Top News

ဘွန်ဒစ်လီဂါ ၃၅ ပွဲတွင် ဟာရီကိန်း၏ ဂိုးပါဝင်ပတ်သက်မှု ၅၁ ဂိုးအထိရှိလာပြီး ဟာလန်းတင်ရှိထားသည့်စံချိန်ကို ကျော်ဖြတ်
24htopnews | September 16, 2024 12:12 AM CST

 

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ဟော်စတိုင်ကီလ်အသင်း နှင့်ပွဲ၌ ဟက်ထရစ်သွင်းယူပြီးနောက် ဘွန်ဒစ်လီဂါ ၃၅ ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ၅၁ ဂိုးအထိရှိလာပြီး ဟာလန်းတင်ရှိထားသည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါပွဲစဉ် (၃) တွင် ဘိုင်ယန်မြူးနစ်အသင်းက တန်းတက်ဟော်စတိုင်ကီလ် အသင်းအား အဝေးကွင်း၌ (၁-၆) ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရခဲ့သည်။ ဟာရီကိန်းသည် ပွဲအစ ၁၃ စက္ကန့်မှာပင် မူဆီယာလာသွင်းယူသည့် ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ၇၊ ၄၃၊ ၉၀+၁ (ပယ်နယ်တီ) မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ၎င်းအနေဖြင့် ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ၃၅ ပွဲကစားပြီးနောက် ဂိုး ၄၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားပြီး ဂိုးပါဝင်ပတ်သက်မှု ၅၁ ဂိုးအထိ ရှိလာပြီဖြစ်သည်။ Opta ၏ မှတ်တမ်းအရ ဘွန်ဒစ်လီဂါ ပြိုင်ပွဲ၌ အချက်အလက်များ စတင်ကောက်ယူသည့် ၂၀၀၄-၂၀၀၅ ရာသီမှစ၍ ဂိုးပါဝင်ပတ်သက်မှု ၅၀ ပြည့်မြောက်သူများအနက် အမြန်ဆုံးအဖြစ် ဒေါ့မွန်အသင်း တိုက်စစ်မှူးဟောင်း  အာလင်းဟာလန်း (ယခုမန်စီးတီး) က ၄၄ ပွဲဖြင့် မှတ်တမ်းဝင်ထားပြီး ဟာရီကိန်းက ၃၅ ပွဲကစားအပြီးမှာပင် ကျော်ဖြတ်၍ စံချိန်သစ် တင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဟာရီကိန်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရသည့် ၁၈ သင်းစလုံးကို ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူးဟောင်း မီရိုဆလပ်ဗ်ကလိုဆေးက ပြိုင်ဘက် ၂၈ သင်းစလုံးကို ဂိုးသွင်းယူ၍ စံချိန်တင်ထားသည်။

ယင်းပွဲတွင် မူဆီယာလာသွင်းယူခဲ့သည့် အဖွင့်ဂိုးမှာလည်း အသင်းသမိုင်းတစ်လျှောက် ဘွန်ဒစ်လီဂါပွဲစဉ်များ၌ ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် အမြန်ဆုံးဂိုးသွင်းယူထားသူမှာ ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ဂျီယိုဗန်နီအယ်လ်ဘာဖြစ်ပြီး ၁၉၉၈ ခုနှစ်က ဟမ်းဘတ်အသင်းနှင့်ပွဲ၌ ပွဲအစ ၁၁ စက္ကန့်မှာပင် သွင်းယူခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK