Top News

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
24htopnews | September 16, 2024 1:12 PM CST

ရီးယဲလ်မက်ဒရစ် နှင့် ကလပ်ဘရုဂေး (အင်္ဂါည ၁၁း၂၅ နာရီ)

ကလပ်ဘရုဂေးက အဖွင့်ပွဲတုန်းက သရေကျခဲ့ပြီး ရီးယဲလ်ကတော့ ပါရီမြေမှာ ဂိုးပြတ်ရှုံးခဲ့တာကို ပြန်အဖတ်ဆယ်ရမယ့်ပွဲပါ။ ဒါပေမဲ့ ဒီရာသီမှာ ရီးယဲလ်ရဲ့တိုက်စစ်ပိုင်းက အားရစရာမရှိဘူး။ ဟာဇက်လည်း ဂိုးရဖို့၊ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို၊ ဘေးလ်ရဲ့ ဂိုးသွင်းအားကလည်း သိသိသာသာကျသွားလို့ ဘန်ဇီမာတစ်ဦးတည်းအပေါ် မှီခိုရသလိုဖြစ်နေတယ်။ ဒီပွဲက မက်ဒရစ်မြေမှာ ကစားရမှာဖြစ်ပြီး ခြေကွာ၊ လူကွာ၊ အမှတ်ကလည်း အသည်းအသန်လိုအပ်နေလို့ ရီးယဲလ်နိုင်ဖို့ သေချာပါတယ်။ ဒါပေမဲ့ (၂-၀)လောက်ပဲဖြစ်လိမ့်မယ်။

အတ္တလန်တာ နှင့် ရှက်တာဒိုးနက် (အင်္ဂါည ၁၁း၂၅ နာရီ)

ဒိုင်နမိုဇာဂရက်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ အတ္တလန်တာရဲ့ ဥရောပခရီးက အထင်သေးစရာပဲ။ ဒါပေမဲ့ အတ္တလန်တာလိုအသင်းမျိုးအတွက် နှစ်ပေါင်းများစွာအတွင်းမှာ ချန်ပီယံလိဂ်ပွဲတစ်ပွဲကို ပထမဆုံးကစားရတာ၊ အဝေးကွင်းဖြစ်နေတာတွေက ဖိအားများစေခဲ့ပုံပေါ်တယ်။ လူအင်အားအရရော၊ ကစားပုံအရရော ဒီလောက်အားမနည်းပါဘူး။ အခုအိမ်ကွင်းမှာတော့ အတ္တလန်တာရဲ့ ပုံစံကောင်းကို ပြန်မြင်ရမယ်ထင်တယ်။ ရှက်တာဒိုးနက်ကတော့ အဖွင့်ပွဲမှာ မန်စီးတီးကို ရှုံးခဲ့ပြီးနောက် ထပ်ရုန်းကန်ရဦးမယ့် ပွဲတစ်ပွဲပါပဲ။

ဂါလာတာစာရေး နှင့် PSG (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

PSG အတွက်တော့ ဂါလာတာစာရေးဆိုတာ အိမ်ကွင်း၊ အဝေးကွင်း စဉ်းစားနေစရာအသင်းမဟုတ်ပါဘူး။ ဂါလာတာစာရေးက အဖွင့်ပွဲတုန်းက ကလပ်ဘရုဂေးရဲ့ကွင်းမှာ ဂိုးမရှိသရေကစားခဲ့တာ ချီးကျူးစရာပါ။ ဒါပေမဲ့ အခုကစားမယ့်ပွဲနဲ့ အရမ်းကွာသွားတယ်။ နေမာ ပွဲပယ်ခံထားရပေမယ့် ဘာပေလည်း ပြန်ကစားနိုင်တော့မှာဖြစ်လို့ PSG လူစုံပြီလို့ ပြောလို့ရတယ်။ ရီးယဲလ်ကို ဂိုးပြတ်နိုင်ခဲ့သလို၊ ဒီပွဲလည်း PSG ဂိုးပြတ်သွင်းလိမ့်မယ်။

စပါး နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

စပါးက အဖွင့်ပွဲတုန်းက အဝေးကွင်းမှာ (၂)ဂိုးအသာရခဲ့ပြီးမှ အခွင့်အရေးကိုဆုပ်ကိုင်မထားနိုင်ဘဲ သရေကျခဲ့တယ်။ ဒီ ရာသီစပါးရဲ့ ရလဒ်တွေကလည်း ယုံနိုင်စရာမရှိအောင် ယိမ်းယိုင်နေတာတွေ့ရပြီး၊ ရိုလာကိုစတာရာသီတစ်ခုကိုဖြတ်သန်းနေရတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ စပါးကို သိပ်မြင်ရလေ့မရှိတဲ့ပုံစံဖြစ်ပြီး အသင်းတွင်း အသေးစားပြဿနာတွေလည်းရှိနေတာကိုတွေ့ရတယ်။ ဘိုင်ယန်မြူးနစ်က အဖွင့်ပွဲတုန်းက ဂိုးပြတ်နိုင်ခဲ့သလို လက်ရှိရလဒ်ပိုင်းကလည်း အရမ်းကောင်းနေတယ်။ ကိုဗက်နဲ့လက်တွဲခဲ့တဲ့ အချိန်တစ်လျှောက်လုံးမှာ လက်ရှိ ဘိုင်ယန်မြူးနစ်က အကောင်းဆုံးအချိန်ဖြစ်ပြီး ကော်တင်ဟိုကလည်း အသင်းအတွက် အကျိုးပြုနေတာတွေ့ရတယ်။ ဒါပေမဲ့ အဖက်ဖက်က ခြုံကြည့်ရင် စပါးရဲ့ချန်ပီယံလိဂ်အိမ်ကွင်းရလဒ်က မညံ့သလို၊ ရီးယဲလ်၊ ဒေါ့မွန်တို့လိုအသင်းတွေကိုလည်း အိမ်ကွင်းမှာ ဒုက္ခပေးခဲ့ဖူးတယ်။ ဘိုင်ယန်မြူးနစ်က ခြေစွမ်းပိုင်း၊ တိုက်စစ်ပိုင်း၊ လက်ရှိရလဒ်ပိုင်းအရ ပိုအားသာတဲ့အခြေအနေရှိပေမယ့် စပါးကွင်းမှာတော့ အနိုင်ရဖို့ ခက်ခဲပါတယ်။ သရေလောက်ဆိုရင် ဘိုင်ယန်ကျေနပ်သင့်တယ်။

ဇဗက်ဒါ နှင့် အိုလံပီယာကော့စ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်ကွင်းမှာ (၃)ဂိုးပြတ် ရှုံးခဲ့တယ်ဆိုပေမယ့် ဒီရလဒ်က ဇဗက်ဒါအတွက်တော့ လက်ခံလို့ရတဲ့ ရလဒ်မျိုးလို့ ဆိုရမှာဖြစ်တယ်။ အိုလံပီယာကော့စ်ကတော့ အဖွင့်ပွဲမှာ စပါးဆီက သရေတစ်မှတ်ကို ခက်ခက်ခဲခဲယူထားပြီး ဒီပွဲမှာ နိုင်ပွဲ ရှာဖို့ ကြိုးစားမှာပါ။ ဒီနှစ်သင်းတွေ့တဲ့ပွဲက အသင်းကြီးတွေနဲ့ ကစားရတဲ့ပွဲတွေထက် ပိုအရေးကြီးနေပြီး အုပ်စုတတိယနေရာကိုလုရမယ့် ပွဲစဉ်တွေလည်းဖြစ်တယ်။ ဒါပေမဲ့ ခြေစွမ်းရော၊ အတွေ့အကြုံပိုင်းအရပါ အိုလံပီယာကော့စ်မရှုံးနိုင်ဘူး။

မန်စီးတီး နှင့် ဒိုင်နမိုဇာဂရက် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက အဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ပွဲရထားကြတယ်။ စီးရီးအေမှာ အသင်းကြီးစာရင်းဝင်အသင်းတစ်သင်းလိုဖြစ်နေတဲ့ အတ္တလန်တာလို  အသင်းမျိုးကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်ရဲ့စွမ်းဆောင်ရည်က အံ့သြစရာပါ။ ခြေစစ်ပွဲအဆင့်တွေမှာတောင်  ဒီလောက်မကောင်းခဲ့ဘဲ အုပ်စုအဆင့်မှာ အကောင်းဆုံးပုံစံကိုပြခဲ့တာဖြစ်တယ်။ မန်စီးတီးကတော့ ဒီအုပ်စုမှာအသင်းတိုင်းနဲ့အဆင့်အရမ်းကွာပါတယ်။ ဒီပွဲလည်း မန်စီးတီး ဂိုးပြတ်သွင်းဦးမှာပဲ။

လိုကိုမိုးတစ်မော်စကို နှင့် အက်သလက်တီကို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုက အဖွင့်ပွဲတုန်းက ဂျူဗင်တပ်စ်ကို ကံကောင်းလို့ မရှုံးခဲ့တာဖြစ်ပြီး လိုကိုမိုးတစ်ကတော့ လေဗာကူ ဆင်လိုအသင်းမျိုးကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အနိုင်ယူခဲ့ တာကိုတွေ့ရတယ်။ အခု အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အက် သလက်တီကိုဆီကလည်း အမှတ်ယူဖို့ ကြိုးစားဦးမှာပါ။ ဒါပေ  မဲ့ အက်သလက်တီကိုက အနိုင်ယူဖို့ခက်ပြီး မာကျောတယ်။ တစ်ဦးချင်းအရည်အသွေးမြင့်သူတွေလည်း ပိုင်ဆိုင်ထားလို့ (၀-၁)လောက်နဲ့ ကပ်နိုင်မယ်ထင်တယ်။

ဂျူဗင်တပ်စ် နှင့် လေဗာကူဆင် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုမက်ဒရစ်ကွင်းမှာ နိုင်ပွဲရခဲ့သင့်လျက်နဲ့ သရေကျခဲ့တာ ဂျူဗင်တပ်စ်နစ်နာပါတယ်။ ဒါပေမဲ့ ဒီပွဲကတော့ အိမ်ကွင်းဖြစ်နေလို့ အခွင့်အရေးပိုရှိတယ်။ အထူးသဖြင့် လေဗာကူဆင်ရဲ့ အဝေးကွင်းအားနည်းမှုက ဂျူဗင်တပ်စ်ကို အားသာစေမှာပါ။ ဂျူဗင်တပ်စ် (၂-၀)လောက်ဖြစ်မယ်။

 


READ NEXT
Cancel OK