လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မူလရည်မှန်းထားသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို ရောက်ရှိစေမည့် လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း ကရင်အမျိူးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
လေးလကျော်ကြာ ရပ်နားထားသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်နေပြီး အဆိုပါ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းဟာ မူလက ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီ ဖြစ်ပါတယ်” ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
ထို့ကြောင့် အဆိုပါအချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ပြန်လည်တည့်မတ်ရန် အထူးလိုအပ်နေကြောင်း အကယ်၍ ထိုသို့ လမ်းကြောင်း အပြောင်းအလဲဖြစ်ရန် လိုအပ်လာပြီဆိုပါကလည်း NCA မှ ပေးထားသော အချက်များနှင့် သွေဖည်ခြင်း မရှိစေဘဲ ပါဝင်သူ အားလုံးအကြား အကြေအလည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
“လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အနေအထားကနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးနိုင်ဖို့ လိုအပ်နေတယ်လို့လည်း ကျွန်တော်တို့ KNU နဲ့ RCSS တို့က ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အကြားမှာ အကြေအလည် ညှိနှိုင်းဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး (Extra-ordinary Meeting) တစ်ရပ် လိုအပ်နေပြီဖြစ်လို့ အခုလို ခေါ်ယူတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
ယခု ပြုလုပ်နေသည့် PPST အစည်းအဝေးကို မတ် ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသော အချက်များအား ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေဆွေးနွေးခြင်း PPST အဖွဲ့အား ပြုပြင်ပြောင်းလဲခြင်း စသည့်ကိစ္စရပ်များအား အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး