Top News

စာရင်းအင်းပညာ၊ သုတေသနနှင့် အသိပညာ၊ ဉာဏ်ပညာတို့၏ အဆက်အစပ် Statistics, Research and Wisdom)
24htopnews | September 18, 2024 1:12 AM CST

သတင်းအချက်အလက်များ လျင်မြန်စွာရရှိပြီး အချိန်နှင့်အမျှ ပျံ့နှံ့လွယ်သည့် ယနေ့အချိန်ကာလတွင် လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာကိုအသုံးပြုကာ အကြောင်းနှင့် အကျိုး၊ အကောင်းနှင့် အဆိုး၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ တရားမျှတမှုရှိခြင်း နှင့် တရားမျှတမှုမရှိခြင်း တို့ကို  ဝေဖန်ပိုင်းခြား ဆင်ခြင်သုံးသပ်နိုင်ရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက မိမိ၏ သိမြင်နားလည်သည့် သဘောတရားထက် အခြားသူများက ပြောကြား ဝေဖန် ထောက်ပြသည့် အချက်အလက်များအပေါ်တွင်သာ မှီခိုနေရသဖြင့် အန္တရာယ်ကြီးလှပါ သည်။ အဆင်မသင့်လျှင် မိမိ၏အသက်နှင့် အခြားသောလူ့အသက်များ သေကျေပျက်စီးခြင်းအထိပင် ရောက်ရှိသွားနိုင်ပါသည်။

မိမိ၏ ကိုယ်ပိုင်အသိပညာ၊ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်လာစေရန်မှာ တစ်နေ့၊ တစ်ရက်၊ တစ်နှစ် လေ့လာကြိုးပမ်း အားထုတ်ရုံမျှနှင့် အလွယ်တကူ ရရှိနိုင်စေမည့် အရည်အချင်း စွမ်းရည်မဟုတ်ပါ။ ငယ်ရွယ်စဉ် သိတတ်သည့် အရွယ်မှစတင်ကာ မသေမချင်း လေ့လာကြိုးပမ်း အားထုတ်နေရမည့် အလေ့အကျင့် ဖြစ်ပါသည်။ ကိုယ်ပိုင်အသိပညာ ဉာဏ်ပညာကို ရရှိနိုင်စေရန် အတွက် ပထမအဆင့်မှာ အတန်းပညာများကို အသက်အရွယ်အ လိုက် ပြီးမြောက်အောင်မြင်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး အတန်းပညာသင်ယူခြင်းမှ အတတ်ပညာများကို ရရှိနိုင်စေမည် ဖြစ်ပါသည်။

ဤတွင် မေးခွန်းမှာ အတန်းပညာကို ရယူနိုင်သူ တစ်နည်းအားဖြင့် ဘွဲ့ဒီဂရီရရှိသူများအတွက် အတန်းပညာ အတတ်ပညာကို အခြေခံကာ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာကို ဖွံ့ဖြိုးရင့်သန်စေရန်ဆောင်ရွက်နိုင်ပါသော်လည်း အတန်းပညာကို ရရှိနိုင်ရန် အခွင့်အရေးမရှိသူ တစ်နည်းအားဖြင့် ဘွဲ့ဒီဂရီ မရရှိသူများအတွက် ကိုယ်ပိုင်အသိပညာ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်လာစေရန် မည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်သင့်ပါသလဲ ဆိုသည့် မေးခွန်းဖြစ်ပေါ်လာစေပါသည်။ စာရေးသူ အထက်တွင် ဖော်ပြသကဲ့သို့ပင် အတန်းပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သူမဆို ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ရရှိစေပြီး ရင့်သန်ထက် မြက်နေစေရန်မှာ အသက်ရှင်နေသမျှကာလပတ်လုံး မသေမချင်း လေ့လာဆည်းပူး အားထုတ်နေရမည် ဖြစ်ပါသည်။

အတန်းပညာ တတ်မြောက်ထားသူများအတွက်သာမက အတန်းပညာ တတ်မြောက်ထားခြင်း မရှိ သူများအတွက်ပါ စာရေးသူအနေဖြင့် အကြံပြုတင်ပြလိုသည့် အချက်မှာ ကာလာမသုတ္တန်တွင် ပါဝင်သည့် အချက်များကို အခြေခံကာ လိုက်နာကျင့်သုံးရန် ဖြစ်ပါသည်။ ဖော်ပြထားသည့် အချက်များ အကျဉ်းချုပ်ကို တင်ပြရပါလျှင် (၁) တစ်ဆင့်စကားကြားရုံ၊ (၂) ရိုးရာအစဉ်အလာနှင့်ကိုက်ညီရုံ၊ (၃) ရှေးကဖြစ်ခဲ့ဖူးရုံ၊ (၄) ကျမ်းဂန်များနှင့် ကိုက်ညီရုံ၊ (၅) တွေးတောကြံဆရုံ၊  (၆) လုပ်နည်းကိုင်နည်းသဘောကျရုံ၊ (၇) အထောက်အထားရှိရုံ၊ (၈) လက်ခံထားတဲ့အယူဝါဒနှင့်ကိုက်ညီရုံ၊ (၉) ယုံကြည်ထိုက်သော ပုဂ္ဂိုလ်စကားဖြစ်ရုံ၊ (၁၀) လေးစားရသည့် ဆရာ၏စကားဖြစ်ရုံမျှနှင့် ဟုတ်ပြီ၊ မှန်ပြီဟု မှတ်ယူခြင်းမပြုသင့်ပါဆိုသည့် အချက်များဖြစ်ပါသည်။

မည်ကဲ့သို့ ချဉ်းကပ်လိုက်နာ ကျင့်သုံးသင့်သည်ဆိုပါလျှင် အထက်တွင် ဖော်ပြထားသည့်အတိုင်း မည်သည့် သတင်းအချက်အလက်များကိုမဆို ချက်ချင်းလက်ငင်း အလွယ်တကူ လက်ခံခြင်းမပြုဘဲ မိမိကိုယ်တိုင် သင်ယူလေ့လာခဲ့ရသည့် အချက်များ၊ အတွေ့အကြုံများ၊ မိမိကိုယ်တိုင် စဉ်းစားတွေးခေါ်  သိမြင်နားလည်သည့် အချက်များကို အခြေခံကာ အကြောင်းနှင့် အကျိုးကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ တရားမျှတခြင်းနှင့် မမျှတခြင်းများကို မိမိကိုယ်တိုင် သံသယမရှိဘဲ ရှင်းလင်းစွာ လက်ခံပြီးချိန်သို့ ရောက်ရှိနိုင် မှသာလျှင် ကျင့်သုံးဆောင်ရွက်ရန် ဖြစ်ပါသည်။

ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာရင့်ကျက် ဖွံ့ဖြိုးလာစေရန် ချဉ်းကပ်ဆောင်ရွက်သင့်သည့် သဘော တရားများကို တင်ပြပြီးဖြစ်သည့် အတွက် မိမိတို့ တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေများကို အခြေခံကာ တိုင်းသူပြည်သားများ၏ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်ကျက်မှုကို ပိတ်ပင်ဟန့်တားစေသည့် အခြေခံအချက်အချို့ကို ဆွေးနွေးတင်ပြပါမည်။

ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ရင့်သန် ဖွံ့ဖြိုးစေရေးအတွက် အရေးအကြီးဆုံးအချက်မှာ တိုင်းပြည် နိုင်ငံတော်က ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် ပညာရေးစနစ်ပင် ဖြစ်ပါသည်။ ပညာရေးစနစ် မကောင်းခဲ့ပါလျှင် အတန်းပညာမကောင်းနိုင်၊ အတန်းပညာမကောင်းခဲ့လျှင် အတတ်ပညာ မကောင်းနိုင်၊ အတတ်ပညာ မကောင်းခဲ့လျှင် ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာများသည်လည်း ဖွံ့ဖြိုး ရင့်ကျက်စေရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ အခြားသောစိန်ခေါ်မှုများကို ဆက်လက်တင်ပြပါမည်။ ယခုတင်ပြဆွေးနွေးချက်များသည် စာရေးသူ၏ အမြင်သက်သက်ဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် ကိုလိုနီခေတ်ကာလကတည်းက အမွေဆက်ခံရရှိခဲ့သည့် စိန်ခေါ်မှုမှာ (Departmentalism) ဖြစ်ပါသည်။

(Departmentalism) ဆိုသည်မှာ “မိမိဌာန၏ နည်းနာလုပ်ထုံးများကို တစ်ကြောင်းစွဲ လှေနှံဓားထစ် အမှန်ယူသည့်စနစ်” မျိုး ဖြစ်ပြီး အတိုကောက်အားဖြင့် “ဌာနအစွဲကြီးစနစ်” ဟု ဘာသာပြန် အသုံးပြုပါမည်။ အဆင်ပြေ သင့်တော်သည့် အချိန်တွင် “ဌာနအစွဲကြီးစနစ် (Departmentalism)” ခေါင်းစဉ်ဖြင့် သီးခြားဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြပါမည်။

ယခု ကိုလိုနီခေတ်ကာလ “ဌာနအစွဲကြီးစနစ် (Departmentalism)”  ဖြစ်ပေါ် ကျင့်သုံးခဲ့ခြင်းများကို ဆရာကြီး ဖာနီဗယ်  (Fernivall) ၏ စာအုပ် (Reference: 1, pp (O)) တွင် ဖော်ပြထားချက်များအရ အခြေခံကာ အကျဉ်းတင်ပြပါမည်။ ထိုစဉ်အချိန် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ ရုံးဌာနကြီးများ ဖြစ်ကြသော တရားသူကြီးရုံးများ၊ ရာဇဝတ်တရားရုံးများ၊ ရဲဌာနများ၊ အခွန်ဌာနများတွင် ဝန်ထမ်း အရာရှိကြီးများအဖြစ်ခန့်အပ်တာဝန်ပေးအပ်နိုင်စေရန်မှာ မြန်မာနိုင်ငံ၏ ပညာရေးစနစ် အခြေအနေအရ မြန်မာလူမျိုးများကို ချက်ချင်း လေ့ကျင့် သင်ကြားမွေးထုတ်ပြီး ခန့်အပ်တာဝန်ပေးခြင်းကို ဆောင်ရွက်ခြင်း မပြုခဲ့ကြပါ။

မြန်မာနိုင်ငံ၏အခြေအနေကို သိမြင်နားလည်ခြင်းထက် ပေးအပ်သည့်တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်စေခြင်းက ပိုပြီး အရေးကြီးသည်ဆိုသော သဘောတရားနှင့် မြန်မာလူမျိုးများကို လေ့ကျင့်သင်ကြားပြီး ခန့်အပ်တာဝန်ပေးခြင်းထက် နိုင်ငံခြားသားဝန်ထမ်းများကို ခေါ်ယူအသုံးပြုခြင်းက ပိုမို လွယ်ကူကောင်းမွန်သည်ဆိုသော အကြောင်းရင်းများကို အခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြပါသည်။ ထို့ကြောင့် အထူးစပါယ်ရှယ်လစ် လုပ်ငန်းအမျိုး အစားများဖြစ်သည့် ဆရာဝန်၊ အင်ဂျင်နီယာ စသည့် လုပ်ငန်းများတွင် အိန္ဒိယနွယ်ဖွားများနှင့် ဥရောပနွယ်ဖွားများကသာ နေရာရယူထားရှိပြီးလျှင် ဖော်ပြပါနေရာများအတွက် မြန်မာလူမျိုးများအား တာဝန်ထမ်းဆောင်နိုင်ရန် ခေါ်ယူခြင်းမရှိသကဲ့သို့ မြန်မာလူမျိုးများအတွက် နေရာလည်း မရှိခဲ့ပါ။

အကျိုးဆက်အဖြစ် “ဌာနအစွဲ ကြီးစနစ် (Departmentalism)” ဖြစ် ထွန်းပေါ်ပေါက်လာစေခဲ့ပြီး အထူးပြု အရေးကြီးသည့်ဌာနများရှိ ဝန်ထမ်းများသည် မိမိလုပ်ငန်းတာဝန်များကိုသာ သိမြင်နားလည်ခြင်းနှင့် ပြောဆိုသုံးစွဲသည့် စကားရပ်များ အရသော်လည်းကောင်း၊ ဆက်သွယ်မှုများအရသော်လည်းကောင်း  ပြတ်တောက်စေခဲ့ကာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးအကြောင်းနှင့် မိမိဌာနနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည့် ကျန်ဌာနများအကြောင်းကို သိမြင် နားလည်နိုင်ခြင်းမရှိတော့ပါ။ ထို့ကြောင့် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းနှင့် ဌာနအပေါ်တွင် ကျယ်ပြန့်စွာ တွေးခေါ်မြော်မြင်ပြီး အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိတော့ဘဲ (Departmental Blinkers) ဟုခေါ်ဆိုသည့် ဌာနတွင် အမြင်ကျဉ်းမြောင်းစွာ မိမိတစ်ကိုယ်ရေ ရှင်သန်ရပ်တည်နိုင်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြပါတော့သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အစိုးရဌာနအသီးသီးတွင်မြန်မာလူမျိုးများအား ခန့်အပ်တာဝန်ပေး အပ်ခဲ့ပါသော်လည်း ယနေ့အချိန်အထိ “ဌာနအစွဲကြီးစနစ်” မှာ ရှင် သန်လျက်ရှိပြီး ကျင့်သုံ းဆောင်ရွက် လျက်ရှိနေပါသည်။ အဆိုပါစနစ်သည် အင်စတီကျူးရှင်းများ ရှင်သန်ခိုင်မာအားကောင်း သန်မာလာစေရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိနေပါတော့သည်။ အထူးသဖြင့် နိုင်ငံဝန်ထမ်းအများစုသည် ၎င်းတို့ ဆောင်ရွက်နေရသည့် လုပ်နေကျ အလုပ်ကလေးမှလွဲ၍ အလုပ်နှင့်သက်ဆိုင်သည့် အခြားမည်သည့် အသစ်အဆန်းလုပ်ငန်းကိုမျှ စိတ်ဝင်စားခြင်း မရှိတော့ဘဲ ဌာနရှိ အလုပ်တာဝန်ကလေးအတွက် အမြင်ကျဉ်းမြောင်းစွာနှင့် အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးပမ်း အားထုတ်နေကြရသဖြင့် ၎င်းတို့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း စိတ်မဝင်စားနိုင်၊ သတင်းအချက်အလက်များကို အခြေခံပြီး သိမြင်ခြင်း (Knowledge) ကိုလည်း ရရှိစေရန် ကြိုးစားအားထုတ်မှု မပြုနိုင် ဖြစ်စေကာ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ရရှိနိုင်စေမည့် အခွင့်အလမ်းများသည်လည်း ပိတ်ပင် သွားပါတော့သည်။

တစ်ဆက်တည်းမှာပင် ဆက်လက်ပေါက်ပွားလာစေသည့် စိန်ခေါ်မှုမှာ မိမိ၏ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်လာစေရန် ကြိုးပမ်းအားထုတ်ခြင်းမပြုကြတော့ဘဲ နီးစပ်ရာ အရာရှိကြီးများ၊ လူပုဂ္ဂိုလ်ကြီးများ၊ ဆရာကြီးများ၏ ပြောစကားများ၊ ခဏတာ လေ့လာသိရှိရသည့် အချက်များ၊ မီဒီယာများ စာအုပ် စာစောင်များတွင် တွေ့မြင်ရ သည့် အကြောင်းအရာ သတင်းအချက်အလက်များအား အကြောင်းနှင့် အကျိုးကို ဆက်စပ်ပြီး မှန်၊ မမှန်၊ ကောင်း၊ မကောင်း တရားမျှတခြင်း ရှိ၊ မရှိ မဆင်ခြင် မစဉ်းစားနိုင်တော့ဘဲ မျက်စိမှိတ် ယုံကြည်သည့် အလေ့အထများပါ စွဲမြဲလျက် တည်ရှိနေပါသည်။

အထက်တွင်ဖော်ပြသကဲ့သို့ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်လာစေရန် နည်းမှန် လမ်းမှန် လက်ခံ ကျင့်သုံးဆောင်ရွက် နိုင်စေရန်နှင့် စိန်ခေါ်မှုများကိုကျော်လွှားလွန်မြောက်နိုင်စေရန် အလို့ငှာ တိကျခိုင်မာပြီး ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ရရှိနိုင်စေရေးမှာ မရှိမဖြစ် အရေးကြီးသည့် အချက်ဖြစ်နေပါသည်။ သတင်းအချက်အလက်များ ရရှိခြင်းကို အခြေခံကာ သုတေသနပြုလုပ် ဆောင်ရွက်ပါက သိမြင်ခြင်း (Knowledge) ရရှိလာမည်ဖြစ်ပါသည်။ သိမြင်ခြင်းမှတစ်ဆင့် ကိုယ်ပိုင် အသိပညာဉာဏ်ပညာ  (Wisdom) များ ရင့်သန်ဖွံ့ဖြိုးလာစေမည် ဖြစ်ပါသည်။

စာရေးသူသည် နှစ်ပေါင်း ၄၀ ကျော်ခန့် စာရင်းအင်းပညာဘာသာရပ်ကို သင်ယူခြင်း၊ သင်ကြားခြင်း၊ လေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ထက်တိုင် လေ့လာဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်ကြီးများတွင် နည်းပြဘဝမှ ပါမောက္ခ (ဌာနမှူး) အထိ ဆောင်ရွက်ခဲ့ပြီး စီးပွားရေး တက္ကသိုလ်ကြီးများတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပရိုဂရမ်များက ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုအထောက်အကူပြုခြင်းနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုအထောက်အကူပြုခြင်းနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ဌာနအစွဲ၊ ဘာသာရပ်အစွဲ၊ လူပုဂ္ဂိုလ်အစွဲ၊ ဆရာအစွဲများသည် စာရေးသူ၏ ကိုယ်ပိုင်အသိပညာ၊ ဉာဏ်ပညာများအပေါ်တွင် အကျိုးသက်ရောက်ခြင်း မရှိနိုင်တော့ပါ။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းသူပြည်သားများ အနေနှင့် မိမိတို့၏ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာများကို ရင့်ကျက်ဖွံ့ဖြိုး လာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်စေပြီး အခြားသူများ၏ ပြောစကားများ တင်ပြချက်များအပေါ်တွင် မစဉ်းစားမဆင်ခြင်ဘဲ ယုံကြည်လိုက်ပါပြီး လမ်းဆုံးခြင်းနှင့် အသက် ဘဝ ဆုံးရှုံးခြင်းများကို ရှောင်ရှားနိုင်ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင် အသိပညာဉာဏ်ပညာများ ဖွံ့ဖြိုးရင့်သန် လာစေရေး အလို့ငှာ စာရင်းအင်းပညာ၏ အခြေခံသဘောတရားများ၊ သုတေသန၏ အခြေခံသဘော တရားများနှင့် အသိပညာ ဉာဏ်ပညာများ၏ အဆက်အစပ်ကို သိမြင်နားလည်စေပြီး လိုက်ပါ ဆောင်ရွက်နိုင်ကြစေရေးကို ရည်ရွယ်ပါသည်။

စာရင်းအင်းပညာ (Statistics)၊ သုတေသန (Research)၊ သိမြင်ခြင်း (Knowledge) နှင့် အသိပညာ ဉာဏ်ပညာ (Wisdom) တို့၏ အဆက်အစပ်ကို ပုံတွင် ဖော်ပြထားပါသည်။ အကြောင်းအရာ တစ်ခုချင်းသည် ဘာသာရပ်ဆိုင်ရာများ ဖြစ်ကြသည့်အတွက် အလွန်ကျယ်ပြန့်စွာ တည်ရှိ ဖြစ်ပေါ်နေခြင်းများကြောင့် ယခုကဲ့သို့ ဆောင်းပါးအဆင့်နှင့် ပြီးပြည့်စုံသည်အထိ ဖော်ပြရန်၊ တင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အကြောင်းအရာများအား အကျဉ်းချုပ်အနေနှင့်သာ ရှင်းလင်းတင်ပြနိုင်ပါသည်။

ပထမဦးစွာ စာရင်းအင်းပညာ၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အခြေခံသဘောတရားများကို အကျဉ်းချုပ်ပြီး တင်ပြပါမည်။ စာရင်းအင်းပညာဆိုသည်မှာ  အခြေခံ ကိန်းဂဏန်းအချက်အလက်များ (Data) များကို ကောက်ယူစုဆောင်းခြင်း၊ (Data) များကို စုစည်းခြင်း၊ (Data) များကို တွက်ချက်ပြီး အကျဉ်းချုပ်ဖော်ပြနိုင်သည့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ (Statistics) ကို ဖော်ထုတ်ခြင်း၊ (Data) များနှင့် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ (Statistics) များမှ သတင်းအချက်အလက်များ (Information) ကို ထုတ်ဖော်တင်ပြခြင်း၊ (Data) များကို စိစစ်တွက်ချက်လေ့လာခြင်း၊ (Data) များကို လေ့လာစိစစ်တွက် ချက်ရရှိသည့် ရလဒ်များနှင့် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များ (Statistics) များကို အခြေခံကာ ကောက်ချက်ချခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ အချက်များကို အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ နှစ်မျိုးခွဲခြား တင်ပြနိုင်ပါသည်။ ပထမတစ်မျိုးမှာ အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) ကို ကောက်ယူ စုဆောင်း စုစည်း လေ့လာတွက်ချက် စိစစ်ပြီး ရရှိသည့် ရလဒ်များနှင့် စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ (Statistics) များမှ သတင်းအချက်အလက်များ (Information) ကို ထုတ်ဖော်တင်ပြခြင်း (Descriptive Statistics) အရပ်အခေါ် သရုပ်ဖော်စာရင်းအင်းပညာ သို့မဟုတ် ရုပ်လုံးဖော် စာရင်းအင်းပညာဟု ခေါ်ဆိုင်ပါသည်နှင့် ဒုတိယတစ်မျိုးမှာ ကောက်ယူရရှိသည့် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data) နှင့် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ (Statistics) ကို အခြေခံကာ လိုအပ်မည့် ရလဒ်များကို ခန့်မှန်းခြင်းနှင့် အဆိုတင်သွင်းပြီး စစ်ဆေး ဆုံးဖြတ်ခြင်း  (Statistical Inference) အရပ်အခေါ် ကောက်ချက်ချစာရင်းအင်းပညာဟု ခေါ်ဆိုပါသည်။

ဒုတိယအနေဖြင့် သုတေသန၏ အဓိပ္ပာယ်သတ်မှတ်ချက်အချို့ နှင့် အခြေခံသဘောတရားများကို ဆရာကြီး စီအာ ကိုသာရီ (C.R. Kotharyi) ရေးသားတင်ပြထားသည့် စာအုပ် (Reference: 2) ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ဆရာကြီးက သုတေသန၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် သဘောတရားများကို ရှုထောင့်ပေါင်းစုံ ချဉ်းကပ် လေ့လာပြီး တင်ပြထားခြင်းဖြစ်ရာ ယခုဆောင်းပါးတွင် အကြောင်းအရာအားလုံးကို ပြီးပြည့်စုံသည်အထိ တင်ပြနိုင်ခြင်းမရှိပါ။ စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်မြင်ရသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောတရားအချို့ကိုသာ တင်ပြပါမည်။

သုတေသနနှင့်ပတ်သက်ပြီး ဆရာကြီး၏ ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “Research in common parlancerefer to a search for knowledge”  ဖော်ပြထားချက်အရ “သုတေသန၏ အဓိပ္ပာယ်ကို သာမန် ဝေါဟာရ စကားလုံး စကားရပ်များအရ ရည်ညွှန်းဖော်ပြရပါလျှင် သိမြင်ခြင်းကို ရှာဖွေ ဖော်ထုတ်ရယူခြင်းပင် ဖြစ်ပါသည်။” အချို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် စာရင်းအင်းပညာရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ထပ်တူကျလျက် ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ပြင် ဘာသာရပ်နယ်ပယ် အသီးသီးရှိ သီအိုရီများကို ဖော်ထုတ်ရာတွင် သော်လည်းကောင်း၊ သီအိုရီများကို အသုံးချရာတွင်သော်လည်းကောင်း၊ စိန်ခေါ်မှုများ၊ ပြဿနာများ၏ အဖြေများကို ရှာဖွေ ဖော်ထုတ်ရာတွင်သော်လည်းကောင်း သုတေသန၏ သဘောတရားနယ်ပယ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

တတိယအနေဖြင့် စာရင်းအင်းပညာ၊ သုတေသနနှင့် အသိပညာဉာဏ်ပညာတို့၏ အဆက်အစပ်ကို တင်ပြပါမည်။ အထက်တွင် ဖော်ပြထားသကဲ့သို့ပင် စာရင်းအင်းပညာဘာသာရပ်နှင့် သုတေသန သဘောတရားများသည် ထပ်တူညီနေသည့် သဘောတရားများ တည်ရှိနေသကဲ့သို့ ဒင်္ဂါးပြား တစ်ချပ်၏ ခေါင်းနှင့် ပန်းကဲ့သို့ပင် အတူ တွဲလျက် တည်ရှိ ဖြစ်ပေါ်လျက်ရှိနေပြီး တစ်ခုနှင့် တစ်ခုအပြန်အလှန် ဒွန်တွဲလျက်ရှိနေပါသည်။ စာဖတ်သူများအတွက် သတိပြုစေလို သည့်အချက်မှာ စာရင်းအင်းပညာနှင့် သုတေသနအခြေခံများကိုအသုံး ပြုခြင်း လိုက်နာခြင်း ကျင့်သုံးခြင်းမရှိဘဲ အကြောင်း အကျိုး၊ အကောင်း အဆိုး၊ အမှား အမှန်၊ တရားမျှတခြင်း မမျှတခြင်းတို့ကို ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်မည့် ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်လာစေရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

စာရေးသူ၏ ကိုယ်ပိုင် သိမြင် နားလည်မှုအရ စာရင်းအင်းပညာ ဘာသာရပ်နှင့် သုတေသနပညာ ဘာသာရပ်၏ ကွာခြားချက်ကို စာဖတ်သူများ အလွယ်တကူသိမြင် နားလည်စေရန် တင်ပြရပါလျှင် စာရင်းအင်းပညာဘာသာရပ်သည် သီအိုရီများ၊ နည်းလမ်းများ၊ နည်းပညာသဘောတရားများ (Theory,  Method, Technique, Methodology) စသည်ဖြင့် သီးခြားရပ်တည် လျက်တည်ရှိနေပြီး သုတေသန ပညာဘာသာရပ်၏ သဘောတရားမှာ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်၊ လုပ်ငန်းနယ်ပယ်များကို အခြေခံကာ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အခြေအနေဖြစ်ပါသည်။

သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ် လုပ်ငန်းနယ်ပယ် တစ်ရပ်တွင် စာရင်းအင်းပညာရပ်များကို အသုံး ပြုခဲ့ပါလျှင် သုတေသန ပြုလုပ်သည့် သဘောတရားများအဖြစ်သို့ ရောက်ရှိသွားစေပါသည်။ သို့သော်လည်း စာရင်းအင်းပညာ ဘာသာရပ်သည် သုတေသနလုပ်ငန်းများကဲ့သို့သိမြင်ခြင်း တွေ့ရှိခြင်း အဆင့်သာ ရပ်တန့် ခြင်းမဟုတ်ဘဲ ထွက်ပေါ် ရရှိလာသည့် ရလဒ်များကို အခြေခံကာ ဒီဇိုင်းမိုဒယ်တည်ဆောက်ပြီး အသုံးပြုနိုင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ကြရပါသည်။

ဤတွင် စာရေးသူအတွက် မေးခွန်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည့် အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများတွင် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်၊ လုပ်ငန်းနယ်ပယ်ရပ်များနှင့် ပတ်သက်သည့် (Data) များကို စနစ်တကျ ကောက်ယူ၊ စုဆောင်း၊ စုစည်း၊ စိစစ်၊ တွက်ချက်လေ့လာပြီး သတင်းအချက်အလက် (Information) များကို ရယူခြင်းနှင့် အများပြည်သူပြည်သားများ သိသင့် သိထိုက်သည့် သတင်းအချက်အလက် (Information) များကို ထုတ်ပြန်လျက်ရှိနေပါသလားဆိုသည့် မေးခွန်းဖြစ်ပါသည်။

အထက်ဖော်ပြပါမေးခွန်းအတွက် စာရေးသူ လေ့လာသိမြင်ရသမျှ အခြေအနေမှာ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများတွင် (Data) အမျိုးအစားများ၏ အခြေခံအဆင့်ကိုပင် သိမြင်နားလည်သူ နည်းပါးလျက်ရှိပြီး တစ်နည်းအားဖြင့် အခြေခံ ကိန်းဂဏန်းအချက်အလက်များ (Data) နှင့် ကိန်းဂဏန်းများ (Numbers) ၏ သဘောသဘာဝကိုပင် ကွဲပြားခြားနားစွာ သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ် သူနည်းပါးလျက်ရှိသည်ဟု ထင်မြင်ပါသည်။ ၎င်းတို့၏ လုပ်ငန်းရပ်နယ်ပယ်နှင့် သက်ဆိုင်ပတ်သက်သည့် (Data) များ၊ သတင်းအချက်အလက် (Information) အမျိုးအစားများကို စနစ်တကျ ခွဲခြမ်း စိတ်ဖြာ လေ့လာထားရှိသည့် မှတ်တမ်း၊ စာတမ်း၊ စာစောင်များအား အချိန်ကာလအလိုက် ပုံမှန်ထုတ်ပြန်ထားရှိခြင်း၊ ဖော်ပြထားခြင်းများမှာလည်း လွန်စွာအားနည်းလျက်ရှိသည်ဟု ထင်မြင်ပါသည်။

ထိုကဲ့သို့ ဖြစ်စေသည့် အကြောင်းရင်းများစွာရှိသည့်အနက် အကြောင်းရင်းတစ်ရပ်မှာ အထက်တွင် ဖော်ပြထားသကဲ့သို့ “ဌာနအစွဲကြီးစနစ်” တည်ရှိဖြစ်ပေါ်လျက်ရှိနေသည့်အတွက် “သုတေသန” အမည်ရှိသည့် ဌာနများကသာ သုတေသနကို ပြုလုပ်ရမည်။ ကျန်ဌာနများသည် သုတေသနလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိပါ။ မပြုလုပ်ရပါ။ သုတေသနနှင့် ပတ်သက်သည့် ဘတ်ဂျက်များလည်း မပါဝင်ပါ။ ငွေစာရင်းဌာနများကလည်း ငွေစာရင်း စစ်ဆေးခံနိုင်မည့်အဆင့် အတွက်သာ ပြုလုပ်ရမည်။ (Data) နှင့် (Information) သဘောတရား အဆင့်အထိ ပြင်ဆင်ရန်မလိုအပ်ပါ ဆိုသည့် ယဉ်ကျေးမှုမှာ ထွန်းကား ပြန့်ပွားလျက်တည်ရှိနေပါသည်။ ဖော်ပြပါ အခြေအနေများကြောင့်လည်း ဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသူများ၏ ကိုယ်ပိုင် အသိပညာ ဉာဏ်ပညာများ ဖွံ့ဖြိုးစေခြင်းကို တားဆီးပိတ်ပင် လျက်ရှိနေပါတော့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းသူပြည်သားများ အနေနှင့် မိမိတို့၏ ကိုယ်ပိုင် အသိပညာဉာဏ်ပညာ များကို ရင့်ကျက် ဖွံ့ဖြိုးလာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်စေပြီး အခြားသူများ၏ ပြောစကားများ တင်ပြချက်များအပေါ်တွင် မစဉ်းစား မဆင်ခြင်ဘဲ ယုံကြည်လိုက်ပါပြီး လမ်းဆုံးခြင်းနှင့် အသက် ဘဝ ဆုံးရှုံးခြင်းများကို ရှောင်ရှားနိုင်ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင် အသိပညာဉာဏ်ပညာများ ဖွံ့ဖြိုးရင့်သန် လာစေရေး အလို့ငှာ စာရင်းအင်းပညာ၏ အခြေခံသဘောတရားများ၊ သုတေသန၏ အခြေခံသဘော တရားများနှင့် အသိပညာ ဉာဏ်ပညာများ၏ အဆက်အစပ်ကို သိမြင်နားလည်စေပြီး လိုက်ပါ ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။

Reference: 1. J. S. Furnivall (1957), “An Introduction to the Political Economy of Burma”, Third Edition, People Literature Committee & House, 546, Merchant Street, Rangoon.

2. C. R. Kothari (2004), “Research Methodology: Methods & Techniques”, Second Revised Edition”, New Age International Publishers.


READ NEXT
Cancel OK