Top News

အစ္စရေးတပ်ဖွဲ့များက အနောက်ဘက်ကမ်းဒေသရှိ အယ်လ်ဂျာဇီးယားသတင်းဌာန၏ ရုံးခန်းကို ဝင်ရောက်စီးနင်း
24htopnews | September 24, 2024 10:12 PM CST

အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းဒေသ၏ ရာမလာမြို့ရှိ အယ်လ်ဂျာဇီးယားသတင်းဌာန၏ ရုံးခန်းကို စက်တင်ဘာ ၂၂ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီးပြီး ထိုရုံးကို ၄၅ ရက်ကြာပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အစ္စရေးနိုင်ငံအတွင်း အယ်လ်ဂျာဇီးယား ရုပ်သံလိုင်း ပိတ်ပင်ခံခဲ့ရပြီးနောက် လေးလအကြာတွင် နိုင်ငံအတွင်းရှိ အယ်လ်ဂျာဇီးယားသတင်းထောက်များကို စာနယ်ဇင်း ထောက်ခံချက်များ ရုပ်သိမ်းကြောင်း အစ္စရေးအစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့သည်။

“အယ်လ်ဂျာဇီးယားရုံးခန်းကို ၄၅ ရက် ပိတ်ထားဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်” ဟု အစ္စရေးစစ်သားတစ်ဦးက အယ်လ်ဂျာဇီးယား သတင်းဌာ၏၏ အနောက်ဘက်ကမ်းဒေသဆိုင်ရာဗျူရိုအကြီးအကဲ ၀ါလစ်အယ်အိုမာရီကို ပြောကြားခဲ့သည်။

“လောလောဆယ်မှာ ခင်ဗျားတို့ရဲ့ ကင်မရာတွေအားလုံးကို သိမ်းပြီး ရုံးခန်းကထွက်ခွာပါ” ဟု အစ္စရေးစစ်သားတစ်ဦးက ပြောကြားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

ရုံးခန်းကို ပိတ်ပင်မိန့်ထုတ်ပြန်ရသည့် အကြောင်းရင်းကိုမူ အစ္စရေးစစ်သားများက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အယ်လ်ဂျာဇီးယားသတင်းဌာနသည် အကြမ်းဖက်မှုကို ထောက်ခံအားပေးနေပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေသည်ဟု စွပ်စွဲခံခဲ့ရပြီး ပိတ်ပင်မိန့်ထုတ်ပြန်ခံခဲ့ရခြင်း ဖြစ်သည်ဟု အိုမာရီက ပြောကြားခဲ့သည်။

“ဂျာနယ်လစ်တွေကို ဒီပုံစံမျိုးနဲ့ ပစ်မှတ်ထားတာဟာ အမှန်တရားကို ပယ်ဖျက်ဖို့နဲ့ လူတွေကို သတင်းအမှန်မကြားရစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု အိုမာရီက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ်အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဂါဇာစစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရအဖွဲ့သည် အယ်လ်ဂျာဇီးယားသတင်းဌာနနှင့်မကြာခဏ ထိပ်တိုက်တွေ့ခဲ့သည်။

အယ်လ်ဂျာဇီးသား ဂျာနယ်လစ်များသည် ဂါဇာဒေသရှိ ဟားမာ့စ်နှင့်၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိနေကြောင်း အစ္စရေးစစ်တပ်က ထပ်တလဲလဲစွပ်စွဲခဲ့သည်။

အယ်လ်ဂျာဇီးယားသတင်းဌာနကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ၎င်း၏ ဝန်ထမ်းများကို အစ္စရေးက စနစ်တကျပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းရှိ ဟားမာ့စ်အဖွဲ့၏ မီဒီယာရုံးကမူ အယ်လ်ဂျာဇီးယားသတင်းရုံးခန်းကို ဝင်ရောက်စီးနင်းသည့် အစ္စရေးကို ဝေဖန်ရှုတ်ချခဲ့ပြီး ထိုဖြစ်စဉ်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေးလွှတ်တော်သည် ဧပြီလအစောပိုင်းကတည်းက နိုင်ငံ့လုံခြုံရေးကို ထိခိုက်စေသည်ဟု ယူဆရသည့် ပြည်ပမီဒီယာများကို ပိတ်ပင်ခွင့်ရှိသည့် ဥပဒေကိုထုတ်ပြန်ခဲ့သည်။

ထိုဥပဒေအရ မေ ၅ ရက်တွင် အစ္စရေးအစိုးရက အယ်လ်ဂျာဇီးယားသတင်းရုပ်သံ လိုင်းကိုနိုင်ငံအတွင်းထုတ်လွှင့်ခွင့် ပိတ်ပင်ခဲ့ပြီး ၎င်း၏ ရုံးခန်းများကိုလည်း ၄၅ ရက်ကြာ ပိတ်ပင်ခဲ့ကာ ထိုပိတ်ပင်မှုကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း တဲလ်အဗစ်တရားရုံးက စတုတ္ထအကြိမ်မြောက် သက်တမ်းတိုးခဲ့သည်။

ယခုအခါတွင် အနောက်ဘက်ကမ်းဒေသရှိ အယ်လ်ဂျာဇီးယားသတင်းရုံးခန်းကို အစ္စရေးက ထပ်မံပိတ်ပင်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK