Top News

ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အလွတ်သဘော တွေ့ဆုံခဲ့ပြီး တစ်ဆို့နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး နည်းလမ်းရှာနိုင်ခဲ့ဟု RCSS အတွင်းရေးမှူး ပြောကြား
24htopnews | June 13, 2024 3:12 PM CST

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သော ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် မတ် ၉ ရက်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲတွင် တစ်ဆို့နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

လက်ရှိရင်ဆိုင်နေရသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေမှုအား မည်သို့အဆင်ပြေအောင် ဆောင်ရွက်ကြမည် ဆိုသည်ကို ယခု အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အဓိကနည်းလမ်း ရှားခဲ့ကြသည့် အနေအထားဖြစ်ပြီး အလွတ်သဘော ဖြစ်သည့်အတွက် နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထိုသို့ဆွေးနွေးရာတွင် နည်းလမ်းရှာဖွေ တွေ့ရှိခဲ့ပါသလားဟု မေးမြန်းမှုအပေါ် “အဲဒီလိုပဲ ပြောရင်လည်း ရပါတယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့ဗျာ။ ဘာကြောင့်လဲဆို ကျွန်တော်တို့ အများကြီး တည်ဆောက်နိုင်တဲ့ အနေအထားလေ။ ဒီဘက်က ဖြစ်ချင်နေတဲ့ အနေအထားနဲ့ ဟိုဘက်က ဖြစ်ချင်နေတဲ့ အနေအထားတွေက တော်တော်ကို နီးစပ်တယ်လို့ ပြောလို့ရတယ်။ ကောင်းမွန်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ဖြေကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုနည်းလမ်း အသေးစိတ်ကို ပြောမရသော်လည်း နှစ်ဖက်လက်ခံနိုင်သည့် နည်းလမ်းကို ဆွေးနွေးနေသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က တိတိကျကျ ပြောဆိုခြင်း မရှိသော်လည်း လက်ရှိ လုပ်ဆောင်နေသော အဆင့်များသည့် အဆိုပါ ညီလာခံ ပြန်သွားနိုင်ရေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“အခု ကျွန်တော်တို့ လုပ်နေတဲ့ အဆင့်က နောက်ဆုံး ဒီပင်လုံပဲ ပြန်သွားမှာကိုး။ အခု ကျွန်တော်တို့ တစ်ဆို့နေတဲ့ အပိုင်းတွေ ဘယ်လိုနည်းလမ်းရှာမလဲ။ ခုနက ပြောတဲ့ တရားဝင် အစည်းအဝေးတွေကနေ ဥပမာ UPDJC တို့၊ UPC တို့၊ ခုနက ပြောတဲ့ ၂၁ ရာစုပင်လုံကိစ္စ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို အကြမ်းဖျင်းတော့ ပြောဖြစ်ခဲ့ကြပါတယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် မတ် ၈ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အလွတ်သဘော သီးသန့်ဆွေးနွေးခဲ့ပြီး မတ် ၉ ရက်တွင် NCA-SEAO ၁၀ ဖွဲ့နှင့် တွေ့ဆုံခဲ့ကာ မတ် ၁၀ ရက် (ယနေ့) တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် တွေ့ဆုံမည်ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် NCA ပါ ပြဋ္ဌာန်းချက်များကို အောင်မြင်အောင် အကောင်အထည် ဖော်လိုကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တင်ပြခဲ့ကြပြီး အဆိုပါအချက်သည် NCA အတိုင်း ဆောင်ရွက်မှသာ ရမည်ကို ဆွေးနွေးခဲ့ကြကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ထို့ပြင် အဆင့်ဆင့်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် တရားဝင် အစည်းအဝေးများ၊ အလွတ်သဘော တွေ့ဆုံပွဲများ များစွာဆောင်ရွက်ရန် လိုအပ်ပြီး ယခုပြုလုပ်ခဲ့သော အလွတ်သဘော တွေ့ဆုံမှုများသည် တိုးတက်မှု များစွာရှိကြောင်းလည်း ဦးလှမောင်ရွှေက ပြောကြားသည်။

လက်ရှိအချိန်တွင် KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားပြီး RCSS သည် ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားသည်။

KNU နှင့် RCSS တို့ ထိုသို့ယာယီ ရပ်ဆိုင်းထားသော အစည်းအဝေးများ ပြန်လည်တက်ရောက်ရေးနှင့် ပတ်သက်၍ မေလတွင် ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

 


READ NEXT
Cancel OK