“ဒီ စက်ရုံအများစုရဲ့ လုပ်ငန်းရှင်တွေဟာဆိုရင် အလုပ်သမားတွေကို တရားဝင် နေ ထိုင်ခွင့်ပတ်စ်ပို့ လုပ်မပေးချင်ကြဘူး၊ လုပ်အားခ ပေးချင်သလို နှိမ်ပြီး ပေးလို့ရအောင်လို့လေ၊ ခုလည်းသမီးတို့ တစ်နေ့ဘတ်၂၀၀ ပြည့်အောင် မရကြဘူး။ လုပ်အားခလည်း အနှိမ်ခံရ၊ ဖမ်းဆီးလည်း ခံရတာတွေလည်း ရှိပါတယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ အမျိုးသမီးငယ်လေးတစ်ဦးက ပြောဆိုပါတယ်။
ကိုယ့်နိုင်ငံအတွင်းမှာ အခြေခံအလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်အားခ ကျပ် (၃၅၀၀)သာ သတ်မှတ်နိုင်တဲ့အချိန်၊ ထိုင်းနိုင်ငံအတွင်မှာ အနိမ့်ဆုံး လုပ်အားခ တစ်နေ့ ဘတ် ၃၀၀ (ကျပ် -၁၀၀၀၀ ခန့်) သတ်မှတ်ထားတဲ့အတွက် နေရပ်ကို စွန့်ခွာ၊ မိသားစုနဲ့ ဝေးပြီး လာလုပ်ကြတာ အဆန်းတော့ မဟုတ်ဘူးလို့ စက်ရုံလုပ်သားတွေ ပြောဆိုခဲ့ကြပေမယ့် မဲဆောက်မှာတော့ လုပ်အားခ အပြည့်အ၀ မရကြဘူးလို့သိရပါတယ်။
ဆယ်ကျော်သက်အရွယ်တွေ၊ မိဘရင်ခွင်မှာနေပြီး ပညာသင်နေရမယ့် သမီးအရွယ်လေးတွေ မဲဆောက်မှာ အလုပ်လာလုပ်ရင်း အထောက်အထား မပြည့်စုံလို့  အဖမ်းခံရပြီး ထောင်ထဲရောက်ကြတာလည်း မကြာခဏပါပဲ။ နယ်စပ်ဆိုတဲ့ မြဝတီမြို့ကို အလုပ်ရုံကြီးသဖွယ် ယုံကြည်မှုလွန်ကဲပြီး ရောက်လာကြပေမယ့် သူတို့ရဲ့ အပူရောင်ဘဝတွေကို အလင်းဖျော့ မီးရောင်အောက်မှာ နစ်မွန်းခံနေရသူတွေလည်းရှိရဲ့။
ထောင်တို့၊ အချုပ်တို့ဆိုတာ လူဆိုးလူမိုက်တွေရဲ့ နေရာဆိုပေမယ့် တစ်ခါတစ်ရံမှာ  ဝေးမြေမှာ ကျန်ရစ်ခဲ့ကြတဲ့ မိအိုဘအိုတွေကို လုပ်ကျွေးပြုစုနေသူတွေ မဲဆောက်ထောင်ထဲမှာ စားရမဲ့ သောက်ရမဲ့ ဘဝအမောတွေ ရင်စည်းခံရင်း မိဘရဲ့ ရင်ခွင်ကို တမ်းတနေမိတယ်ဆိုရင် မိဘတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ ခံစားနေရမလဲ တွေးကြည့်မိတယ်။
မဲဆောက်မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ တရားဝင်လုပ်သား ငါးသောင်းခန့်သာရှိပြီး အထောက်အထားမဲ့ ဝင်ရောက်လုပ်ကိုင်နေသူ တစ်သိန်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာလုပ်သား အထောက်အထားမဲ့သူတွေကို ဖမ်းဆီးထောင်ချပြီးနောက် ပြန်လည်လွတ်မြောက် လာသူအချို့ စက်ရုံအလုပ်ရုံမှာ အလုပ်ဝင်လုပ်ဖို့  စိတ်ကူးရှိပေမယ့် အများစုကတော့ နေရပ်ပြန်လိုစိတ်သာ ရင်ထဲပြင်းပြခဲ့ပါတယ်။
ပညာရေးထက် ဝမ်းရေးခက်နေတဲ့ မြန်မာပြည် အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်မှ ရိုးမကို ကျော် ဒေါနတောင်ကို ဖြတ်ပြီး သောင်ရင်းတစ်ဖက်ကမ်း မဲဆောက်မြို့မှာ အလုပ်လာလုပ်ကြပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချမှုတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရတဲ့ နောက်ပိုင်းမှာတော့ မြန်မာ့လူသားရင်းမြစ်တဲ့ အရွယ်ကောင်းလေးတွေဟာ  MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုထွက် ခွာနေပါတယ်။
အလုပ်အကိုင်ရှာဖွေရေး၊ အေဂျင်စီတွေရဲ့ ပို့ဆောင်ပေးမှုကြောင့်  MoU ထိုးပြီး ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ကြပေမယ့် စာချုပ်ပါအတိုင်း အလုပ်ပေးနိုင်ခြင်းမရှိဘဲ ကြမ်းတမ်းခက်ခဲတဲ့၊ ညစ်ပတ်ပေရေတဲ့၊ အန္တရာယ်များတဲ့  လုပ်ငန်းခွင်တွေကို ပို့ဆောင်ပေးတဲ့ အတွက် မလုပ်နိုင်ဘဲ နေရပ်သို့ ပြန်ရောက်လာသူတွေလည်း အမြောက်အမြား ရှိပါတယ်။
“သွားတုန်းက လယ်ကိုပေါင်ပြီးသွားတာ။ တချို့ဆို အိမ်တွေ၊ ခြံဝိုင်းတွေပေါင်။ အတိုးနဲ့ချေးပြီး သွားကြတာ။ ဟိုရောက်တော့  အနေဆင်းရဲ ၊ အစားဆင်းရဲနဲ့ မနေနိုင်အောင် အကွက်ဆင်ထားတာပါ။ အလုပ်မရှိလို့ပြန်ပို့တဲ့ ပုံမဟုတ်ဘူး။ မနေနိုင်လို့ပြန်ပို့ရတဲ့ သဘောနဲ့ သောင်ရင်းမြစ် ကမ်းစပ်ထိ ပို့ပေးတယ်။ ဒီဘက်က လူကုန်တားက သိလို့သာ တံတားမှ တရားဝင်လာကြတာ၊နို့မို့ဆိုလှေဂိတ်က ကူးရမှာ။ စာအုပ်တွေကဲ့ Black List တံဆိပ်တုံးထုပြီး ပြန်ပို့တာ အဆိုးဆုံး ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံအတွင်းသို့ MoU ထိုးပြီး  သွားလုပ်ခဲ့ပေမယ့် မလုပ်ကိုင်နိုင်တဲ့အတွက် ပြန်လာခဲ့ရသူ ကျောက်တော်မြို့နယ်မှ ကိုကျော်ဌေးက ပြောကြားပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ MAT မှ ဒါရိုက်တာ ဦးကျော်သောင်းက  အစိုးရသစ်လက်ထက်မှာ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ဖို့ လိုသလို လုပ်အားခကိုလည်း  စားလောက်တဲ့ လုပ်အားခ ဖြစ်ဖို့လိုတယ်။ အလုပ်သမား စေလွှတ်တဲ့ မူဝါဒလည်း ပြောင်းလဲဖို့ လိုတယ်လို့ ဆိုပါတယ်။
“အစိုးရချင်း သဘောတူပြီး MoU လုပ်သား စေလွှတ်ပေမယ့် နောက်ပိုင်းမှာ အေဂျင်စီ၊ ပွဲစားတွေရဲ့ စီးပွားရေးလုပ်ကွက် ဖြစ်သွားတယ်။ စာချုပ်ပါ အလုပ်ရုံလုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်း မရှိဘဲ  အလုပ်မရှိဘဲ စီးပွားဖြစ် လုပ်သား စေလွှတ်နေတာ၊ ပြင်ပမှာချိတ်ဆက်ထားတဲ့ လုပ်ငန်းခွင်တွေရှိရာကို အလုပ်သမား သွင်းပေးနေတာဟာ တရားဝင် လူကုန်ကူးနေခြင်းသာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့အလုပ်သမားပို့မည့် ကုမ္မဏီများအနေဖြင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်မှာ အာမခံကြေးတင်ပြီးမှ ခွင့်ပြုသင့်ပါတယ်” ဟုလည်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောဆိုပါတယ်။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့သူ MoU မြန်မာလုပ်သား အမျိုးသား ၂၃၇၈၅ ဦးနဲ့ အမျိုးသမီး ၈၀၄၃ ဦးသာ သွားရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ပသို့ တရားဝင် ထွက်ခွာသည့် မြန်မာလုပ်သား ပိုမိုများပြားခဲ့ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းနဲ့ အဓိက လုပ်အားခလစာ နည်းပါးခြင်းတို့ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့၂၀၁၅ ခုနှစ်အတွင်း MoU လုပ်သားအဖြစ် စေလွှတ်ခဲ့သူ မြန်မာနိုင်ငံသား အမျိုး သား ၃၃၆၀၂ ဦးနဲ့ အမျိုးသမီး ၁၉၁၆၃ ဦး စုစုပေါင်း ၅၂၇၆၅ ဦး သွားရောက်လုပ်ကိုင်ခဲ့၍ အနီးစပ်ဆုံး၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၅၃၇ ဦး ပိုမို ပို့ဆောင်ပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် နှစ်စ ပထမ လေးလဖြစ်တဲ့ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့တဲ့ MoU လုပ်သားအမျိုးသား၂၆၆၀ ဦး၊ အမျိုးသမီး ၁၄၀၈ ဦး။ ဖေဖော်ဝါရီလမှာအမျိုးသား ၄၂၉၄ ဦး၊ အမျိုးသမီး ၂၃၈၀ ဦး၊ မတ်လမှာ အမျိုးသား ၄၆၅၃ ဦး၊ အမျိုးသမီး ၃၁၉၈ဦး ထွက်ခွာခဲ့ကာ  ဧပြီလမှာ အမျိုးသား ၁၁၅၄ ဦး၊ အမျိုးသမီး ၂၀၇၂ ဦးနဲ့ အနည်းဆုံး ထွက်ခွာခဲ့ပေမယ့် လေးလတာ ကာလအတွင်း မြန်မာနိုင်ငံသား လူသားအရင်းအမြစ်တွေ နှစ်သောင်းကျော် ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူတွေ နေရပ်ကို ပြန်လာချင်ကြပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာ စားလောက်တဲ့ လုပ်အားခနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိလာသရွေ့တော့ မိသားစုဘဝရဲ့ အခက်အခဲတွေကို ပြေလျော့စေဖို့တစ်ပါးသူ ခိုင်းစေရာသို့ ကြည်ဖြူစွာ သွားရောက် နေရဦးမှာဖြစ်ပါတယ်။


READ NEXT
Cancel OK