တပ်မတော်အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုပေးခြင်း (Impunity) မူဝါဒကို ကျင့်သုံးလျက်ရှိသည် ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ပြီး အသေးအဖွဲ ပြစ်မှုကျူးလွန်ခြင်းများကိုပင် လက်ခံခြင်း မရှိသည့် (Zero-tolerance) မူဝါဒကို လက်တွေ့ကျင့်သုံးနေသည့် တပ်မတော်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေက ပြောကြားသည်။
မတ် ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဇီးကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ထွန်း တင်သွင်းသော OIC၊ EU နှင့် UNHCR တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးရေး ထောင်ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်းဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်းဖြင့် စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေး စီမံဆောင်ရွက်သွားပါရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးရာတွင် တပ်မတော်သားကိုယ်စားလှယ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံတွင် အထူးသဖြင့် တပ်မတော်တွင် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုပေးခြင်း (Impunity) မူ ၀ါဒကို ကျင့်သုံးလျက်ရှိသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ပြီး တပ်မတော်သည် ပြစ်ဒဏ်ကင်းလွတ်နေမှုကို လုံးဝလက်ခံခြင်း မရှိဘဲ အသေးအဖွဲပြစ်မှု ကျူးလွန်ခြင်းများကိုပင် လက်ခံခြင်း မရှိသည့် (Zero-tolerance) မူဝါဒကို လက်တွေ့ကျင့်သုံးနေသည့် တပ်မတော် ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုးရွှေက ပြောကြားသည်။
ထို့ပြင် FFM အစီရင်ခံစာအပိုဒ် ၁၅၇၉ တွင် ဖော်ပြထားသည့် အချက်များသည် ဥပဒေကြောင်းအရ မှားယွင်းဖော်ပြချက်များဖြစ်ပြီး အယူခံခွင့်မရှိဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်သည် အပြီးအပြတ်ဖြစ်သည်ဆိုသည့် အချက်သည် လုံးဝမှားယွင်းပြီး စစ်ဘက်တရားစီရင်ရေးတွင် အယူခံသည့် လုပ်ငန်းစဉ်များ ရှိသည်ကို လေ့လာသိရှိခြင်း မရှိဘဲ တစ်ဖက်သတ် စွပ်စွဲရေးသား ဖော်ပြထားကြောင်း၊ လူသတ်မှု၊ ရာဇဝတ်ပြစ်ဒဏ် ထိုက်သော လူသေမှု၊ မုဒိမ်းမှုများကို ကျူးလွန်သည့် တန်းပြည့်စစ်မှု ထမ်းဆောင်နေသော တပ်မတော်သားများကိုသာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ယင်းပြစ်မှုများကို တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်သည့်အချိန်တွင် ကျူးလွန်ပါက နယ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးရမည့် အခြေအနေများကို လေ့လာသိရှိထားခြင်း မရှိကြောင်းနှင့် တပ်မတော် အက်ဥပဒေသည် ယနေ့ခေတ်ရောက်မှ တပ်မတော်အလိုကျ ရေးဆွဲထားခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် တပ်မတော် အက်ဥပဒေဖြစ်ကာ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတို့တွင် စစ်ဘက်တရားစီရင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းစွာ ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော်၏ အဆင့်လိုက် ကြီးကြပ်ကွပ်ကဲမှုစနစ်ကို FFM က ၎င်းတို့လိုသလို ကောက်ချက်ဆွဲ ရေးသားပြီး တပ်မတော် အကြီးအကဲများကို ကြီးကြပ်ကွပ်ကဲမှုအတွက် တာဝန်ရှိသဖြင့် အပြစ်ရှိကြောင်း FFM ၏ အချက်အလက်ရှာဖွေရေး တာဝန်ကို ကျော်လွန်ပြီး သက်သေအထောက်အထား ခိုင်မာမှုအရ စီရင်ဆုံးဖြတ်ထားသော တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ဆန်ဆန် ရေးသားဖော်ပြမှုသည်လည်း ကြိုတင်စီစဉ်ထားသည့် အစီရင်ခံစာ တင်ပြမှု တစ်ခုဖြစ်သည့်အပြင် တပ်မတော်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရသော အမှန်တရားကို မစူးစမ်းဘဲ အဂတိတရား မလိုမုန်းထားစိတ်ဖြင့် ရေးသားဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သား ကိုယ်စားလှယ်က ပြောကြားသည်။
ထို့ပြင် FFM အစီရင်ခံစာအပိုဒ် ၁၅၇၃၊ အပိုဒ် ၁၅၇၄၊ အပိုဒ် ၁၅၇၆ တို့တွင် ရေးသားဖော်ပြ ထားချက်များသည် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုပြုပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေး အရေးယူမှု အခြေအနေများအား ပံ့ပိုးပေးခဲ့သော်လည်း အသိအမှတ်ပြု ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ တစ်ဖက်သတ် ရေးသားဖော်ပြခဲ့ကြသည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့၏ အစီရင်ခံစာအပေါ် မူတည်၍ ရေးသားဖော်ပြခြင်းဖြစ်ပြီး ပကတိ အခြေအနေနှင့် လုံးဝကင်းကွာလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ၎င်းက ပြောကြားသည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး