Top News

ရခိုင်ပြည်နယ်အတွင်း နေရာသစ်များသို့ တိုက်ခိုက်လာသည့် ဖြစ်စဉ်များသည် ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုအတွက် လုံခြုံရေးအရ စိုးရိမ်ရသည့် အနေအထားဖြစ်လာခြင်းကြောင့် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေး
24htopnews | June 13, 2024 3:12 PM CST

ရခိုင်ပြည်နယ်အတွင်း နေရာသစ်များသို့ တိုက်ခိုက်လာသည့် ဖြစ်စဉ်များသည် ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုအတွက် လုံခြုံရေးအရ စိုးရိမ်ရသည့် အနေအထား ဖြစ်လာခြင်းကြောင့် နိုင်ငံတော်အကြီးအကဲများ တွေ့ဆုံ ဆွေးနွေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန- NRPC တွင် မတ် ၁၁ ရက်က ပြုလုပ်သည့် NRPC- RCSS ဆွေးနွေးပွဲအပြီးတွင် ရခိုင်တွင် ရဲကင်းစခန်းများ တိုက်ခိုက်ခံမှုများ ရှိနေပြီး ယင်းသို့ တိုက်ခိုက်ခံရသည့် နေရာများ၌ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မည်သို့ ဆောင်ရွက်မလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အခု ဒီမနက် ကျွန်တော်တို့ ဒီမှာ အစည်းအဝေးလုပ်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ လူကြီးတွေ အစည်းအဝေး လုပ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီက ဒီကိစ္စနဲ့ ပတ်သက်လို့ အထူးအလေးထားပါတယ်။ အထူးအလေးထားတယ် ဆိုတာက ရခိုင်ကိစ္စက အရင်တုန်းကတော့ မြောက်ပိုင်းကိစ ္စတစ်ခုထဲပေါ့။ အခုဟာက ကျန်တာတွေ ကူးစက်ပြီးတော့ ဖြစ်လာတဲ့ အနေအထားအသစ်က ရခိုင်ပြည်နယ်အတွက်ရော၊ ကျွန်တော်တို့ ပြည်ထောင်စုအတွက်ရော စိုးရိမ်စရာ အနေအထား ဖြစ်လာတယ်။ လုံခြုံရေးအရရော၊ ဖွံ့ဖြိုးရေးအရရော နောက် ကျွန် တော်တို့ရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအရပါ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာတော့ လူကြီးတွေ ပြန်လည်သုံးသပ်ပြီးတော့ အကောင်းဆုံး လုပ်ပါလိမ့်မယ်။ သူတို့လည်း ဆွေးနွေးညှိနှိုင်းနေတာတွေ ရှိပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှု ရှိလာနိုင်မလားဟု မေးမြန်းမှုကို ဦးဇော်ဌေးက “ဒါကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးအပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မှာပေါ့။ ၁၄၄ ထုတ်တာက ဒေသန္တရ အာဏာပိုင်တွေက ထုတ်ခွင့်ရှိပါတယ်။ ဥပဒေအရပေါ့။ သူ့ရဲ့ဒေသအတွင်းမှာ အခြေအနေ အကြောင်းကြောင်းအပေါ် မူတည်ပြီးတော့ ကန့်သတ်ချက်တွေ လုပ်လို့ရတယ်။ ၁၄၄ အရ။ ဒါတွေကတော့ ဒီအပေါ်မှာ ထုတ်တဲ့အပေါ်မှာ ပြည်နယ်အစိုးရ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေပေါ့၊ သူတို့ရဲ့ တင်ပြချက်တွေ၊ သူတို့ရဲ့ အကြံပြုချက်တွေ မူတည်ပြီး လုပ်သင့် မလုပ်သင့်ကတော့ ဖြစ်လာမှာပါ”ဟု ဦးဇော်ဌေးက ဖြေကြားသည်။

ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ တွေ့ဆုံရာတွင် AA အဖွဲ့ပါဝင်ခဲ့ပြီး အစိုးရအနေဖြင့် AA အဖွဲ့အား NCA တွင် ပါဝင် လက်မှတ်ရေး ထိုးရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် AA ပါဝင်လာပါက လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ်တွင် သက်ရောက်မှုရှိမည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေတယ်။ တစ်ဖက်မှာ အဲဒီလိုကြေညာချက်တွေနဲ့ ဆန့်ကျင်ပြီးတော့ ဒီလိုမျိုး တိုက်လာတဲ့အပိုင်းပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဒီဘက်က တပ်မတော်ရော၊ အစိုးရဘက်ကရော ဒီအပေါ်မှာ ပြန်သုံးသပ်တယ်။ သုံးသပ်ပြီးတော့ အဲဒါဆိုရင်တော့ AA အနေနဲ့ ဒီငြိမ်းချမ်းရေးပေါ့၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိုသွားဖို့ ကတိပြုဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့ ကတိကဝတ်ပြုဖို့ လိုတယ်ဆိုတဲ့ဟာ ဖြစ်သွားတာ”ဟု ဦးဇော်ဌေးက ပြောကြားသည်။

သောင်းကျန်းသူ စစ်ဆင်ရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ မည်သည့်ပုံစံ ဆက်ဖြစ်လာနိုင်မလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေးက “အစိုးရကတော့ ကိုယ်အုပ်ချုပ်မှုနယ်မြေပေါ့။ ကိုယ့်ရဲ့နိုင်ငံပိုင်တဲ့ နယ်မြေမှာတော့ ကိုယ့်ရဲ့အုပ်ချုပ်ရေး ယန္တရား တည်ငြိမ်အေးချမ်းရေးကိုတော့ ဆောင်ရွက်ရတာ ဖြစ်တယ်”ဟု ပြန်လည် ဖြေကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာစေရန် ဖိတ်ခေါ်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

 



 


READ NEXT
Cancel OK