Top News

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက ကျပ် ၃၂ ဘီလျံကျော် ပေးအပ်လှူဒါန်း
24htopnews | September 22, 2024 9:12 PM CST

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက ကျပ် ၃၂ ဘီလျံကျော် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၁ ရက်က နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ အလှူငွေများလှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားရာတွင် " စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်။ ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး။ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် အရမ်းသုံးလို့ လည်းမရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီး စကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ် တစ်ဝိုင်း တာဝန်ယူပေးလိုက်တာလည်းဖြစ်ပါတယ်။ ကျွန်တော်မှတ်ထားပါမယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ မှတ်ထားပါမယ်။ ကျွန်တော် တစ်ကယ်မျှော်လင့်တုန်းက သုံးလေးဘီလျံလောက်ပဲ မျှော်လင့်ပါတယ်။ ထပ်လောင်းပြောရလို့ရှိရင် သဒ္ဒါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီး ပြောပါရစေ" ဟု ပြောကြားသည်။

အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နစက ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက် ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ၊  ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင် နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေး ဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကာ  နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဦးဖြစ်ပြီး ပျောက်ဆုံး နေသူ ၈၉ ဦးရှိကြောင်းနှင့် ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန် သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ကျပ် ၃၂ ဒသမ ၂ ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK