Top News

အစိုးရက ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်လျှင် ဥရောပပြိုင်ပွဲများမှ ထုတ်ပယ်ခံရနိုင်ကြောင်း UEFA က ဗြိတိန်အစိုးရထံ အကြောင်းကြားစာပေးပို့
24htopnews | September 15, 2024 11:12 PM CST

 

အစိုးရက ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှုရှိလျှင် ဥရောပပြိုင်ပွဲများမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဗြိတိန်အစိုးရထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

ဗြိတိန်အစိုးရက အင်္ဂလန်ရှိ အမျိုးသား ထိပ်တန်းလိဂ်ပြိုင်ပွဲငါးခုကို ကြီးကြပ်မည့် အဖွဲ့တစ်ခုဖွဲ့စည်းရန် ဥပဒေကြမ်းအား ဇူလိုင်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဘောလုံးစောင့်ကြည့်ရေးအဖွဲ့သည် ကလပ်အသင်းများ၏ ဘဏ္ဍာရေးဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေရန် ဆောင်ရွက်၍ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။ 

သို့ သော် အစိုးရအနေဖြင့် ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှု မလုပ်သင့်ကြောင်း UEFA အထွေထွေအတွင်းရေးမှူး သီအိုဒေါသီအိုဒိုရီဒစ်က ဗြိတိန်ယဉ်ကျေးမှုဝန်ကြီး လီဆာနန်ဒီထံ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီမှာ စိုးရိမ်စရာတွေရှိ နေပါသေးတယ်။ ပုံမှန်အားဖြင့် ဘောလုံးစည်းမျဉ်းကို ဘောလုံးအဖွဲ့ချုပ်ကပဲ စီမံခန့်ခွဲရမှာပါ။ ကျွန်တော်တို့ စိုးရိမ်နေတာတစ်ခုက UEFA ရဲ့ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါက အစိုးရဟာ ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှု မရှိစေရေးပါပဲ။ အားကစားလောကရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အားကစားယှဉ်ပြိုင်မှုရဲ့ တရားမျှတမှုရှိရေးတို့ကို အာမခံနိုင်စေဖို့အတွက် အဲဒါကိုကာကွယ်နိုင်မယ့် သီးခြားစည်းမျဉ်းတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။  အဆုံးစွန်သောအရေးယူမှုက UEFA ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ အသင်းတွေကို ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းပါပဲ" ဟု သီအိုဒိုရီဒစ်၏ အကြောင်းကြားစာတွင် ရေးသားထားသည်။

အဆိုပါအကြောင်းကြားစာကို ဗြိတိန်အစိုးရက တုံ့ပြန်ခြင်းမရှိသေးသော်လည်း ယဉ်ကျေးမှုဝန်ကြီး နန်ဒီက အစိုးရနှင့် ဘောလုံးအာဏာပိုင်အဖွဲ့အစည်း နှစ်ဖက်စလုံးအနေဖြင့် တရားမျှတ၍ သင့်လျော်သောစနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်အတွက် ပါဝင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် သတင်းရင်းမြစ်များ၏ ပြောကြားမှုအရ UEFA အနေဖြင့် အင်္ဂလန်လက်ရွေးစင် အသင်းအပါအဝင် အင်္ဂလန်ကလပ်အသင်းများအား အရေးယူမည့် အန္တရာယ်မရှိသေး ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ဘောလုံးလောကအပေါ် အစိုးရက ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ထားပြီး ဘောလုံးအဖွဲ့ချုပ်များမှာ နိုင်ငံရေးလွှမ်းမိုးမှု လွတ်ကင်း၍ လွတ်လပ်မှုရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ အင်္ဂလန်နိုင်ငံအနေဖြင့် ယူရို-၂၀၂၈ ပြိုင်ပွဲကို မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်တို့နှင့် ပူးတွဲကျင်းပခွင့်ရထားသည်။


READ NEXT
Cancel OK