Top News

ငြိမ်းချမ်းရေး သဘောတူညီမှုရရှိခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုလံဘီယာသို့ သွားရောက်
24htopnews | October 14, 2024 10:12 AM CST

ဆယ်စုနှစ် ခြောက်ခုနီးပါး ကြာမြင့်ခဲ့သည့် အထိအခိုက်များပြားခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သည့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိမှု ငါးနှစ်ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ တစ်ရက်အလိုတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ကိုလံဘီယာ နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ ၎င်းသဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းမှုများကိုလည်း ၎င်းကချီးကျူးပြောဆိုခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၂ ရက် နှောင်းပိုင်းက တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာသို့ ရောက်ရှိလာခဲ့သည့် ဂူတာရက်စ်က ကိုလံဘီယာသည် ကံအကြောင်းမလှစွာဖြင့် စစ်၏အနိဌာရုံများနှင့်ကြုံတွေ့နေရသည့် ကမ္ဘာကြီးတွင် ခိုင်မာတည်တံ့သော ငြိမ်းချမ်းရေးအတွက် အလွန်အရေးပါသည့် စံနမူနာဖြစ်သည်ဟု ချီးကျူးခဲ့သည်။

“ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ နိုင်ငံတစ်နိုင်ငံဆီ သွားရောက်ရတာဟာ သိပ်ကိုအရေးပါပါတယ်” ဟု ကိုလံဘီယာသို့ နှစ်ရက်ကြာ သွားရောက်မည့် ခရီးစဉ်မတိုင်မီ သတင်းထောက်များကို ၎င်းကပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်သည် ကိုလံဘီယာ အစိုးရနှင့် မာ့စ်ဝါဒီ ကိုလံဘီယာ တော်လှန်ရေးတပ် (FARC) ပြောက်ကျားသူပုန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ခဲ့သည့် ငါးနှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကြောင့် နှစ်စဉ်လူထောင်ချီ သေဆုံးခဲ့ရသည့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ခဲ့ပြီးနောက် အင်အား ၁၃,၀၀၀ ခန့်ရှိသည့် FARC သူပုန်အဖွဲ့ဝင်အများစုသည် လက်နက်ဖျက်သိမ်းခဲ့ကြသည်။ သို့ရာတွင် နိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဒေသများတွင်မူ ရာနှင့်ချီသည့် တိုက်ခိုက်ရေးသမား အချို့က လက်နက်ကိုင်စွဲကာ လှုပ်ရှားနေကြဆဲ ဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် နိုင်ငံအနောက်မြောက်ပိုင်းရှိ အန်တီယိုကွီယာ ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကာ FARC သူပုန်အဖွဲ့ဝင်ဟောင်းများကို လေ့ကျင့်ပျိုးထောင်ကာ ငြိမ်းချမ်းသော လူနေမှုပုံစံသို့ ပြန်လည်ရောက်ရှိစေခဲ့သည့်နေရာသို့ သွားရောက်လည်ပတ်မည်ဟု သိရသည်။

ယင်းခရီးစဉ်တွင် ဂူတာရက်စ်နှင့်အတူ ကိုလံဘီယာသမ္မတ အီဗန်ဒူကေးလည်း လိုက်ပါမည်ဖြစ်ကာ တီမိုချန်ကို ဟုလည်း လူသိများသည့် FARC သူပုန်တပ်မှူးဟောင်း ရိုဒရီဂိုလန်ဒိုနိုနှင့်လည်း တွေ့ဆုံသွားဖွယ်ရှိသည်။

နိုဝင်ဘာ ၂၄ ရက်တွင် ဂူတာရက်စ်သည် ဘိုဂိုတာမြို့ရှိ Special Jurisdiction for Peace (JEP) တွင် ပြုလုပ်မည့် အခမ်းအနားတစ်ခုသို့ တက်ရောက်မည်ဖြစ်သည်။ စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ၎င်းတရားရေး အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

FARC သူပုန် အဖွဲ့ဝင်ဟောင်းများသည် နိုင်ငံရေးပါတီငယ်တစ်ခုကို တည်ထောင်ခဲ့သည်။ သို့ရာတွင် ပြိုင်ဘက်အုပ်စုများ၊ အမြင်သဘောထားမတူသည့် လက်နက်ကိုင်စွဲနေဆဲ အဖွဲ့ဝင်ဟောင်းများ၏ လက်ချက်ဖြင့် သူပုန်အဖွဲ့ဝင်ဟောင်း ၂၉၃ ဦးခန့် သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။


READ NEXT
Cancel OK