Top News

တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ ‘မဲဆွယ်အပြုံး’ သရော်စာအမှုနှင့် ပတ်သက်၍ ဂျာနယ်ဘက်က တိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်အမှုတက်ခဲ့သည့်အပေါ် ပလပ်ကြောင်း အမိန့်ချ
24htopnews | October 11, 2024 6:12 AM CST

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုခဲ့သည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ ‘မဲဆွယ်အပြုံး’ သရော်စာအမှုနှင့် ပတ်သက်၍ ဂျာနယ်ဘက်က တိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်အမှု တက်ခဲ့သည့်အပေါ် ‘ပလပ်’ ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က အမိန့်ချခဲ့သည်ဟု သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသည့်  စာရေးသူ ကလောင်ရှင် - မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ သရော်စာ ဆောင်းပါးနှင့် ပတ်သက်၍ ယခင်ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က  တနသာင်္ရီဂျာနယ်အပေါ် သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုရန်၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီ ၁၈ ရက်တွင် ဂျာနယ်အား ပြစ်မှုထင်ရှား ကျူးလွန်သည်ဆိုကာ ထားဝယ်မြို့နယ် တရားသူကြီးက ဂျာနယ်အား ငွေဒဏ်ကျပ် ငါးသိန်း (သို့မဟုတ်) ထောင်ဒဏ် ခြောက်လကျခံစေရန် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

ယင်းသို့ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ တနင်္သာရီဂျာနယ်ဘက်က ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်တွင် ထားဝယ်ခရိုင် တရားရုံးသို့ အယူခံဝင်ရာ ခရိုင်တရားရုံးက အယူခံဝင်မှုကို လက်ခံပြီး နှစ်ဖက်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်ကို ကြားနာပြီးနောက် မေ ၃ ရက်တွင် ဂျာနယ်ဘက်က အယူခံတက်မှုကို ပလပ်ကြောင်း ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ ခရိုင်တရားရုံးက ဂျာနယ်ဘက်မှ အယူခံတက်မှုကို ပလပ်သဖြင့် ဂျာနယ်ဘက်က ဇွန် ၃ ရက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်အမှုတက်ခဲ့ကာ တိုင်းဒေသကြီး တရားလွှတ်တော်က အမှုကို ရာဇဝတ်ပြင်ဆင် အမှုအမှတ် (၃၉/၂၀၁၉) ဖြင့် အမှုဖွင့်လှစ် လက်ခံခဲ့ပြီးနောက် လေးလကျော်အကြာ အောက်တိုဘာ ၁၈ ရက်တွင်မှ နှစ်ဖက်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲမှုကို ကြားနာခဲ့ကြောင်း၊ ယင်းနောက် လေးလခန့် ကြာမြင့်သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁၄ ရက်တွင် ပြင်ဆင်အမှုတက်ခဲ့သည့် အပေါ် ‘ပလပ်’ ကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‘‘တိုင်းတရားလွှတ်တော်အနေနဲ့ ကျွန်တော်တို့ ပြင်ဆင်ချက်လျှောက်ထားတဲ့ဟာနဲ့ ပတ်သက်ပြီး ပလပ်ကြောင်း အမိန့်ချတယ်။ ကျွန်တော်ကတော့ ဥပဒေအရပေးထားတဲ့ အခွင့်အရေးက ရှိတော့လေ ရှေ့ဆက်ပြီး ကြိုးစားဦးမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ နောက်ထပ် တရားရုံးတွေ ထပ်တက်မယ်ပေါ့နော်။ လက်ရှိအနေအထားက စဉ်းစားစရာ တော်တော်ကောင်းတဲ့ အနေအထားမျိုး ဖြစ်နေတယ်ပေါ့လေ။ ဘာကြောင့် ဒီလိုမျိုး ဆုံးဖြတ်ချက်တွေကို ရုံးတော်အနေနဲ့ ဘယ်လိုသုံးသပ်ချက်မျိုးနဲ့ ချလဲဆိုတာတော့ ကျွန်တော့်အနေနဲ့ မသိဘူး။ ဒါပေမဲ့ ပြည်သူတစ်ယောက် အနေနဲ့ စဉ်းစားတယ် ဆိုရင်တော့ ဘာကြောင့် ဒီလိုမျိုးဆုံးဖြတ်ချက်တွေ ချနေသလဲ ဆိုတာက စဉ်းစားစရာ တော်တော်ကောင်းနေတဲ့ အနေအထား ဖြစ်နေတယ်ပေါ့။ အထွေအထူး မှတ်ချက်တော့ မပေးချင်ပါဘူး။ ဘာလို့လဲဆို ဒါကရုံးတော်က စဉ်းစားချက်တွေနဲ့ ဆုံးဖြတ်ပြီးသား ဆိုတော့လေ’’ ဟု တရားစွဲဆိုခြင်းခံရသည့် တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောကြားသည်။

တနင်္သာရီဂျာနယ်၏ သရော်စာ ဖော်ပြချက်များမှာ ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အနေဖြင့် တရားစွဲဆိုစေခဲ့သော်လည်း သရော်စာအတွင်း ဖော်ပြခဲ့သည့် အဓိက အကြောင်းအရာဖြစ်သည့် လျှပ်စစ်ပြဿနာမှာ လက်ရှိ ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အကြောင်းအရာများအနက် တစ်ခုအဖြစ်ပါဝင်ခြင်း၊ ယင်းသို့ တရားစွဲဆိုထားမှုအပေါ် ရုံးတော်၌ စစ်ဆေးချက်များအရ စွဲဆိုခံရသူများမှာ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်သည်ဖြစ်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်က မူလစွဲဆိုထားသည့် ပုဒ်မများအတိုင်း စွဲချက်တင်ကြောင်း အမိန့်ချမှတ်ထားခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ တနင်္သာရီဂျာနယ်၏ ပြင်ဆင်အမှုတက်ခဲ့သည်ကို ရုံးတော်က ပလပ်ကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရုံးတော်က အမိန့်ချမှတ်ခဲ့ခြင်းမှာ စဉ်းစားစရာကောင်းနေပြီး ၎င်းတို့ဘက်မှ ဥပဒေအရ၊ အကြောင်းခြင်းရာများအရနှင့် အချက်အလက်များ၊ စဉ်းစားချက်များအရ လက်ရှိအခြေအနေ အခင်းအကျင်းမှာ တစ်မျိုးဖြစ်နေကြောင်း၊ အမှန်တကယ်ရှိနေသည့် ဥပဒေအရရော မြေပြင်၌ ဖြစ်ပေါ်နေသည့် အနေအထားများအရပါ မျှော်လင့်ထားသည့် ဖြစ်သင့်ဖြစ်ထိုက်သော အခင်းအကျင်းမျိုး ဖြစ်မလာသောကြောင့်  နားလည်ရခက်သည့် အနေအထား ဖြစ်နေသည်ဟု ဦးမျိုးအောင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ယင်းသို့ အမိန့်ချခဲ့သည့် အနေအထားနှင့် ပတ်သက်၍ ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ‘‘တရားသူကြီးမှ ၎င်းတို့ လျှောက်ထားသည့်အမှုကို ပလပ်ကြောင်းသာ အမိန့်ချပြီး မည်သည့်အချက်ကြောင့် ပလပ်လိုက်သည် ဟူသည့် အမိန့်စီရင်ချက်ကို မဖတ်ပြသောကြောင့် အမှုစီရင်ချက် အမိန့်ကို မိတ္တူကူးယူရန် ဆောင်ရွက်နေကြောင်း၊ စီရင်ချက်အမိန့် မိတ္တူရရှိမှသာ မည်သည့်အချက်ကြောင့် ပလပ်လိုက်သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘မီဒီယာသမားရဲ့ အခွင့်အရေးပေါ့နော်။ ပြီးတော့ နိုင်ငံသားရဲ့ အခွင့်အရေးတွေ အတွက်တော့ ဆက်ပြီးတော့ အဆင့်မြင့်တဲ့ ရုံးကိုပဲတက်ဖို့ မှတ်ချက်ပေးချင်တယ်’’ ဟု ဦးအောင်ဇာနည်စိုးက ပြောကြားသည်။

လက်ရှိအနေအထားအရ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်ကြောင်း အမိန့်ချခဲ့သည့်အပေါ် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ရက်ပေါင်း ၉၀ အတွင်း ပြင်ဆင်အမှု ထပ်မံတက်ရန် အခွင့်အရေးရှိနေပြီး ၎င်းတို့ဘက်မှလည်း ပြင်ဆင်အမှုထပ်တက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK