Top News

မြေပြင်ဝင်ရောက်ကျူးကျော်မှုလုပ်ဆောင်ရန် ပြင်ဆင်နေသော အစ္စရေးက ဂါဇာအရပ်သားအားလုံး ၂၄ နာရီအတွင်း ဂါဇာတောင်ပိုင်းကိုပြောင်းရွှေ့ရန် ညွှန်ကြား
24htopnews | September 13, 2024 9:12 AM CST

မြေပြင် ကျူးကျော် ဝင်ရောက်မှုမပြုလုပ်မီ အစ္စရေးကတင့်ကားများကို ဂါဇာကမ်းမြောင်အနီးတွင် စုထား လိုက်ပြီဖြစ်သောကြောင့် ဂါဇာအရပ်သားအားလုံး ၂၄ နာရီအတွင်း မြို့၏တောင်ပိုင်းကို ရွှေ့ရန် အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးက ပြောကြားလိုက်သည်။

ပါလက်စတိုင်းစစ်သွေးကြွများက အစ္စရေးသမိုင်းတွင်သွေးထွက်သံယိုအများဆုံး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို ဆက်လက် ဗုံးကြဲနေချိန် အောက်တိုဘာ ၁၂ ရက်တွင် အစ္စရေးကာ ကွယ်ရေးဝန်ကြီးယိုအက်ဂါးလန့်က “ယခု အချိန်သည် စစ်ပွဲအတွက် အချိန်ရောက်ပြီ”ဟု ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် လာမည့်ရက်ပိုင်းတွင် ဂါဇာမြို့၌ စစ်ဆင်ရေး ထိရောက်စွာလုပ်မည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်ထုတ်ပြန်မှသာ အရပ်သားများ ပြန်လာကြရမည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့မည့် ဂါဇာအရပ်သားအရေအတွက်သည် တစ်သန်းကျော်ရှိသည်။ နေရာပြောင်းခြင်းသည် လူဦးရေ ၁ ဒသမ ၁ သန်း သို့မဟုတ် ဂါဇာလူ ဦးရေ ၂ ဒသမ ၃ သန်း၏ တစ်ဝက်နီးပါးကို သက်ရောက်လိမ့်မည်ဟု ကုလသမဂ္ဂကထုတ်ပြန်သည်။

ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပွားခြင်းမရှိဘဲ လူတစ်သန်းကျော်နေရာပြောင်းခြင်းသည် ဖြစ်နိုင်လိမ့်မည်မဟုတ် ကုလသမဂ္ဂက ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

“အဲဒီလိုအမိန့်မှန်သမျှ ထုတ်ပြန်တယ် ဆိုတာမှန်ရင် အမိန့်ကို ပြန်ရုပ်သိမ်းဖို့ ကုလသမဂ္ဂဟာ ခိုင်ခိုင်မာမာ မေတ္တာရပ်ခံပါတယ်။ အဲဒါဟာဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲ သွားနိုင်တာကြောင့်ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖိိန်းဒူဂျာရစ်က ဖော်ပြထားသည်။

ဂါဇာမြို့ခံများအတွက် အစ္စရေးထုတ်ပြန်ချက်ကို ကုလသမဂ္ဂ၏ တု့ံပြန်မှုသည် ရှက်စရာကောင်းသည်ဟု ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ဂီးလတ်အာဒန်က ပြောကြားခဲ့သည်။

ဂါဇာမြို့ခံများ နေရာပြောင်းရန် သတိပေးချက်သည် ၀ါဒဖြန့်မှုအတုဖြစ်ပြီး ယင်းသတိပေးချက်ကို လိုက်နာခြင်းမပြုရန် ဟားမာ့စ်တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားသည်။

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုများကို ဦးဆောင်ပြုလုပ်ခဲ့သော ဟားမာ့စ်စစ်သွေးကြွအုပ်စုကို အပြတ်အသတ်ချေမှုန်းပစ်မည်ဟု အစ္စရေးက ပြောကြားထားသည်ဆိုသော်လည်း ဂါဇာကို မြေပြင် ဝင်ရောက်ကျူးကျော်မှုသည် အလေးအနက်ထားရမည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။ ဟားမာ့စ်တို့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဓားစာခံအများအပြားကို ဖမ်းဆီးထားသောကြောင့် ဂါဇာကို မြေပြင် ကျူးကျော်ဝင်ရောက်မှုသည် အန္တရာယ်ရှိနေသည်။

အစ္စရေးတွင် သေဆုံးသူ ၁,၃၀၀ ကျော် အထိ ရောက်ရှိလာသည်ဟု ပြည်သူပိုင်ရုပ်သံ Kan က ဖော်ပြခဲ့သည်။ ဖြစ်ပွားနေဆဲပဋိပက္ခအတွင်းပါလက်စတိုင်း ၁,၅၀၀ ကျော်သေဆုံးသွားသည်ဟု ဂါဇာတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

Ref: Reuters


READ NEXT
Cancel OK