Top News

ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီဘောက်ဆာ ယာဉ် တိမ်းမှောက်ပြီး ချောက်ထဲထိုးကျခဲ့ရာမှ ယာဉ်မောင်း အသက်ဆုံးရှုံး
24htopnews | September 22, 2024 7:12 PM CST

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ် (၃/၇)၊ သပြေစမ်းကျေးရွာအနီး၌ ဆီဘောက်ဆာ ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲထိုးကျရာ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၂)ရက်၊ ညနေ (၄)နာရီအချိန်ခန့်က ၎င်းနေရာတွင် ဆီဘောက်ဆာ ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယာဉ်နောက်လိုက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သဗသုခပရဟိတအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ စက်တင်ဘာ (၂၂)ရက်၊ နံနက် (၁၀)နာရီ (၂၇)မိနစ် အချိန်ခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၉/၃)နှင့် (၇၉/၄)ကြားတွင် ဆီဘောက်ဆာယာဉ်မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ၂၂ ဘီး ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆီဘောက်ဆာ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


READ NEXT
Cancel OK