Top News

ဒေသအသီးသီးရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ မရှိ စောင့်ကြည့်လူနာ ၁၈ ဦးအနက် အများစုတွင် ရောဂါပိုး မရှိကြောင်း တွေ့ရှိ၍ ဆေးရုံမှဆင်းခွင့်ပြု
24htopnews | October 11, 2024 6:12 AM CST

ဒေသအသီးသီးရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ မရှိ စောင့်ကြပ်ကြည့်ရှု လျက်ရှိသော လူနာ ၁၈ ဦးအနက် အများစု၌ ရောဂါပိုးမရှိကြောင်း ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက အဖြေရရှိခဲ့သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၌ နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် တရုတ်နိုင်ငံ၊ လန်ချန်းဆေးရုံတွင် ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ အူအတက်ပေါက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး လောက်ကိုင်မြို့သို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်မှစ၍ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ခွဲစိတ်ထားသော ချုပ်ရိုးနေရာမှ ပြည်များစိမ့်ထွက်ခြင်း စသည့် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပြဿနာများဖြင့် ဖေဖော်ဝါရီ ၁၃ ရက်၌ လားရှိုးပြည်သူ့ဆေးရုံသို့ ပြသ၍ ကုသမှုခံယူခဲ့ကြောင်း၊ လူနာတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင် ရှိခြင်းနှင့် ကိုယ်အပူချိန် မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိအခြေအနေအရ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပိုးဝင်ခြင်းဖြစ်နိုင်သော်လည်း သေချာမှုရှိစေရန် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသပေးလျက် ရှိကြောင်းနှင့် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ထားပြီး အဆိုပါလူနာတွင် လတ်တလော စစ်ဆေးချက်အရ အခြားပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ ရွှေလီမြို့မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားရသဖြင့် မန္တလေးဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသပေးလျက် ရှိကြောင်းနှင့် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် လတ်တလော စစ်ဆေးချက်အရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း သိရသည်။

ယခုဖြစ်ပွားနေသော လတ်တလောအ သက်ရှူလမ်းကြောင်းရောဂါ 2019-nCoV acute respiratory disease အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်က တရားဝင်အမည် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ တစ်ကမ္ဘာလုံး၌ ဓာတ်ခွဲအတည်ပြုလူနာ ၄၆၉၉၇ ရှိကြောင်း၊ တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၅၀ ဦး၊ မကာအိုတွင် ၁၀ ဦးနှင့် ထိုင်ဝမ်၌ ၁၈ ဦး အပါအဝင်ဖြစ်ကြောင်း၊ လူဦးရေ ၁၃၆၈ ဦး သေဆုံးပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၄ နိုင်ငံ၌ ဖြစ်ပွားမှုရှိနေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၄၄၇ ဦးရှိကြောင်း၊ ဓာတ်ခွဲ အတည်ပြုလူနာအသစ် ထပ်တိုးတွေ့ရှိသောနိုင်ငံ လေးနိုင်ငံရှိပြီး စင်ကာပူ၊ ဗီယက်နမ်၊ အမေရိကနှင့် ယူကေနိုင်ငံတို့ ဖြစ်ကြောင်းနှင့် အာဆီယံနိုင်ငံများတွင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

 


READ NEXT
Cancel OK