ပြည်ထောင်စုလွှတ်တော် နာယက အနေဖြင့် အကျင့်သိက္ခာနှင့် မညီသည့်အလုပ်များ လုပ်လာပါက Impeachment လုပ်၍ရကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
မတ် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၂၆၁ နှင့် ပတ်သက်ပြီး တင်သွင်းထားမှုအား ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် ယင်းပုဒ်မ ပြင်ဆင်ရန်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၂၀၀၈ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဆက်လက်ဆွေးနွေးရန် အစီရင်ခံစာ တင်သွင်းခဲ့မှုအပေါ်တွင် တပ်မတော်သား ကိုယ်စားလှယ်က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်ယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က “ Impeachment လုပ်လို့ရတယ်။ နာယက တစ်ယောက်က နာယကရဲ့ အကျင့်သိက္ခာနဲ့ မညီတဲ့အလုပ်တွေကို လုပ်လာပြီဆိုရင် Impeachment လုပ်လို့ရတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ဗိုလ်မှူးချုပ် မောင်မောင်က ဦးသိန်းထွန်း တင်သွင်းသော ပုဒ်မ ၂၆၁ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ နှင့်အညီ တင်သွင်းလာခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ တင်သွင်းလာသည်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ ဥပဒေကြမ်းကော်မတီများ ပူးပေါင်းထားသည့် ကော်မတီကနေ စိစစ်ရမည် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “ကျွန်တော်တို့က ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ တင်သွင်းထားတယ်။ ဒီလို တင်သွင်းထားမှုက ဆက်လက်ပြီးတော့ ဥပဒေနဲ့အညီပဲ ဆွေးနွေး ဆောင်ရွက်သွားရမှာ။ ဒီလိုဆွေးနွေး ဆောင်ရွက်သွားမယ့် ကိစ္စကိုမှ အသစ်ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကို လွှဲမယ်ဆိုရင် ကျွန်တော်တို့က လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၅ နဲ့မညီဘူး။ အခုလက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကက ဒုတိယ သက်တမ်းအရ တာဝန်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ မှာ ဖော်ပြထားတာက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌကို တာဝန်က ပြန်လည် ရုပ်သိမ်းလို့ရတဲ့ အချက် လေးချက် ဖော်ပြထားတယ်။ အဲဒီ ၂၁ (ခ)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ခြင်းဆိုတဲ့ အချက်ပါတယ်။ ဒီလိုဟာမျိုး တွေ့လာပြီဆိုရင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ မှာက လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌကို တာဝန်က ပြန်လည် ရုပ်သိမ်းမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ရဲ့ လေးပုံ တစ်ပုံကနေ လက်မှတ်ရေးထိုးပြီးတော့ တင်သွင်းရတယ်။ ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းမယ်ဆိုရင် ဒုတိယဥက္ကဋ္ဌထံ တင်ရတယ်။ ဒုတိယဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းမယ်ဆိုရင် ဥက္ကဋ္ဌထံ တင်ရတယ်။ ဥက္ကဋ္ဌရော၊ ဒုတိယ ဥက္ကဋ္ဌရောက် ရုပ်သိမ်းမယ်ဆိုရင် လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်ရမယ်ဆိုပြီးတော့ ဖော်ပြထားတယ်။ အဲဒီလိုပဲ ၁၁၆၊ ၁၁၇ မှာ လွှတ်တော်ဥက္ကဋ္ဌတို့ ဒုတိယဥက္ကဋ္ဌတို့ကို တာဝန်က ရုပ်သိမ်းနိုင်တဲ့ ပုဒ်မတွေ ဆက်လက် ပြဋ္ဌာန်းထားတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ဥပဒေနဲ့အညီ ရပ်တည်တယ်။ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေ ရှိနေတယ် ဆိုရင်တော့ ဥပဒေက ပေးအပ်ထားတဲ့ ဥပဒေပုဒ်မတွေနဲ့အညီ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်တယ်။ ကျွန်တော်တို့ စပြီးတင် ကတည်းက ဥပဒေနဲ့အညီ တင်ခဲ့တယ်။ အခု ၄၅ ဦးအဖွဲ့ကို စပြီးဖွဲ့တော့မယ် ဆိုတော့လည်း ဥပဒေနဲ့မညီပါဘူးလို့ ကျွန်တော်တို့က ကန့်ကွက်ခဲ့တယ်။ သို့သော်လည်းပဲ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ သူတို့လုပ်သွားတယ်။ လုပ်သွားတာကိုမှ ကျွန်တော်တို့အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ ဥပဒေအတိုင်းကို တင်တယ်။ ဒီဥပဒေအတိုင်းကို ဆွေးနွေးကြမယ်။ မဲခွဲဆုံးဖြတ်ကြမယ်”ဟု ပြောကြားသည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး