၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေသည် ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်ပြီး လက်ထပ်ထိမ်းမြားနိုင်သည့် အသက်အရွယ် သတ်မှတ်ချက်အား ၁၈ နှစ်သို့ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် အမျိုးသားလွှတ်တော် ကော်မတီက သုံးသပ်အကြံပြုထားသည်။
မတ် ၆ ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းကော်မတီ၏ အစီရင်ခံစာတွင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအပေါ် သုံးသပ်အကြံပြုချက်များ အနေဖြင့် ကလေး သူငယ်၏အသက်နှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အသက်အရွယ် သတ်မှတ်ချက်အား ၁၈ နှစ်သို့ ပြောင်းလဲပြင်ဆင် သတ်မှတ်ရန်၊ ခွဲခြားမှုမရှိခြင်းဆိုသည့် အဓိပ္ပာယ်အား ကလေးသူငယ်ကို အကြမ်းဖက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ဆိုသည်ကို ပိုမိုပြည့်စုံစွာ အဓိပ္ပာယ်ဖွင့်ဆိုရန်၊ မွေးဖွားခြင်းအတွက် မှတ်ပုံတင်ခြင်းကို ပိုမိုကျယ်ပြန့်စွာ ဖော်ပြရန်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် အရေးယူ လုပ်ဆောင်ချက်များ၊ လုပ်ငန်းယန္တရားများ၊ လိုအပ်သည့် အရင်းအမြစ်များ စီစဉ်ထားရှိမှု ဝန်ဆောင်မှုများနှင့် အချက်အလက်များ စုဆောင်းထားရှိမှုတို့ကို သေချာစေရန်၊ မွေးစားခြင်းအတွက် ပိုမိုပြည့်စုံသော အချက်များထည့်သွင်းရန်၊ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခကို ဥပဒေတွင်ထည့်သွင်းရန်၊ ပြစ်မှုကျူးလွန် ခံရသော ကလေးသူငယ်နှင့် ကလေးသူငယ် သက်သေကို ဥပဒေတွင်ထည့်သွင်းရန်၊ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်၏ အသက်ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းအတိုင်း အသက်ခုနစ်နှစ်မှ ၁၂ နှစ်သို့ တိုး မြှင့်သတ်မှတ်ရန်၊ ပြစ်မှုကျူးလွန်သော ကလေးသူငယ်များအခန်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်းတို့အား လက်ရှိဥပဒေများကို သုံးသပ်ကာ ပိုမိုပြီးရှေ့နောက် ညီညွတ်မျှတစွာ ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေသည် ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ ပြင်ဆင်ရေးဆွဲ သောဥပဒေသည် ကလေးသူငယ်အခွင့်အ ရေးကော်မတီ၏ သုံးသပ်ချက်များနှင့် ဌာနဆိုင်ရာ အပါအဝင် ဆက်စပ်ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ အကြံပြုချက်များ ကိုထည့်သွင်းကာ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားအတွက်ကို ရည်မျှော်လျက် ရေးဆွဲရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ဥပဒေပြုပြီးနောက် စိစစ်ခြင်း ကနဦး အစီအစဉ် ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လက်ရှိမူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များကို အထိရောက်ဆုံး နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) ပါ ပြဋ္ဌာန်းချက်များနှင့် ပိုမိုညီညွတ်စေရန်၊ ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ်ဥပဒေ၏ အကျိုးသက်ရောက်မှုကို လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိ စိစစ်ရန်၊ ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေထားသည့် နည်းဥပဒေအား ကျင့်သုံးခြင်း ရှိ၊ မရှိ စိစစ်ရန် ရည်ရွယ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး