Top News

အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
24htopnews | November 20, 2024 3:12 PM CST

ကမ္ဘာတစ်ဝန်း လူတစ်သန်းကျော် ကူးစက်ခံထားရသော ကိုရိုနာဗိုင်းရပ်စ်သည် သာမန် အသက်ရှူမှုမှတစ်ဆင့် ကူးစက်နိုင်မည်ကို စိုးရိမ်မှုကြောင့် အမေရိကန်အားလုံး အပြင်ထွက်သည့်အခါ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းဝတ်ဆင်ကြရန် အစိုးရက ဧပြီ ၄ တွင် အကြံပြုပြောကြားခဲ့သည်။

COVID-19 ကြောင့် တစ်ရက်အတွင်း ၁,၄၈၀ သေဆုံးခဲ့ပြီးနောက် အမေရိကန်အစိုးရ၏ အကြံပြုချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ကုန်စုံဆိုင်ကဲ့သို့ နေရာများတွင် ခွဲစိတ်ခန်းသုံးမဟုတ်သည့် နှာခေါင်းစည်းကို အမေရိကန်လူဦးရေ သန်း ၃၃၀ လုံးက ဝတ်ဆင်ကြရန် အစိုးရက ထောက်ခံအကြံပြုသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ရှိနေသူ အများအပြားသည် ရောဂါလက္ခဏာ မပြခဲ့သောကြောင့် နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အကြံပြုရေးအတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ခွဲစိတ်ဆရာဝန်ဦးစီးချုပ် ဂျရုန်းအဒမ်က ပြောကြားခဲ့သည်။ သို့သော် လူအချင်းချင်း ခွာခွာကင်းကင်း နေထိုင်ကြရန် အရေးကြီးကြောင်း ၎င်းက သတိပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူများအသက်ရှူသည့်အခါ ဖြစ်ပေါ်လာသော မြူမှုန်ငယ်များအတွင်း တည်ရှိနိုင်ကြောင်း မကြာသေးခင်က သုတေသနများတွင် တွေ့ရှိခဲ့မှုကို အမေရိကန်အမျိုးသားကျန်းမာရေးသိပ္ပံ၏ ကူးစက်ရောဂါဌာန ဥက္ကဋ္ဌ အန်ထိုနီဖော်စီက ထောက်ခံခဲ့ပြီးနောက် အစိုးရက နှာခေါင်းစည်းတပ်ရန် အကြံပြုချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ ချောင်းဆိုး၊ နှာချေမဟုတ်ဘဲ လူများ စကားပြောရုံနဲ့တောင် ဗိုင်းရပ်စ်က ကူးနိုင်တယ်လို့ သုတေသနတွေက ညွှန်ပြနေပါတယ်” ဟု ဖော်စီက Fox News သို့ ပြောကြားခဲ့သည်။

ပြည့်စုံလုံလောက်ခြင်း မရှိသေးသော်လည်း ကိုရိုနာဗိုင်းရပ်စ် သုတေသနများအရ ဗိုင်းရပ်စ်သည် သာမန်အသက်ရှူမှုမှတစ်ဆင့်ပင် ကူးစက်နိုင်ကြောင်း တွေ့ရှိရသည်ဟု အမေရိကန်အမျိုးသားသိပ္ပံ အကယ်ဒမီက ဧပြီ ၁ တွင် အိမ်ဖြူတော်သို့ စာရေးသားပေးပို့ခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာက တရုတ်တွင် စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် နှာချေ၊ ချောင်းဆိုးမှတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပို၍ သတိထားပြောကြားခဲ့ပြီး လေမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အချို့ဆေးကုသမှုဆိုင်ရာ အခြေအနေတွင်သာ ဖြစ်ပွားသည်ဟု သိရှိထားကြောင်း ပြောကြားခဲ့သည်။

နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အမေရိကန်၏ ထောက်ခံအကြံပြုချက်က အမေရိကန်နှင့် ဥရောပတွင် နှာခေါင်းစည်း ပြတ်လပ်နေမှုကို ပို၍ဆိုးရွားစေမည်ဖြစ်သည်။

စပိန်တွင် ဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ဥရောပသည် ဧပြီ ၃ ရက်အထိ အချိန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဥရောပတွင် ဗိုင်းရပ်စ်၏ရိုက်ခတ်မှုသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိကျော်လွန်ခဲ့ဖွယ်ရှိကြောင်း လက္ခဏာများလည်း ရှိလာခဲ့သည်။

ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံနေရသော အီတလီတွင် ဧပြီ ၃ က သေဆုံးသူ ၇၆၆ ရှိခဲ့ပြီး ကူးစက်မှုနှုန်းမှာ ၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့၍ အနှေးဆုံးနှုန်းဖြစ်ခဲ့သည်။ လူအချင်းချင်း ခွာခွာနေထိုင်ခြင်း စည်းမျဉ်းများကို တင်းကျပ်စွာ ကျင့်သုံးခဲ့မှုအတွက် ချီးကျူးခံရသော ဂျာမနီတွင် ကူးစက်မှုနှုန်းသည် ယခင်ရက်များကထက် နှေးကွေးခဲ့သည်။


READ NEXT
Cancel OK