Top News

အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေစဉ် အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေ
24htopnews | October 14, 2024 10:12 AM CST

အစ္စရေးတွင် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းကို ကာကွယ်တားဆီးနိုင်ရန် ကြိးပမ်းသည့်အနေဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး အလွန်ငယ်ရွယ်သည့် ကလေးငယ်များကို ၎င်းကာကွယ်ဆေး ထိုးနှံပေးသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်လာခဲ့သည်။

နွေရာသီကာလအတွင်း အစ္စရေးသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ရာအား ဖြည့်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို အစောဆုံး စတင်ခဲ့သည့် နိုင်ငံများထဲတွင်လည်း ပါဝင်ခဲ့သည်။

ကူးစက်မှုများ ပြန်လည်မြင့်တက်လာနေပြီး အစ္စရေးသည် ကလေးငယ်များအကြား ဖြစ်ပွားနေသည့် ကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်နေရသည်ဟု ဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်က ဆိုသည်။ မကြာသေးမီက တွေ့ရှိခဲ့သည့် အတည်ပြုလူနာ ထက်ဝက်ခန့်သည် အသက် ၁၁ နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။

အာဏာပိုင်များသည် အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်များကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီ ဖြစ်သော်လည်း Pfizer ကုမ္ပဏီက လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ပြီးချိန်နှင့် အစ္စရေး သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က ထောက်ခံချက်ပေးပြီးနောက်တွင် ကာကွယ်ဆေး ထိုးနှံပေးနေသည့် ကန့်သတ်ချက်ကို လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပိုမိုငယ်ရွယ်သည့် ကလေးငယ်များကို နိုဝင်ဘာ ၂၃ ရက်တွင် တရားဝင် စတင်ထိုးနှံပေးမည် ဖြစ်သော်လည်း နိုဝင်ဘာ ၂၂ ရက် ညပိုင်းကတည်းက ကာကွယ်ဆေးများ ထိုးနှံပေးနေပြီဖြစ်ကြောင်း တဲအဗစ်မြို့ရှိ AFP သတင်းထောက်များက ဆိုသည်။

“ကပ်ရောဂါကာလအတွင်း ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် အကောင်းဆုံးလက်နက်ဟာ ကာကွယ်ဆေး ထိုးနှံပေးခြင်းသာ ဖြစ်တယ်” ဟု ကလေးငယ်များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထို်းနှံပေးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းသို့လုပ်ဆောင်ရန် ဆုံးဖြတ်မှုသည် မလွယ်ကူသော်လည်း ယခုလအစောပိုင်းတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည့် အမေရိကန် ပြည်ထောင်စုမှ ရရှိသော အချက်အလက်များက မိမိတို့ကို ယုံကြည်မှုရှိစေခဲ့သည်ဟုလည်း ၎င်းကပြောသည်။

ဝန်ကြီးချုပ် ဘန်းနက်၏ အငယ်ဆုံးသားဖြစ်သူသည်လည်း နိုဝင်ဘာ ၂၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုခံယူရန် စီစဉ်ထားသည်ဟု ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ယမန်နှစ်တွင် ကာကွယ်ဆေး ထိုးနှံမှုများကို အစောဆုံး စတင်နိုင်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။ ကာကွယ်ဆေး၏ ထိရောက်မှု အာနိသင်နှင့် ပတ်သက်သည့် အချက်အလက်များကို Pfizer ကုမ္ပဏီနှင့် အပြန်အလှန် ဖလှယ်မှုမှ ရရှိခဲ့သည့် သဘောတူညီချက်ကြောင့် ကာကွယ်ဆေးပမာဏ သန်းနှင့်ချီရရှိခဲ့သည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ လူဦးရေ ၉ သန်းတွင် ၅.၇ သန်းကျော်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်သည်။ အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁.၃ သန်းရှိသည်။


READ NEXT
Cancel OK