Top News

အာဆီယံဒေသ၏ အကြီးဆုံးကုန်သွယ်ဖက် တရုတ်အနေဖြင့် အခြားနိုင်ငံများအပေါ် ဝင်ရောက် သိမ်းပိုက်ခြင်းမျိုး မလုပ်သကဲ့သို့ အနာဂတ်တွင်လည်း လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ ပြောကြား
24htopnews | October 11, 2024 3:12 AM CST

အာဆီယံဒေသ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်အနေဖြင့် အခြားနိုင်ငံများအပေါ် ဝင်ရောက်သိမ်းပိုက်ခြင်းမျိုး မလုပ်သကဲ့သို့ အနာဂတ်တွင် လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက မြန်မာပါဝင်သည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

(၃၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား စင်ကာပူနိုင်ငံ Suntenc Convention and Exhibition Center တွင် ကျင်းပနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

အာဆီယံဒေသတွင်း နိုင်ငံများနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးတွင် သဘောထားကွဲလွဲမှုများ ရှိသော်လည်း လွတ်လပ်သော ကုန်သွယ်ရေးနှင့် နိုင်ငံအများအကြား ဆက်ဆံရေးများကို အလေးထား လုပ်ဆောင်မည် ဆိုပါက သဘောထား ကွဲလွဲမှုများကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟုလည်း လီခယ်ကျင်းက ဆိုခဲ့သည်။

“ဒီထိပ်သီး အစည်းအဝေးက တရုတ်နိုင်ငံအတွက်ရော၊ အာဆီယံဒေသအတွက်ပါ ကောင်းမွန်တဲ့ရလဒ်များ ယူဆောင်လာနိုင်စေခဲ့တဲ့ အာဆီယံ-တရုတ် စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးရဲ့ (၁၅)နှစ်မြောက် အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ် အချိန်အတွင်း တစ်ကမ္ဘာလုံးရဲ့အခြေအနေတွေ များစွာပြောင်းလဲ ခဲ့ပါတယ်။ အဲဒီ ပြောင်းလဲမှုတွေကြားထဲမှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကြား ဆက်ဆံရေးက ကောင်းသထက် ကောင်းလာခဲ့ပြီး ကျွန်တော်တို့အနေနဲ့ ကမ္ဘာက အသိအမှတ်ပြုရတဲ့ အင်အားစုတစ်စု ဖြစ်လာပါတယ်။ ကျွန်တော်တို့အချင်းချင်း  ကြားထဲမှာ ကျယ်ပြန့်တ ဲ့ပူးပေါင်းဆောင်ရွက်မှုများစွာ လုပ်ဆောင်ခဲ့ပြီး သဘောတူညီထားတဲ့ မူဘောင်ထဲကနေ ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာအောင် ထပ်လောင်း ဖြည့်ဆည်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကြားထဲက ကုန်သွယ်ရေးပမာဏက အာဆီယံဒေသတင်း မဟုတ်ဘဲ ကမ္ဘာနဲ့ ယှဉ်ကြည့်ရင်တောင် တော်တော်လေး များပါတယ်” ဟု လီခယ်ကျင်းက ၎င်း၏ အဖွင့်အမှာစကားတွင် အာဆီယံ-တရုတ် မိတ်ဖက်အခြေအနေနှင့် ပတ်သက်၍ ပြောကြားသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် အခြားတင်းမာမှုများ၊ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်စသည့် နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာမှုများ၊ တောင်တရုတ် ပင်လယ်အတွင်း စစ်စခန်းဆောက်လုပ်ရေးများ၊ သီရိလင်္ကာနိုင်ငံမှ ဟန်ဘန်တိုတာ ဆိပ်ကမ်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သော (၄၄) ကြိမ်မြောက် စင်ကာပူ ဟောပြောပွဲ၌လည်း ဝန်ကြီးချုပ် လီခယ်ကျင်း က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ လူတော်တော်များများက တရုတ်နဲ့ တခြားနိုင်ငံတွေအကြား  ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်တာလဲ၊ ဘယ်လိုတွေ ဖြစ်လာမှာလဲ ဆိုတာကို စဉ်းစားနေကြမှာပါလို့ ထင်ပါတယ်။ ဒီနေရာမှာပဲ ကျွန်တော် ထပ်မံအာမခံပေးမှာက တရုတ်အနေနဲ့ ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးရေး လမ်းစဉ်ပေါ်မှာပဲ နေသွားမှာပါ။ တရုတ်ရိုးရာဓလေ့ထုံးစံမှာ ငြိမ်းချမ်းရေးကို အရမ်းအလေးထားပြီး ကျွန်တော်တို့ တရုတ်နိုင်ငံက အလုပ်ခံရရင် မကြိုက်မယ့်ဟာကိုလည်း သူတစ်ပါး တိုင်းပြည်တွေကိုလည်း လုပ်မှာမဟုတ်ပါဘူး။ တရုတ်အနေနဲ့ အခြားနိုင်ငံတွေကို တိုက်ခိုက်သိမ်းပိုက်မှု မရှိခဲ့သလို ဘယ်တော့မှလည်း ရှိမှာမဟုတ်ပါဘူး” ဟု ပြောကြားသည်။

တရုတ်-အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲနှင့် အခြားဆက်ဆံရေးများ တင်းမာလာမှုနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေတွင် အကောင်းအဆိုး ရောပြွမ်းနေသော်လည်း တဖြည်းဖြည်း ပိုမိုတည်ငြိမ်လာသည့် ဆက်ဆံရေးတစ်ခု ပေါ်လာပြီ ဖြစ်ကြောင်းနှင့် နှစ်ဖက်စလုံးက တစ်ဖက်ချင်းစီ၏ အရေးကြီးသည့် အဓိက လိုအပ်ချက်များကို အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ပါက သဘောထား ကွဲလွဲမှုများ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံ ဒေသတွင်း နိုင်ငံများတွင် အဓိက ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်နေပြီး တရုတ်နှင့် မြန်မာအကြား တန်ဖိုးကြီးမားသော စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများလည်း ရှိနေသည်။

သီရိလင်္ကာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံထံမှ ရယူထားသော အကြွေးများ မပေးဆပ်နိုင်သဖြင့် ယခုနှစ်အတွင်း အချက်အချာကျသော ဟန်ဘန်တိုတာ ဆိပ်ကမ်းအား တရုတ်နိုင်ငံသို့ အပ်နှံလိုက်ရခြင်းကို ဥပမာယူပြီး ကျောက်ဖြူရေနက် ဆိပ်ကမ်းအတွက် မြန်မာနိုင်ငံသည် ယင်းပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ မူရင်းအစီအစဉ်အရ ကျောက်ဖြူရေနက် ဆိပ်ကမ်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဆိပ်ကမ်း၊ စပိန်နိုင်ငံ Valencia မြို့ဆိပ်ကမ်းများအား ပြိုင်ဆိုင်နိုင်သည့် ကွန်တိန်နာ သိုလှောင်နိုင်မှု စွမ်းရည်ရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။


READ NEXT
Cancel OK