Top News

တရုတ်၏ ဟိုက်ပါဆောနစ် ဒုံးကျည်စမ်းသပ်မှုအတွင်း ဒုတိယဒုံးကျည်တစ်စင်း ပစ်လွှတ်မှုကိုပါ တစ်ပါတည်း လုပ်ဆောင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြ
24htopnews | October 14, 2024 10:12 AM CST

ဇူလိုင်လထဲတွင် တရုတ်က ကမ္ဘာကို လှည့်ပတ်ပျံသန်းခဲ့သည့် ဟိုက်ပါဆောနစ် ဒုံးလက်နက်စမ်းသပ်မှုတွင် မြန်နှုန်းမြင့် သွားလာနေသည့် ဒုံးပစ်ယာဉ်မှ သီးခြားဒုံးကျည်ပစ်လွှတ်မှုလည်း ပါဝင်ခဲ့သည်ဟု Financial Times နှင့် ဝေါလ်စထရိဂျာနယ်တို့၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုအရ တရုတ်၏ နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဒုံးလက်နက်များ တီထွင်မှုသည် မျှော်လင့်ထားသည့်ထက်ပင် ပိုမိုအဆင့်မြင့်မားနေခဲ့ပြီး ပင်တဂွန် တာဝန်ရှိသူများကိုလည်း အံ့အားသင့်စေခဲ့သည်ဟု ၎င်းသတင်းစာ နှစ်စောင်တွင် ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့သည် ယင်းကဲ့သို့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ဖူးခြင်း မရှိပေ။ ယင်းသို့လုပ်ဆောင်ရာတွင် အသံ၏အမြန်နှုန်းထက် ငါးဆပိုမြန်သည့် အရှိန်ဖြင့် သွားနေသော ဒုံးပစ်ယာဉ်မှ ဒုံးကျည်ပစ်လွှတ်ပြရန် လိုအပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ၎င်းစမ်းသပ်မှုနှင့် ပတ်သက်ပြီး အဦးဆုံးရေးသားဖော်ပြခဲ့သည့် Financial Times သတင်းစာ၏ အဆိုအရ အမေရိကန် စစ်တပ်မှ ကျွမ်းကျင်သူများသည် တရုတ်အနေဖြင့် ဟိုက်ပါဆောနစ် လက်နက်များ အပြိုင်အဆိုင် တပ်ဆင်ရာတွင် ပြိုင်ဘက်များထက် ရှေ့ရောက်စေခဲ့သည့် အဆိုပါ နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်လာရန် အလို့ငှာ မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို သိရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။ ဝေါလ်စထရိဂျာနယ်ကလည်း နိုဝင်ဘာ ၂၂ ရက်တွင် အဆိုပါသတင်းကို အတည်ပြုခဲ့သည်။

ဇူလိုင် ၂၇ ရက်တွင် တရုတ်က ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ခဲ့ချိန်ကတည်းက အနောက်နိုင်ငံများ၏ အစိုးရတာဝန်ရှိသူများကို အံ့အားသင့်စေခဲ့သည်ဟု သိရသည်။

ယင်းစမ်းသပ်မှုတွင် တာဝေးပစ် ဒုံးကျည်သည် ပဲ့ထိန်းစနစ်ပါရှိသော ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူးကို ကမ္ဘာတစ်ပတ် လှည့်လည်သယ်ဆောင်ကာ ထို့နောက်တွင် တရုတ်နိုင်ငံထဲမှ ပစ်မှတ်ဆီသို့ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ  ဟိုက်ပါဆောနစ် လက်နက်သည် ပစ်မှတ်နှင့် မိုင် ၂၀ ကျော်အကွာမှ လွဲချော်သွားခဲ့သည်ဟု သိရသည်။

သို့ရာတွင် ပို၍အံ့အားသင့်စရာကောင်းသည့်အချက်မှာ ၎င်းဒုံးကျည်ထိပ်ဖူးသည် တောင်ဘက်မှတရုတ်နိုင်ငံဆီသို့ ဦးတည်ပျံသန်းနေစဉ် သီးခြားဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး ၎င်းင်းဒုံးကျည်သည် တစ်ဟုန်ထိုး ပျံသန်းသွားပြီးနောက် တောင်တရုတ်ပင်လယ်ထဲသို့ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေဘဲ ကျရောက်သွားခဲ့သည်ဟု သိရသည်။

ဒုံးလွှတ်ယာဉ်သည် တစ်နာရီလျှင် ၃,၈၃၅ မိုင်အထက်ရှိသည့် အသံလွန်နှုန်းဖြင့် သွားလာနေချိန်တွင် ဒုံးကျည်ပစ်လွှတ်မှုကို ပြုလုပ်ခဲ့ခြင်းကြောင့် အံ့အားသင့်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ယင်းဒုံးလက်နက်ကို မည်သို့မည်ပုံ အသုံးပြုနိုင်ဖွယ် ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း တရုတ်အနေဖြင့် အမေရိကန်စစ်တပ်အတွက် မဟာဗျူဟာ စိန်ခေါ်မှုအဖြစ် လျင်လျင်မြန်မြန် ရောက်ရှိလာသည့် အခြေအနေကို ထင်သာမြင်သာ ရှိစေခဲ့သည်။

တရုတ်သည် နျူကလီးယား ဒုံးကျည်ထိပ်ဖူးများနှင့် ရေငုပ်သင်္ဘောနှင့် မြေပြင်မှ ပစ်လွှတ်သည့် သမားရိုးကျ ပဲ့ထိန်းဒုံးကျည်များကို တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်ဟု ပင်တဂွန်က ဆိုသည်။


READ NEXT
Cancel OK