Top News

အိန္ဒိယနှင့်ပြင်သစ်တို့က အကြီးမားဆုံး ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်
24htopnews | September 22, 2024 4:12 AM CST

အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာမြောက်ကျသော ရေလမ်းကြောင်းများအား အာရုံစိုက်မှု မြင့်တက်လာနေစဉ် ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle  ကို ဗဟိုတွင်ထားလျက် ပြင်သစ်နှင့်အိန္ဒိယတို့သည် မေ ၁၀ ရက်တွင် အကြီးမားဆုံး ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။

အာရှအင်အားကြီးတရုတ်အား မရည်ညွှန်းသော်လည်း တရုတ်၏ စီးပွားရေးဆိုင်ရာ သြဇာလွှမ်းမိုးမှု မြင့်တက်လာမှုနှင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုဖြစ်ပေါ်စေခဲ့သည့် နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာ ထုတ်ပြန်မှုများကို အိန္ဒိယနှင့်ပြင်သစ်တို့က စိုးရိမ်မှုပြသခဲ့ကြသည်။

မဟာဗျူဟာကျသော၊ အထူးသဖြင့်  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် အလွန်အမင်း အရေးပါသော ဒေသတွင်း၌ ပိုမိုတည်ငြိမ်မှုရရှိစေရန် လုပ်ဆောင်နိုင်မည်ဟု ထင်မိကြောင်း လေယာဉ်တင်သင်္ဘော တစ်စင်းတည်းရှိသည့် ပြင်သစ်ရေတပ်ရေယာဉ်စုကို ကွပ်ကဲရသော ပြင်သစ်ရေတပ်ဗိုလ်ချုပ်ကြီး Olivier Lebas က ပြောကြားခဲ့သည်။

အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့အကြား ကုန်သွယ်မှုအများစုသည် အထူးသဖြင့် ရေနံအား ထိုသမုဒ္ဒရာကို ဖြတ်ကျော် ပို့ဆောင်နေခြင်းဖြစ်ပြီး အင်တာနက်ဖိုင်ဘာ ဆက်ကြိုးများအား ရေနံနှင့်ဓာတ်ငွေ့တွင်း ပေါကြွယ်ဝသည့် ထိုသမုဒ္ဒရာကြမ်းပြင်တစ်လျှောက် ဖြတ်သန်း သွယ်တန်းထားသည်။

အိန္ဒိယကမ်းခြေအပန်းဖြေစခန်း ဂိုအာအလွန်တွင် ပြုလုပ်ခဲ့သော နှစ်စဉ်ပြုလုပ်နေကျ (၁၇) ကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ တန်ချိန် ၄၂၀၀၀ ရှိသော Charles de Gaulle  နှင့်အတူ စစ်သင်္ဘော ၁၂ စင်း၊ တစ် နိုင်ငံစီမှ ရေငုပ်သင်္ဘောခြောက်စင်းစီတို့က ပါဝင်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း စတင်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအနက် ယခုအကြိမ်သည် အကြီးမားဆုံးဖြစ်သည်ဟု ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

အိန္ဒိယသမုဒ္ဒရာတွင် အစဉ်အလာအရ သြဇာလွှမ်းမိုးထားသော အိန္ဒိယသည် ထို ရေလမ်းကြောင်းများ၌ စစ်သင်္ဘောများ နှင့် ရေငုပ်သင်္ဘောများ တပ်စွဲပြီး သြဇာလွှမ်းမိုးရန် ကြိုးစားနေသည့်တရုတ်နှင့် ရင်ဆိုင် နေရသည်။ တရုတ်သည် ၎င်း၏ ဧရာမ အခြေခံ အဆောက်အအုံစီမံကိန်း Belt and Road          မှတစ်ဆင့် ကြီးမားသော ကုန်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ကွန်ရက်တစ်ခုကို တည်ဆောက်နေသည်။

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သည် ရန်လိုသော နိုင်ငံ မဟုတ်ကြောင်း ဒေသတွင်း ပြင်သစ်မရိန်းတပ်ဖွဲ့၏ခေါင်းဆောင် ရေတပ်ဗိုလ်ချုပ်ကြီး Didier Maleterre က ပြောကြားခဲ့သည်။ ရေပိုင်နက်နှင့်ပတ်သက်၍ တရုတ်သည် စပရက်တလီ သို့မဟုတ် ပါရာဆဲ ကျွန်းစုများတွင် မြေယာဖော်ထုတ်မှု များ လုပ်ဆောင်နေခဲ့သော်လည်း အိန္ဒိယ သမုဒ္ဒရာတွင်မူ ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာလည်း ပါဝင်သော ပိုးလမ်းမသစ် ကုန်သွယ်ရေးလမ်းကြောင်းများကို တည်ဆောက်နေသော တရုတ်သမ္မတရှီကျင်ပင်း၏ အစီအစဉ်များသည် အဓိကအားဖြင့် စီးပွားရေးကိုသာ အလေးပေးပြီး နှစ်လမ်းသွား ရည်ရွယ်ချက်လည်း ပါဝင်ဖွယ်ရှိကြောင်း  Maleterre က ပြောကြားခဲ့သော်လည်း အခြားရည်မှန်းချက်များကိုမူ အထူးပြု မပြောခဲ့ပေ။

ပြင်သစ်သည် ပြီးခဲ့သောလတွင် ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ရာ တရုတ်ရေတပ်က ကြားဖြတ်ဟန့်တားခဲ့ပြီး သံတမန်ရေးရာ ဆန့်ကျင်မှု ပြုလုပ်ခဲ့သည်။ ပြင်သစ်က လွတ်လပ်စွာ သွားလာခွင့်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့သည်။         

 


READ NEXT
Cancel OK