အခြေခံဥပဒေ အခန်း(၁) နှင့် ပတ်သက်၍ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ပြင်ဆင်ချက် တင်သွင်းခြင်းမရှိကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်၌ မတ် ၇ ရက် ကပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် အခြေခံဥပဒေ အခန်း (၁) နှင့် ပတ်သက်၍ ပြင်ဆင်လိုသည့်အချက်များ တင်သွင်းကြရာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များက ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်း မရှိကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များထံမှ သိရသည်။
“ဒီနေ့မှာတော့ ပါတီတွေဘက်က အခြေခံမူမှာပါတဲ့ ပုဒ်မ ၁ က ၄၈ အထိ သူတို့ ပြင်ဆင်လိုတဲ့ဟာတွေကို တင်ပြကြတယ်။ အခန်း(၁) အခြေခံမူများပေါ့။ အကုန်မပြီးဘူး သုံးပုံ တစ်ပုံလောက်ပဲ တင်ပြကြတယ်။ ပုဒ်မ ၁၂ လောက်ထိပဲ ပြီးသွားတယ်။ ဒါကို မှတ်တမ်း တင်တယ်။ ကျန်တာ ဘာမှမလုပ်ဘူး။ တပ်ကတော့ အခြေခံမူတွေကို ဘာမှပြင်စရာမလိုဘူး ဆိုတဲ့ သဘောမျိုးနဲ့ ဘာမှမတင်ဘူး။ ပြည်ခိုင်ဖြိုးပါတီကလည်း မတင်ဘူး” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပြင်ဆင်ချက် တင်သွင်းထားခြင်း မရှိသော်လည်း အခြားပါတီများ၏ ပြင်ဆင်ချက်များအပေါ်တွင် ဆွေးနွေးမှုများ ရှိခဲ့ပြီး လွှတ်တော်သို့ တင်သည့်အခါတွင်လည်း မည်သည့်အတွက်ကြောင့် ပြင်ဆင်ချက် မရှိရခြင်းကို ကျိုးကြောင်း ဖော်ပြချက်အနေဖြင့် ပါဝင်လာနိုင်ကြောင်း ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
“လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ဆွေးနွေးတာတွေကိုတော့ ပြောလို့မရဘူးပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ ကနေစပြီးတော့ ဆွေးနွေးပါပြီ။ ပုဒ်မတစ်ချို့ တစ်ဝက်လောက် ရောက်ပြီပေါ့။ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ၊ ကျန်တဲ့ပါတီတွေက ကိုယ်စားလှယ်တွေ တက်တက်ကြွကြွ ဆွေးနွေးကြပါမယ်။ တစ်နေ့တစ်နေ့ ဆွေးနွေးချက်တွေကို မှတ်တမ်းတင် အတည်ပြုထားပြီး ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ပြင်ဆင်ချက် တင်သွင်းထားခြင်း မရှိပါဘူး။ အခြားပါတီတွေရဲ့ ပြင်ဆင်ချက်တွေ အပေါ်မှာလည်း ဆွေးနွေးမှုတွေ ရှိပါတယ်။ လွှတ်တော်ကို တင်တဲ့အခါကျရင်လည်း ဘာကြောင့်မို့ ပြင်ဆင်ချက် မရှိရလဲဆိုတာ ကျိုးကြောင်းဖော်ပြချက် အနေနဲ့ ပါဝင်လာနိုင်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ယင်းနေ့ အစည်းအဝေးတွင် ပြင်ဆင်ချက် တင်သွင်းသည်များမှ တူညီသော စုစည်းရသည့် အချက်များကို စုစည်း၍ စုစည်းမရသည်များကို သီးခြားမှတ်တမ်းအဖြစ် ထားရှိကာ ပုဒ်မ ၁၃ ခုခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ အဆင်ပြေပြေဖြင့် မှတ်တမ်းပြုနိုင်သည်ဟု ပြော၍ ရကြောင်းနှင့် ပြင်ဆင်ချက် မတင်ခြင်းသည်လည်း မူလအတိုင်း ထားမည်ဆိုသည့်အဓိပ္ပာယ် သက်ရောက်ကြောင်း NLD ပါတီမှ ဦးအောင်ကြည်ညွန့်က ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ကိစ္စကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုတို့အား တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး