Top News

လှုပ်လေမြုပ်လေဖြစ်နေသည့် သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်း
24htopnews | September 18, 2024 1:12 AM CST

သီရိလင်္ကာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာမှုနှင့် လျှပ်စစ်ဓာတ်အားများကို အချိန်ကြာမြင့်စွာ ဖြတ်တောက်မှုများကြောင့် လမ်းများပေါ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ သမ္မတ ဂိုတာဘာယာရာဂျာပက် ဆာ၏ အာဏာတည်မြဲရေးကို ယိမ်းယိုင်စေခဲ့သည်။

ထို့ပြင် ဖိအားများဖြင့်ရင်ဆိုင်နေရသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်လည်း ရာထူးမှ နုတ်ထွက်နေမှုနှင့်အတူ အတိုက်အခံများက ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။

ယင်းနိုင်ငံရေးအကျပ်အတည်းများက နိုင်ငံခြားငွေပြတ်လပ်နေသည့် ပြဿနာနှင့် COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားကဏ္ဍအပေါ် မှီခိုနေရသည့် စီးပွားရေးကို ပုံမှန်လည်ပတ်နေစေရန် ရန်ပုံငွေများရှာဖွေ နေသည့် လုပ်ငန်းစဉ်များကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

 

■ အကျပ်အတည်း ဘယ်ကစ

ရာဂျာပက်ဆာသည် ကပ်ရောဂါမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်သည့် ၂၀၁၉ ခုနှစ်က လူထုအကျိုးမျှော်ဝါဒီတစ်ဦးအဖြစ် အခွန်များကို လျှော့ချဖြတ်တောက်ခဲ့သဖြင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာများ လျော့ကျခဲ့ သည်။ ကပ်ရောဂါစတင်ဖြစ်ပွားလာချိန်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ ဆိုင်းငံ့မှု နှင့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကြောင့် ခရီးသွားကဏ္ဍအပေါ် မှီခိုနေရသည့် စီးပွားရေးကို ထိခိုက်စေခဲ့သည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် သီရိလင်္ကာနိုင်ငံသားအများစုမှာ ကပ်ရောဂါကြောင့် အလုပ်အကိုင်များဆုံးရှုံးခဲ့ရမှုနှင့်အတူ ပြည်ပမှ လွှဲငွေများမှာလည်း လျော့ကျသွားခဲ့သည်။ နိုင်ငံခြားငွေရရှိမှုများ လျော့ကျလာမှုနှင့်အတူ သီရိလင်္ကာသည် ပြည်ပကြွေးမြီများကို စီမံခန့်ခွဲရန် ရုန်းကန်ခဲ့ ရပြီး အထူးသဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ရင်းနှီးရန် တရုတ်ထံမှ ကြွေးမြီများစွာ ရယူခဲ့ရသည်။

သီရိလင်္ကာသည် အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံမှ ချေးငွေများရရှိခဲ့သည့်တိုင် လောင်စာနှင့် အခြေခံစားသောက်ကုန်များကို ပြည်ပမှ တင်သွင်းဝယ်ယူရန် ငွေကြေးပေး ချေနိုင်စွမ်းမရှိခဲ့ပေ။ ယင်းအခြေအနေကို ပိုမိုဆိုးရွားစေသည့်အချက်မှာ ပြီးခဲ့သည့်နှစ်က ရာဂျာပက်ဆာသည် စိုက်ပျိုးရေးလုပ်ငန်း အတွက် အဓိကကျသည့် ဓာတ်မြေသြဇာများကို တင်သွင်းခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယင်းပိတ်ပင်မှုကြောင့် စပါးနှင့် လက်ဖက်ကဲ့သို့ အခြေခံစားသောက်ကုန်များ ထုတ်လုပ်နိုင်မှုကျဆင်းခဲ့ကာ လယ်သမားများအကြား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

 

စီးပွားရေး ယိုယွင်းမှု

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ အမေရိကန် ဒေါ်လာ ၈၁ ဘီလျံတန်ဖိုးရှိသည့် သီရိလင်္ကာ၏ စီးပွားရေးမှာလည်း ဆိုးရွားသည့် ဖိအားများ အောက်တွင် ရုန်းကန်ခဲ့ရသည်။

သိရီလင်္ကာ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှေးကွေးသွားခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း စံချိန်တင်မြင့်တက်ခဲ့သည်။ ယင်းအချိန်ကစပြီး အာဏာပိုင်များက ဘဏ် အတိုးနှုန်းများကို တိုးမြှင့်ခဲ့ပြီး ပြည်တွင်းငွေတန်ဖိုးကို လျှော့ချခဲ့ကာ မရှိမဖြစ်မဟုတ်သည့် သွင်းကုန်များကို တင်သွင်းခွင့်ပိတ်ပင်ခဲ့သည်။

သို့သော်လည်း ယခုနှစ်အတွင်း နိုင်ငံခြားအရန်ငွေကြေးမှာ ဒေါ်လာ နှစ်ဘီလျံခန့်သာရှိပြီး ကြွေးမြီမှာ ဒေါ်လာ ခုနစ်ဘီလျံ ရှိနေမှုကြောင့် ယခင်ကတည်းက ယိမ်းယိုင်နေသည့် စီးပွားရေးကို ခေါင်းမထောင်နိုင်သည့် အခြေအနေတွင် ဆက်ရှိနေစေခဲ့သည်။ လူသုံးကုန်ပစ္စည်းစျေးနှုန်းမှာလည်း မြင့်တက်ခဲ့ကာ ပြီးခဲ့နှစ်သည့် မတ်လနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်မတ်လအတွင်း လူသုံးကုန်ပစ္စည်းစျေးနှုန်း ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

 

ပြည်သူတွေ ဘာကြောင့် ဆန္ဒပြ

လွန်ခဲ့သည့်သုံးနှစ်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ရာဂျာပက်ဆာကို မဲပေးခဲ့သည့် သီရိလင်္ကာပြည်သူများသည် လက်ရှိတွင် စားဝတ်နေရေးအကျပ်အတည်း နှင့် ကြုံတွေ့ခံစားနေရသည်။ အစိုးရသည် စွမ်းအင်ထောက်ပံ့မှုများအတွက် ငွေပေးချေရန် ရုန်းကန်နေရသဖြင့် မတ်လကတည်းက စပြီး နေ့စဉ်နေ့တိုင်း လျှပ်စစ်ဓာတ်အား  လျှော့ချဖြတ်တောက်မှုနှင့်အတူ ဧပြီလအတွင်းတွင် တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၁၃ နာရီ ဖြတ်တောက်နေသဖြင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများမှာ အခက် အခဲများနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ဆီဆိုင်များတွင်လည်း ဆီဖြည့်ရန် လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရ သကဲ့သို့ နေ့စဉ်လိုအပ်သည့် အခြေခံစား သောက်ကုန်များမှာလည်း ပြတ်လပ်နေကာ ဝယ်ယူရရှိနိုင်သည့် ကုန်ပစ္စည်းများမှာလည်း စျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့သည်။

ယင်းအခြေအနေများကြောင်း လူထုအကြား မကျေနပ်ချက်များသည် မတ်လ ၃၁ ရက်ညပိုင်းတွင် ပေါက်ကွဲထွက်လာခဲ့ကာ ဆန္ဒပြသူများသည် ကိုလံဘိုမြို့တော်ရှိ သမ္မတ အိမ်တော်ကိုဝင်ရောက်ရန် ကြိုးပမ်းသည့် အခြေအနေအထိ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် အဓိကရုန်းဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက ရာဂျာပက်ဆာကို သမ္မတရာထူးမှ ဆင်းပေးရန် အော်ဟစ်တောင်းဆို ခဲ့ကြသည်။

 

အစိုးရ၏ တုံ့ပြန်မှု

အစိုးရအမိန့်ပြန်တမ်းများကို ညအချိန်များတွင်သာ ထုတ်ပြန်လေ့ရှိသည့် ရာဂျာပက်ဆာကမူ သူ့ထုံးစံအတိုင်း မတ် ၃၁ ညပိုင်းတွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေနှင့် ကာဖျူးမိန့်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အစိုးရသည် You Tube၊ WhatsApp နှင့် Facebook ကဲ့သို့ လူမှုမီဒီယာများကို ၁၃ နာရီကြာ ပိတ်ပင်ခဲ့ပြီး အများပြည်သူ တည်ငြိမ်အေးချမ်းရေးအတွက် ယင်းသို့ ပိတ်ပင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းလုပ်ဆောင်ချက်သည် လူမှုမီဒီယာများမှတစ်ဆင့် ဆန္ဒပြမှုများ ပျံ့နှံ့ဖြစ်ပွားမည့် အခြေအနေကို တားဆီးရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သည်။

ကာဖျူးမိန့်ထုတ်ပြန်ခဲ့သည့်တိုင် သီရိလင်္ကာနိုင်ငံသားများသည် ရာဂျာပက်ဆာကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုများဆက်လက် လုပ်ဆောင်ခဲ့ပြီး “ဂိုတာ အိမ်ပြန်တော့” ဟု အဓိပ္ပာယ်ရသည့် “Gota go home” ဆိုသည့် စကားလုံးသည် Twitter တွင် လူသုံးများသည့် စကားလုံးဖြစ်လာခဲ့သည်။

၂၀၂၀ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ အုပ်ချုပ်ရေးအာဏာများကို အလုံးစုံကိုင်ဆွဲထားသည့် ရာဂျာပက်ဆာကမူ လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းအား ဖြေရှင်းရန် အတူတကွ ပူးပေါင်းလုပ်ဆောင် ရေးအတွက် အတိုက်အခံများကို ကမ်းလှမ်းခဲ့သည်။ အတိုက်အခံများကမူ ယင်းကမ်းလှမ်းချက်အစား ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်ကို ပြန်လည်ရုပ်သိမ်းရန်သာ တောင်းဆိုနေသည်။

အိန္ဒိယတောင်ဘက်စွန်းရှိ သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်က ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီး ချိန်ကတည်းက နိုင်ငံအတွင်း အကြီးမားဆုံး အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ သီဟိုဋ်များကြီးစိုးသည့် အစိုးရအဖွဲ့နှင့် ခွဲထွက်ရေး တမီးလ်ကျားလွတ် မြောက်ရေးလက်နက်ကိုင်အဖွဲ့အကြား လူပေါင်း ၁၀၀၀၀၀ ခန့်သေဆုံးခဲ့သည့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။

၁၉၈၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယင်းပြည်တွင်းစစ်တွင် အစိုးရက အနိုင်ရရှိခဲ့ပြီး ယင်းပြည်တွင်းစစ်အတွင်း နှစ်ဖက်လုံးမှ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ စစ်တပ်အရာရှိ ဟောင်းဖြစ်သည့် ရာဂျာပက်ဆာကို ပြည်တွင်းစစ်အတွင်း သူရဲကောင်းတစ်ဦးအဖြစ် မဲဆန္ဒရှင်များက ရှုမြင်ခဲ့ကြပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သီရိလင်္ကာသည် တရုတ်နှင့် အိန္ဒိယအကြား သြဇာလွှမ်းမိုးရေးအတွက် ယှဉ်ပြိုင်နေသည့် စစ်တုရင်ခုံသဖွယ် ဖြစ်နေသည်။ ရာဂျာပက်ဆာနှင့် အစိုးရအဖွဲ့အတွင်းမှ ၎င်း၏ မိသားစုဝင်များကမူ တရုတ်ဘက်သို့ ယိမ်းသည့် သဘောထားမျိုး ပြသခဲ့ကြသည်။

မည်သို့ပင်ဆိုစေ လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းနှင့် အခြေအနေအရပ်ရပ်ကြောင့် သီရိလင်္ကာ၏ မူဝါဒရေးဆွဲသူများသည် စီးပွားရေးအထောက်အပံ့အတွက် အိန္ဒိယကိုလည်း ကပ်နေရသည့် အနေအထား မျိုးတွင်ရှိနေသည်။ ရင်းနှီးမြှုပ်နှံသူများကလည်း ချေးငွေအကူအညီနှင့်ပတ်သက်ပြီး သီရိလင်္ကာအာဏာပိုင်များနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြား ဆွေး0နွေးမှု များကို စောင့်ကြည့်နေသည်။

ထို့ကြောင့် ရာဂျာပက်ဆာသည် ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲရန်နှင့် နိုင်ငံခြားငွေကြေးကို ချွေတာရန် အောင်မြင်မှုမရှိသည့် ၎င်း၏ ခြိုးခြံချွေတာရေးအစီအစဉ်များကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် IMF ၏ချေးငွေအကူအညီဖြင့် အကျပ်အတည်းနွံထဲမှ ရုန်းထွက်နိုင်ခြင်း ရှိ၊ မရှိကိုစောင့် ကြည့်ရမည်ဖြစ်သည်။   

Ref:Bloomberg


READ NEXT
Cancel OK