Top News

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန် နုတ်ထွက်စာတင်ထားကြောင်း သတင်းများထွက်ပေါ်နေ
24htopnews | September 15, 2024 5:12 PM CST

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်သည် ရာထူးမှနုတ်ထွက်ရန် စာတင်ထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ဘယ်လ်ဂျီယံနိုင်ငံသား နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်သည် ယခုလအတွင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ နုတ်ထွက်စာတင်ထား ခြင်းဖြစ်ပြီး MFF အနေဖြင့် လက်ရှိအချိန်ထိ အဲရစ်အာဗရန်၏ နုတ်ထွက်စာအပေါ် ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

''အဲဒီသတင်းက လတ်တလောထုတ်ပြန်ပေးလို့မရသေးတဲ့ အနေအထားဖြစ်ပါတယ်။ လတ်တလောကတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်ပြောလို့မရသေးပါဘူး''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports ၏ သွားရောက်တွေ့ဆုံမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်၏ လက်ရှိအခြေအနေကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဲရစ်၏နုတ်ထွက်စာကို လက်ခံခဲ့ပါက နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာရန် မလွယ်ကူသဖြင့် လတ်တလောတွင် ဆုံးဖြတ်ဦးမည်မဟုတ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာအဖြစ် စတင်ခန့်အပ် ခံခဲ့ရသည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် လေးနှစ်တာစီမံကိန်းနှင့်အတူ အဲရစ်အာဗရန်က မြန်မာ့လက်ရွေးစင်အသင်းများအတွက် ၎င်း၏စီမံကိန်းများကို မီဒီယာများသို့ ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာ ယူ-၂၂ အသင်း (၄-၃-၃) ကစားကွက်ဖြင့် မအောင်မြင်ခြင်းနှင့်အတူ နည်းစနစ်ကော်မတီအဖွဲ့အတွင်း အဲရစ်အာဗရန်၏ အခန်းကဏ္ဍ လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဲရစ်အာဗရန်၏ လေးနှစ်တာစီမံကိန်းနှင့်အတူ ခန့်အပ်ခဲ့သော ရာဒူလိုဗစ်နှင့်လည်း လမ်းခွဲခဲ့ပြီး ၎င်းမတိုင်မီလမ်းခွဲခဲ့သော ဂျာမန်နည်းပြချုပ် အန်တွမ်နီဟေးကို မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အသစ်ဖွဲ့စည်းထားသည့် နည်းစနစ်ကို ပြင်ဆင်ဖွဲ့စည်းရန်အတွက် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။

 

 


READ NEXT
Cancel OK