Top News

စနေတစ်ရက်တွင် ခွဲစိတ်ဆရာဝန် လုပ်သည့် ဘူတန်ဝန်ကြီးချုပ်
24htopnews | September 22, 2024 4:12 AM CST

ဘူတန်နိုင်ငံ၏ စနေနေ့တစ်ရက်တွင် Jigme Dorji Wang Chuck အမျိုးသားဆေးရုံ၌ လိုတေးရှရင်းသည် လူနာတစ်ဦးအား ဆီးအိမ်ခွဲစိတ်ကုသမှုတစ်ခု လုပ်ဆောင်ပေးခဲ့သည်။

သို့သော် သာမန်ဆရာဝန်တစ်ဦးမဟုတ်သည့် ရှရင်းသည်  တနင်္လာမှ သောကြာနေ့တွင်မူ ပြည်သူတို့၏ ပျော်ရွှင်မှုစံနှုန်းအား တိုင်းတာခြင်းကြောင့် ကျော်ကြားသည့် ဟိမဝန္တာနိုင်ငံ ဘူတန်၏ ဝန်ကြီးချုပ်ဖြစ်သည်။

“ကျွန်တော့်အတွက်ကတော့ ဒါဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတာပါပဲ” ဟု ရှရင်းက ပြောကြားခဲ့သည်။ လူဦးရေ ၇၅၀,၀၀၀ နေထိုင်သော ဘူတန်နိုင်ငံတွင်၂၀၀၈ ခုနှစ်က အကြွင်းမဲ့ ဘုရင်စနစ်ကို အဆုံးသတ်ခဲ့သည်။ ယင်းနောက်ပိုင်း ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပခဲ့သည့် ယမန်နှစ်က တတိယအကြိမ် ရွေးကောက်ပွဲတွင် ရှရင်းသည် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

“တချို့က စိတ်ဖိစီးမှုလျှော့ဖို့ ဂေါ့ဖ်ကစားတယ်။ တချို့က မြားပစ်တယ်။ ကျွန်တော်ကတော့ ခွဲစိတ်တယ်ပေါ ့” ဟု အသက် ၅၀ အရွယ် ရှရင်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆေးရုံထဲတွင် အရောင်နွမ်းနေသည့် ဂျူတီကုတ်ကို ဝတ်ဆင်ပြီး  လူများသည့်ကော်ရစ်ဒါများ၌ လှည့်သွားနေသော ရှရင်းကို မည်သူကမှ ကြည့်မနေပေ။ သူနာပြုနှင့် ဆေးရုံလာသူများကလည်း ၎င်းတို့၏ အလုပ်များကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်။

သီးခြားခွဲထွက်နေမှု

ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည့် ဘုရင်နိုင်ငံ ဘူတန်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းအစား ပျော် ရွှင်မှုစံနှုန်းဖြင့် မိမိကိုယ်ကိုယ် တိုင်းတာခြင်းအပါအဝင် ကိစ္စများစွာတွင် တစ်မျိုးတစ်ဘာသာ ကွဲထွက် လျက်ရှိသည်။

ဘူတန်နိုင်ငံ၏ ပျော်ရွှင်မှုစံနှုန်းအတွက် အဓိကထောက်တိုင်တစ်ခုမှာ သဘာဝပတ်ဝန်းကျင် အားထိန်းသိမ်းခြင်းဖြစ်သည်။ ကာဗွန်ထုတ်လွှတ်မှုမရှိသည့် ဘူတန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲ၌ နိုင်ငံ၏ ရာခိုင်နှုန်း ၆၀ ကို သစ်တောများအဖြစ် ထိန်းသိမ်းထားရန် ပြဋ္ဌာန်းထားသည်။ Ecotourism အတွက် ထင်ရှားသည့် ဘူတန်သည် ခရီးသွားလာရောက်မှုများသည့် ကာလများတွင် ခရီးသွားတစ်ဦးအား တစ်နေ့လျှင် ဒေါ်လာ ၂၅၀ ကောက်ခံသည်။

မြို့တော်ထင်ပူတွင် မီးပွိုင့်မရှိပေ။ နိုင်ငံထဲတွင် ဆေးရွက်ကြီးရောင်းချမှုအား ပိတ်ပင်ထားပြီး ရုပ်မြင် သံကြားကိုလည်း ၁၉၉၉ ခုနှစ်ကမှ စတင်ခွင့်ပြုခဲ့သည်။

မြားပစ်ပွဲနှင့် ပြည်တွင်းထုတ် အရက်ပြင်းတို့သည် တစ်နိုင်ငံလုံး ရူးရူးမူးမူး နှစ်သက်ကြသည့်အရာ ဖြစ်သည်။ မကောင်းဆိုးရွားများကို နှင်ထုတ်ရန် နေအိမ်များတွင် ယောကျ်ားလိင်အင်္ဂါပုံများ ရေးဆွဲထားခြင်းမှာလည်း မထူးဆန်းသည့်မြင်ကွင်း ဖြစ်သည်။

သို့သော် ‘မိုးကြိုးနဂါးတိုင်းပြည်’ဟု ခေါ်ကြသည့် ဘူတန်နိုင်ငံတွင်လည်း ခြစားမှု၊ ကျေးလက်ဒေ သဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ လူငယ်များနှင့် ရာဇဝတ်ဂိုဏ်းများ အစရှိသည့် ပြဿနာများလည်း ရှိ နေသည်။

ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သြစတြေးလျ၊ အမေရိကန်တို့တွင် လေ့ကျင့်သင်ကြားခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်သော ရှရင်းသည် ၂၀၁၃ ခု နှစ်ကမှ နိုင်ငံရေးလောကထဲသို့ စဝင်ခဲ့သည်။ သို့သော် ထိုနှစ်တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ ရှရင်းတို့၏ ပါတီသည် အရှုံးနှင့် ကြုံခဲ့ ရသည်။

ယင်းနောက် ဘုရင် Jigme Khesar Namgyel Wangchuck သည် ရွေးကောက်ပွဲရှုံးထားသည့် ရှရင်းကို ဆရာဝန်အဖွဲ့တစ်ဖွဲ့အား ဦးဆောင်စေပြီး ဘုရင်၏ခြွေရံသင်းပင်းများနှင့်အတူ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများ၌ အခမဲ့ ကျန်းမာရေးကုသမှု လုပ်ဆောင်ရန် စေလွှတ်ခဲ့သည်။

လက်ရှိတွင်မူ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီဖြစ်သည့် ရှရင်းသည် စနေနေ့များတွင် လူနာများကို ကုသပေးပြီး ကြာသပတေးနေ့နံနက်ပိုင်း၌ သင်တန်းသားများ၊ ဆရာဝန်များကို ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များပေးကာ တနင်္ဂနွေမှာမူ မိသားစုနှင့် အချိန်ကုန်ဆုံးခဲ့သည်။

ဝန်ကြီးချုပ်ရုံးခန်းထဲမှ  ရှရင်း၏ ထိုင်ခုံအနောက်ဘက်တွင် ဂျူတီကုတ်တစ်ခု ချိတ်ထားသည်ကို တွေ့ ရသည်။ ယင်း၏အဓိပ္ပာယ်မှာ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကျန်းမာရေးစောင့်ရှောက်မှုကို ဗဟိုပြုမည်ဟု ကတိပေးထားခဲ့မှုအား သတိရစေရန်ဟု ၎င်းက ဆိုသည်။

ဘူတန်တွင် လူနာများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်ရိုက် ငွေပေးချေစရာမလိုပေ။ ကျန်းမာရေးကဏ္ဍတွင် အရေးကြီးသည့် တိုးတက်မှုများရရှိထားသော်လည်း လုပ်ဆောင်စရာများစွာရှိနေ သေးသည်ဟု ရှရင်းက ဆိုသည်။

“ကျွန်တော်တို့တွေ ဒုတိယအဆင့်နဲ့ တတိယအဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို တဖြည်းဖြည်းချင်း အာရုံစိုက်လာရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြော ကြားခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဓားချက်အောက်မှာ

ရှရင်းက ပြုလုပ်ခဲ့သော ငါး နာရီကြာမြင့်ခဲ့သည့် ဆီးအိမ်ခွဲစိတ် ကုသမှုကိုခံယူခဲ့ရသော အသက် ၄၀ ရှိ လူနာအမျိုးသား ဘမ်သပ်က ရလဒ်များနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်ကို နိုင်ငံထဲက အ တော်ဆုံးဆရာဝန်တွေထဲက တစ်ဦးလို့ ယူဆခံရတဲ့ ဝန်ကြီးချုပ်က ခွဲ စိတ်ပေးတာပါ။ ပိုပြီးစိတ်သက်သာရာ ရတယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးဆိုသည်မှာ ဆရာဝန် တစ်ဦးဖြစ်ရသည်နှင့် များစွာတူညီသည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။ “ဆေးရုံမှာဆိုရင် လူနာတွေ ကို စေ့စေ့စပ်စပ်လေ့လာ ကြည့်ရှုပြီး ကုသပေးရပါတယ်။ အစိုးရအဖွဲ့ ထဲမှာလည်း ဒီလိုပါပဲ။ မူဝါဒတွေရဲ့ အခြေအနေကို စေ့စေ့စပ်စပ်ကြည့်ရှုပြီး ဒါတွေကို ပိုကောင်းအောင် ကြိုးစားရပါတယ်” ဟု ၎င်းင်းက ဆိုသည်။

“ကျွန်တော်သေတဲ့အထိ ဒီလိုပဲ လုပ်သွားမှာပါ” ဟုလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရှရင်းသည် မြို့တော် ထင်ပူ၌ လှည့်လည်သွားလာရာတွင် အစိုးရက ပေးထားသည့် တရားဝင်ကားကို အသုံးမပြုဘဲ ၎င်း၏ ကိုယ်ပိုင်ကားကိုသာ မောင်းနှင်သည်။ “ကျွန်တော် ရုံးတက်ဖို့ အလုပ်ကို ကား မောင်းသွားတဲ့အခါတိုင်း ဆေးရုံဘက်ကို လှည့်သွားနိုင်ဖို့ ဆုတောင်း မိတယ်” ဟု ဝန်ကြီးချုပ်ရှရင်းက ပြောကြားခဲ့သည်။


READ NEXT
Cancel OK